ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့၌ ၄ ရက်ကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၃၀ နီးပါး ထိခိုက်သေဆုံးခဲ့ကြောင်း မင်းတပ်မြို့ခံများက Myanmar Now ကို ယနေ့ (ဧပြီ ၂၈) တွင် ပြောသည်။
“ပထမည (ဧပြီ ၂၄) တိုက်ပွဲမှာ ၃ ယောက်ကျတယ်။ ဒုတိယတိုက်ပွဲမှာက မြို့တွင်းမှာ ၄ ဦးကျတယ်။ မိုင် ၃၀၊ ဗျူဟာဘက်က တိုက်တာက ၁၃ ဦးကျတယ်။ မနေ့က တိုက်ပွဲမှာလည်း သူတို့ တော်တော်လေးကျတယ်။ ၁၀ ဦးထက်မနည်းကျတယ်” ဟု Chinland Defense Force (CDF) အဖွဲ့ဝင် မင်းတပ်မြို့ခံ လူငယ်ခေါင်းဆောင်တစ်ဦးက ပြောသည်။
ဧပြီ ၂၄ ရက်က မင်းတပ်မြို့လယ် ဗိုလ်ချုပ်ကြေးရုပ်အနီး စစ်အာဏာရှင်ဆန့်ကျင်ရေးစတစ်ကာကမ်ပိန်း ပြုလုပ်နေစဉ် ဖမ်းဆီးခံရသည့် လူငယ်များကို ပြန်လွှတ်ပေးရန် တောင်းဆိုရာမှတဆင့် စစ်ကောင်စီလက်နက်ကိုင်တပ်များနှင့် ဒေသခံများ အပြန်အလှန်စတင်ပစ်ခတ်ကာ လေးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ယမန်နေ့ (ဧပြီ ၂၇) မွန်းလွဲပိုင်းအထိ မင်းတပ်ဒေသခံများနှင့် စစ်ကောင်စီတပ်များ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းထားသူများ အပြန်အလှန်လှဲလှယ်ရန် စစ်ကောင်စီဘက်က စတင်ညှိနှိုင်းခဲ့သည်ဟု မင်းတပ် CDF အဖွဲ့ဝင် လူငယ်ခေါင်းဆောင်က ဆိုသည်။
မင်းတပ်မြို့အနောက်ဘက် မိုင် ၃၀ ခန့်အကွာတွင် ပိတ်မိနေသည့် စစ်ကောင်စီလက်နက်ကိုင် ၂၀ ဦး နှင့် ဖမ်းဆီးခံထားရသည့် မင်းတပ်မြို့ခံ လူငယ် ၇ ဦးကို လဲလှယ်ရန် ယမန်နေ့ညပိုင်းတွင် သဘောတူခဲ့ခြင်းဖြစ်ကြောင်း ညှိနှိုင်းရာတွင်ပါဝင်ခဲ့သူ အထက်ပါလူငယ်က ပြောသည်။
“၉ နာရီဝန်းကျင်လောက်မှာ အပေးအယူလုပ်ဖြစ်တယ်။ သူတို့လူတွေကိုလည်း ပြန်ခိုင်းတယ်။ သူတို့လူတွေကို မင်းတပ်မြို့ကနေ အောက်ဘက်ကို တစ်ခါတည်းဆင်းခိုင်းရမယ်ဆိုတဲ့ အပေးအယူနဲ့ လုပ်ခဲ့တယ်။ ညကတည်းကပဲ သူတို့လူတွေလည်း မင်းတပ်မြို့ကနေ ပြန်ထွက်သွားတယ်။ ကျွန်တော်တို့လူ ၇ ဦးလည်း ညက ပြန်လွှတ်ပေးတယ်” ဟု မင်းတပ် CDF အဖွဲ့ဝင် အဆိုပါလူငယ်ခေါင်းဆောင်က ပြောသည်။
မင်းတပ်ဒေသခံများနှင့် စစ်ကောင်စီလက်နက်ကိုင်များ တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် ပခုက္ကူနှင့် မတူပီမြို့များ မှ စစ်ကူလာသည့် စစ်ကောင်စီတပ်များကို ဒေသခံများက ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီဘက်တွင် အကျအဆုံးများခဲ့ခြင်းဖြစ်သည်။
ဧပြီ ၂၆ ရက်တွင် မတူပီမြို့မှ တပ်ကူပို့လာသည့် စစ်ကားသုံးစီးကို ဒေသခံများက မင်းတပ်မြို့အနောက်ဘက် မိုင် ၃၀ အကွာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်နက်ကိုင် ၁၀ ဦးခန့် သေဆုံးကာ ၂၀ ဝန်းကျင် ပိတ်မိနေခဲ့သည်ဟု သိရသည်။
ဧပြီ ၂၇ ရက်တွင်လည်း ပခုက္ကူမှ မင်းတပ်သို့ စစ်ကူလာသည့် စစ်ကား ၉ စီးကို မင်းတပ်မြို့မှ ၅ မိုင်နီးပါးအကွာတွင် ဒေသခံများက ပြောက်ကျားနည်းဖြင့် ကြားဖြတ်တိုက်ခဲ့ခြင်းဖြစ်သည်။
“ဧပြီ ၂၄ ရက်နေ့ညမှာ သုံးယောက်ထိတယ်။ ၂၅ မှာမထိဘူး။ ၂၆ မှာ ၁၇ ဦးဝန်းကျင် ထိတယ်။ ဘယ်နှယောက်ကျမှန်း မသိဘူး။ မနေ့ (ဧပြီ ၂၇)က နေ့ခင်း နှစ်ဦး၊ ညတစ်ဦးထိတယ်။ ၂၀ ကျော် ထိခိုက်ဒဏ်ရာရတယ်။ မနေ့က ရဲသားတစ်ယောက် အသုဘချတယ်။ အဲဒါ ၂၆ ရက်က ထိတဲ့ရဲသား” ဟု မင်းတပ်မြို့ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ နွေဦးဇလပ် (အမည်လွှဲ) က ပြောသည်။
လေးရက်ကြာတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးများသော်လည်း ဒေသခံ များ တစ်ဦးမျှ ထိခိုက်ဒဏ်ရာရမှုမရှိခြင်းမှာ နယ်မြေကျွမ်းကျင်ခြင်း၊ တူမီးသေနတ်အသုံးပြုမှု ကျွမ်းကျင်ခြင်းနှင့် စည်းလုံးမှု အားကောင်းခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“အမဲလိုက်နေတဲ့သူတွေဆိုတော့ နယ်မြေကျွမ်းကျင်တာ။ နောက်တစ်ခုကတော့ ခံယူချက် ယုံကြည်ချက်ပေါ့။ လက်ရှိအနေအထားထိ စည်းလုံးညီညွတ်ရေး အားကောင်းတယ်။ နယ်မြေလည်းကျွမ်းကျင်တယ်။ စည်းစည်းလုံးလုံး ချိတ်ဆက်ဆောင်ရွက်နိုင်တယ်” ဟုလည်း နွေဦးဇလပ်က ဆက်လက်ပြောကြားသည်။