ဆောင်းပါး

အကြမ်းဖက်ပစ်ခတ်မှုများအပြီး အခြေအနေနှစ်မျိုးဖြစ်လာသော ပဲခူး

ပဲခူးမြို့ ဆန္ဒပြသူတို့ ကြံ့ကြံ့ခံ စုဝေးခဲ့သည့် နေရာတစ်ခုဖြစ်သော မဂ္ဂတစ်ခံတပ်ကို ဖြိုခွင်းခဲ့သည်မှာ ရက် ၂၀ ကြာပြီဖြစ်သော်လည်း စစ်ကောင်စီတပ်များက ဆက်လက်တပ်စွဲထားကာ အရပ်သားများကို စစ်ဆေးဖမ်းဆီးနေဆဲဖြစ်ကြောင်း အလင်းရောင်ရပ်ကွက်အတွင်း နေထိုင်သည့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။  

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆံတော်တွင်းဘုန်းကြီးကျောင်း၊ ရွှေဘုန်းမြင့်ဘုန်းကြီးကျောင်း၊ မှော်ကန် ၁ လမ်းထိပ် စာသင်ကျောင်း၊ ပုဏ္ဏားစု ၁၂ လမ်းထိပ် စာသင်ကျောင်းတို့တွင် တပ်စွဲထားကာ လမ်းသွားလမ်းလာများကို စစ်ဆေးနေကြောင်း၊ အိမ်ထဲတွင် နေထိုင်လျှင်ပင် စိတ်မချရကြောင်း အဆိုပါ ဒေသခံအမျိုးသမီးက Myanmar Now ကို ပြောသည်။

“မိုးမလင်းခင် ဝင်ဖမ်းတာရှိတယ်၊ နေ့ခင်းကြောင်တောင် ဝင်ဖမ်းတာရှိတယ်၊ ညနေခင်း ညခင်းတွေ ဝင်ဖမ်းတာရှိတယ်။ နေ့စဉ်ရက်ဆက်ကို ဝင်ဖမ်းနေတာ” ဟု ၎င်းက ပြောသည်။ 

“ကိုယ့်အိမ်ကတစ်ယောက်က တော်လှန်ရေးမှာပါပြီဆိုတာနဲ့ မိသားစုလိုက်ကိုပြေးရတော့တာ။ သားကိုလာရှာလို့ မတွေ့ရင် အဖေတွေအမေတွေကို ခေါ်သွားတယ်။ တွေ့ရာလူကိုခေါ်တာ။ ကလေးတွေကအစ ဖမ်းခေါ်သွားတာ”

နေ့စဉ် အနည်းဆုံး ၁ ဦး မှ ၃ ဦးအထိ ဖမ်းဆီးခံနေရသဖြင့် ထိန်းသိမ်းခံထားရသူပေါင်း ၅၀ ကျော် ရှိနေနိုင်သည်ဟု ၎င်းက ပြောသည်။  

နေ့စဉ်ရက်ဆက် နှိပ်ကွပ်မှုကို ရင်ဆိုင်နေရသည့် ရပ်ကွက်များတွင် နေထိုင်သူတို့သည် ဆက်လက်ရှင်သန်ရေး၊ ဖမ်းဆီးသတ်ဖြတ်ခံရမည့်ဘေးမှ ကင်းလွတ်ရေးတို့အတွက် ကြိုးပမ်းရတော့သည်။

လုံခြုံရာသို့ တိမ်းရှောင်ခြင်း

ပုဏ္ဏားစု၊ မှော်ကန်၊ ဆိုရှယ်လစ်၊ အင်းဝင်၊ ဥဿ၊ အလင်းရောင် စသည့်ရပ်ကွက်အတွင်းမှ နေထိုင်သူများ တိမ်းရှောင်နေကြသည်ဟုဆိုသည်။ 

တပ်စွဲထားသူတို့က နေ့စဉ် ဖမ်းဆီး၊ စစ်ဆေးနေသောကြောင့် အဆိုပါ ရပ်ကွက်အတွင်း​နေထိုင်သူတို့မှာ လုပ်ငန်းများ ရပ်ဆိုင်းထားရသည်။ ပိုမိုလုံခြုံသည့်ဒေသသို့ ရွှေ့ပြောင်းသွားကြသဖြင့် မဂ္ဂတစ်လမ်းမတန်းနှင့် ဆံတော်တွင်းလမ်းမတန်းတွင် နေထိုင်သူ ၆ ပုံ ၁ ပုံခန့်သာ ကျန်တော့သည်ဟု ဆိုသည်။

“ဒီဘက်အခြမ်းတစ်ခုလုံးကို ဖိနှိပ်ထားတုန်းပဲ။ လုံးဝ လုပ်စားကိုင်စားလို့မရဘူး။ စျေးသည်လည်း မရှိဘူး။ သူတို့က လူတွေကြားထဲ နေနေတဲ့အတွက်ရော၊ လမ်းသွားလမ်းလာတွေကို တားပြီး စစ်တာတွေရော ရှိတော့ လူတွေက အပြင်မထွက်ရဲကြတော့ဘူး”

ဌာနဆိုင်ရာရုံးများရှိသည့် ရွှေမော်ဓောဘုရားဘက်ခြမ်းနှင့် ပဲခူးစျေးကြီးဘက်အခြမ်းများတွင်မူ ပုံမှန်အတိုင်း လည်ပတ်နေပြီး ပဲခူးမြို့ နှစ်ခြမ်းကွဲနေသည်ဟု ၎င်းက ပြောသည်။

“စျေးတွေလည်း ပုံမှန်ထွက်ကြတယ်။ လက်ဖက်ရည်ဆိုင်တွေ ဘာတွေဆိုလည်း သူ့ဘာသာ ပုံမှန်လည်ပတ်တယ်။ အဲ့ဒီဘက်မှာကျတော့ အစိုးရရုံးတွေ များတယ်လေ။ ထွေအုပ်ရုံးလည်း ရှိတော့ ပုံမှန်တော့ လည်ပတ်နေတာပေါ့”

ပစ်မှတ်ထားခံနေရသူတို့မှာ နွေဦးတော်လှန်ရေးတွင်ပါဝင်သူ၊ ခံတပ်ကာကွယ်သူတို့ကို အကူအညီပေးခဲ့သူများ ဖြစ်ဖွယ်ရှိသည်ဟု သူက ယူဆသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်း ဧည့်စာရင်းတိုင်ကြားရန် လိုက်လံခြိမ်းခြောက်ပြောဆိုနေသော်လည်း အန်တုသူ အများအပြားရှိကြောင်း ၎င်းက ပြောသည်။ 

“အလင်းရောင်၊ မှော်ကန်၊ ဆိုရှယ်လစ် အဲ့ဒီရပ်ကွက်တွေကတော့ ဧည့်စာရင်းမတိုင်ကြဘူး။ ဒါပေမယ့် ဝင်စစ်တာတွေတော့ရှိတယ်။ သူတို့ ဒေါသထွက်နေရင်တော့ ယောက်ျားလေးတွေ့ရင် တွေ့တဲ့ ယောက်ျားလေးဖမ်းသွားရော။ ဧည့်စာရင်းစစ်မယ်လို့ သတင်းသဲ့သဲ့ကြားတာနဲ့ ယောက်ျားလေးတွေက ရှောင်သွားရော”

မဇင်း၊ ဇိုင်းဂနိုင်း ကဲ့သို့သော ရပ်ကွက်များတွင်လည်း အဖမ်းအဆီးရှိတတ်သည်ဟု သူက ဆက်ပြောသည်။ 

ပဲခူးမြို့အတွင်း လမ်းမကြီးများတွင် ဆိုင်ကယ်စီးလာသူများကို တားဆီးစစ်ဆေးခြင်း၊ ဖုန်းများစစ်ဆေးခြင်းနှင့် ဖမ်းဆီးခြင်း တစ်ခါတစ်ရံ ရှိတတ်ကြောင်း၊ ပုဏ္ဏားစု၊ မှော်ကန်၊ ဆိုရှယ်လစ်၊ အင်းဝင်၊ ဥဿ၊ အလင်းရောင် စသည့်ရပ်ကွက်များမှအပ အခြားရပ်ကွက်များတွင် ပုံမှန်သွားလာလှုပ်ရှားမှုများ၊ ရောင်းဝယ်ဖောက်ကားမှုများရှိနေကြောင်း ပဲခူးမြို့ ဒေသခံတချို့ထံမှ သိရသည်။

ဖေဖော်ဝါရီလအတွင်း ပဲခူးမြို့လယ်တစ်နေရာတွင် တွေ့ရသော အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူများ

ပစ်မှတ်ထားခံရ

ပြည်တွင်းပြည်ပမှ မြန်မာပြည်သားများက မတ်လ ၂ ရက်နေ့ကို ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ပြီး ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြရာ ပဲခူးနှင့် ဝန်းကျင်မြို့များကလည်း ပါဝင်ခဲ့ကြသည်။ 

သို့သော်လည်း ကြမ်းကြမ်းတမ်းတမ်း ချေမှုန်းမှုတို့ကို ရှောင်ရှားနိုင်ရန် ပြောက်ကျားဆန္ဒပြပွဲမှုပုံစံကို ရွေးချယ်လာကြသည်။ 

ပဲခူးတွင် တာဝန်ကျသော စစ်သားများ၊ အဓိကရုဏ်းနှိမ်နင်းရေးရဲများသည် ဆန္ဒပြပြည်သူတို့ကို ချေမှုန်းရာတွင် အခြားသော ဒေသများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များထက် ပိုမိုရက်စက် ကြမ်းတမ်းခဲ့သည်ကို တွေ့ရသည်။

ဧပြီ ၉ မှ ၁၁ အထိ ပစ်ခတ်မှုအတွင်း ပဲခူးမြို့တွင် ၈၅ ဦးခန့် သေဆုံးကြောင်း လူမှုကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူများက ဆိုသည်။ 

ပစ်ခတ်မှုများမှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်အန်တုမှုအားကောင်းသည့် ရပ်ကွက်များတွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ပဲခူးမြို့ ပြင်စည်တွင် နေထိုင်သူတစ်ဦးကလည်း အုံတုမှုအားကောင်းခဲ့သည့် မဂ္ဂတစ်သည် ပစ်မှတ်အထားခံရဆုံး ရပ်ကွက်များထဲ ပါဝင်လာသည်ဟု ပြောသည်။ 

“အဓိကကတော့ တစ်မြို့လုံးကို စံပြဖြစ်အောင် လုပ်ထားတာဖြစ်တယ်။ စံပြအဖြစ် မဂ္ဂတစ်ကို အခုချိန်ထိ အပြင်းထန်ဆုံးဖိနှိပ်ပြထားတာပဲ။ ကျန်တဲ့နေရာတွေကိုလဲ ဖိနှိပ်တယ်၊ ဒါပေမယ့် မဂ္ဂတစ်ကိုတော့ စံပြအဖြစ် အပြင်းထန်ဆုံး ဖိနှိပ်ပြပြီး အကြောက်တရားဝင်အောင် လုပ်ပြနေတာပဲလို့ ယူဆတယ်” ဟု ပြင်စည်ဒေသခံက ပြောသည်။ 

Show More

Related Articles

Back to top button