သတင်း

ရခိုင်က စစ်ရှောင်စခန်းတချို့ မိုးမကျမီ ပြုပြင်ရန်လိုအပ်နေ

နှစ်နှစ်ကျော်ကြာ ရခိုင်ပြည်နယ်စစ်ပွဲအတွင်း နေရပ်စွန့်တိမ်းရှောင်သူတို့၏ စစ်ဘေးရှောင်စခန်းများရှိ အိမ်များမှာ ပျက်စီးယိုယွင်းနေသောကြောင့် မိုးမကျခင် အချိန်မီပြုပြင်ရန် လိုအပ်နေသည်ဟု စခန်းတာဝန်ရှိသူများထံမှ သိရသည်။

မြေပုံမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများဖြစ်သော စညှင်းစစ်ဘေးရှောင်စခန်းနှင့် ကန်းထောင်းကြီး စစ်ဘေးရှောင်စခန်းများတွင် ဝါးဖြင့် ပြုလုပ်ထားသည့် တဲအိမ်များဖြစ်သောကြောင့် အများစုမှာ ပျက်စီးနေကြောင်း၊ အကူအညီပေးရန် လိုအပ်နေကြောင်း ကန်းထောင်းကြီး စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးမောင်အေးသာက ပြောသည်။

“အိမ်တွေက ဆောက်လုပ်ထားတာ နှစ်လည်သွားတဲ့အနေအထားဖြစ်သွားပြီ။ ဝါးတွေနဲ့ အုန်းတွေနဲ့ လုပ်ထားတာဆိုတော့ အားလုံးပြို ပျက်စီးနေပြီ။ မိုးရာသီရောက်ရင် အခက်အခဲရှိမယ်။ အမိုးအကာတွေကလည်း မလုံခြုံဖြစ်လာတယ်။ ပြန်ပြီးပြုပြင်ရမယ့် အနေအထားဖြစ်နေတယ်” ဟု ဦးမောင်အေးသာက ပြောသည်။

“အလှူရှင်တွေလည်း အခုက ပြတ်နေကြတယ်။ ကျွန်တော်တို့ ကိုဗစ်ကာလကတည်းက ပြတ်သွားတာပါ။ ပရဟိတအဖွဲ့တွေကလည်း အလာလည်းအဆင်မပြေ။ အလားလည်းအဆင်မပြေ။ အဲဒီအထဲမှာတစ်ခါ တိုင်းရေးပြည်‌ရေးကလည်း မငြိမ်မသက်ဖြစ်တော့ ပိုပြီးအခက်အခဲဖြစ်သွားပါတယ်” 

ဒုက္ခသည်ဦးရေ ၁၀၂၆ ဦး‌ နေထိုင်လျက်ရှိသော ကန်းထောင်းကြီးစစ်ဘေးရှောင်စခန်းတွင် တဲအိမ်စုစုပေါင်း ၃၀၁ ဆောင်ရှိကာ ထိုအထဲမှ တဲအိမ် ၂၀ ခန့်သာ အနည်းငယ်အဆင်ပြေပြီး ကျန်တဲအိမ်အများစုမှာ ပျက်စီးယိုယွင်းနေသောကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များမှာ ဖြစ်သလိုနေထိုင်နေရသည်ဟု ၎င်းက ဆက်ပြောသည်။ 

မြေပုံမြို့နယ်ရှိ တစ်နှစ်ကျော်ကြာ ကိုယ်ထူကိုယ်ထရပ်တည်လာသည့် စညှင်းစစ်ဘေးရှောင်စခန်းတွင်လည်း အလားတူအခြေအနေ ဖြစ်ပေါ်နေသည်ဟု စခန်းတာဝန်ခံ ဆရာတော် သဘာဝနဒီက မိန့်သည်။

“နဂိုကတည်းက ဒီစခန်းသည်(စညှင်း) ကိုယ်ထူကိုယ်ထစခန်းတစ်ခုဖြစ်တယ်။ ဆိုတော့ ကိုယ်ထူကိုယ်ထစခန်းတစ်ခု ဖြစ်တာနဲ့အညီ ရပ်တည်လာတာလည်း တစ်နှစ်ကျော် နှစ်နှစ်ဝန်းကျင်လောက်ရှိပြီဆိုတော့ ပျက်စီးယိုယွင်းမှု ရှိတယ်။ လောလောဆယ် ဘတ်ဂျက်အဆင်မပြေမှုရှိတဲ့အတွက် ပြန်လည်ပြင်ဆင်မှုတွေ မလုပ်နိုင်ဖြစ်နေတယ်” ဟု မိန့်သည်။

စညှင်းစစ်ဘေးရှောင်စခန်းတွင် တဲအိမ်စုစုပေါင်း ၁၂၆ ဆောင်ရှိပြီး လူဦးရေ ၄၁၅ ဦးရှိသည်။ အဆိုပါ စစ်ဘေးရှောင်စခန်းကို အစိုးရက ခွင့်မပြုသည့်အတွက် ၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွင်းက ကိုယ်ထူကိုယ်ထတည်ထောင်ခဲ့သည့် စခန်းတစ်ခုဖြစ်သည်။

အဆိုပါစညှင်းစစ်ဘေးရှောင်စခန်းကို ၂၀၂၀ ဇန်နဝါရီ ၂၅ ရက်နေ့က တပ်မတော်သားများ ဝင်ရောက်မီးရှို့ ဖျက်ဆီးမှုကြောင့် တဲအိမ်အချို့ ပျက်စီးခဲ့ရသည်။ 

၂၀၂၀ ဇန်နဝါရီ ၂၇ ရက်နေ့တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး (ယခု ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်) ဗိုလ်မှူးကြီးမင်းသန့်၏ လက်မှတ်ဖြင့် အဆိုပါ စညှင်းစစ်ဘေးရှောင်စခန်း ကို တရားမဝင်စခန်းအဖြစ် စာထုတ်ပြန်ခဲ့သည်ဟု သိရသည်။ 

တဲအိမ်များပျက်စီးယိုယွင်းမှု ပြုပြင်ရန် ပြည်တွင်းပြည်ပအလှူရှင်များ၏ ထောက်ပံ့မှုမှာလည်း အင်တာနက်ပိတ်ခြင်းနှင့် ဘဏ်များပိတ်ထားခြင်းကြောင့် ရပ်တန့်နေသည်ဟု ဆရာတော်က ဆက်မိန့်သည်။

“တခြားစခန်းတွေလို့ ကမ္ဘာ့ကြက်ခြေနီကော်မတီ (ICRC)တို့၊ WFP တို့က မလာဘူးဆိုတာက ဒီစခန်းဟာ တဲအိမ်တွေပျက်စီးတာ ထားဦး။ နဂိုကတည်းက စားနပ်ရိက္ခာအတွက်ပါ ရုန်းနေရတာ။ စားနပ်ရိက္ခာတောင် အဆင်မပြေ” ဟု ဆိုသည်။

အဆိုပါစစ်ဘေးရှောင်စခန်းမှ စစ်ရှောင်များမှာ နေရပ်ပြန်လိုကြသော်လည်း ကျေးရွာအနီး မကြာခဏဆိုသလို စစ်ကျန်မိုင်းပေါက်ကွဲမှုများ ရှိနေပြီး စစ်တပ်ကလည်း တပ်စွဲထားသည့်အတွက် စိုးရိမ်ကြောက်လန့်ပြီး မပြန်ရဲဖြစ်နေကြသည်။ 

စညှင်းစစ်ဘေးရှောင်စခန်းတွင် လာရောက်ခိုလှုံနေသည့် ဒုက္ခသည်တစ်ဦးဖြစ်သူ ဦးလှစိုးမောင်ကလည်း “အပေါ်က အမိုးတွေကလည်း ပိုးစားလို့ မရှိတော့ဘူး။ ပျက်စီးနေတဲ့ တဲအိမ်တွေကို ပြန်လုပ်ချင်တယ်။ ပြန်လုပ်ဖို့ အမိုးအတွက် အုန်းလိုတယ်။ တာပိုလိန်စတွေလိုပါတယ်။ ဒီနေရာကနေပြန်ရင်လည်း လုပ်စားစရာလည်းမရှိ။ တပ်မတော်ကလည်း ရှိနေသေးတယ်ဆိုတော့ သွားဖို့လာဖို့ကလည်း အခွင့်အရေးမရသေးဘူး။ ဘယ်လိုအခြေအနေမျိုးမှာ ပြန်နိုင်မလဲဆိုတော့ တပ်မတော်က နောက်ဆုတ်သွားမှ ပြန်လို့ရမယ်“ ဟု ပြောသည်။

ထိုသို့ မပြန်လိုကြသော်လည်း ပြီးခဲ့သည့် ဧပြီ ၇ က ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ဘေးရှောင် ၆၀ ခန့်ကို စစ်ကောင်စီ၏ အစီအစဉ်ဖြင့် နေရပ်ရင်းရွာများသို့ ပြန်ပို့ခဲ့သည်။

ထိုသို့ ပြန်သွားရသည့် စစ်ဘေးရှောင်များကို အသုံးအဆောင်ပစ္စည်းများ၊ တစ်လစာ စားနပ်ရိက္ခာနှင့် တစ်အိမ်ထောင်လျှင် ငွေကျပ် ၅ သိန်းစီ စစ်ကောင်စီက ပေးခဲ့သည် ။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ဒုတိယပတ်မှစ၍ စစ်ဘေး‌ရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ဆောင်နေသည်ဟု စစ်ကောင်စီဘက်က ပြောဆိုထားသော်လည်း အများစုက နေရပ်မပြန်ရဲကြပေ။ 

ပြီးခဲ့သည့် ဧပြီ ၄ တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၌ စစ်ကျန်ဗုံးသီးဟောင်းပေါက်ကွဲရာ အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ကလေးနှစ်ဦး သေဆုံးခဲ့ပြီး ကျန်မိသားစုဝင်နှစ်ဦး ဒဏ်ရာရသွားခဲ့သည်။ 

မတ် ၁၇ က မီးလောင်ပျက်စီး ဆုံးရှုံးသွားသည့် မြောက်ဦးမြို့နယ်ရှိ တိမ်ညိုစစ်ဘေးရှောင်စခန်းရှိ တဲအိမ်ပေါင်း ၆၀၀ ကျော်ကို ပြည်တွင်းပြည်ပအလှူငွေများဖြင့် စာရေးဆရာဝေဟင်အောင်က ကူညီပြီး လာမည့် မေလအတွင်း အားလုံး အပြီးအစီး ဆောက်လုပ်ပေးသွားမည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား နှစ်နှစ်ကျော်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း၊ ချင်းပြည်နယ် ပလက်ဝနှင့် စစ်တွေ စသည့်မြို့နယ်များတွင် စစ်ဘေးရှောင်စခန်း စုစုပေါင်း ၁၄၀ ကျော်ရှိသည်။

လက်ရှိတွင် ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာ စစ်ဘေးရှောင်ဦးရေ တစ်သိန်းခြောက်သောင်းကျော်ရှိနေသည်ဟု စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းအရ သိရသည်။

Show More

Related Articles

Back to top button