သတင်း

မြင်းခြံ အမှတ် ၆ ခံတပ် ထပ်မံဖြိုခွင်းခံရပြီး နှစ်ဦး ဒဏ်ရာရ 

အာဏာသိမ်းစစ်တပ်က ယမန်နေ့ကတည်းက ဖြိုခွဲနေသော မြင်းခြံမြို့၊ အမှတ် ၆ ရပ်ကွက် လမ်းမတော်ခံတပ်ကို ယနေ့နံနက်ပိုင်းက အင်အားအလုံးအရင်းဖြင့် စီးနင်းပစ်ခတ်ရာ ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရရှိထားသည်။ 

မြင်းခြံမြို့တွင် အင်အားအတောင့်တင်းဆုံးဖြစ်သည့် ထိုခံတပ်ကို အရုဏ်တက်ချိန်၌ ပြန်လည်တည်ဆောက်ရာ စစ်အုပ်စု၏ လက်နက်ကိုင်တို့က နံနက် ၇ နာရီမှစ၍ စီးနင်းကြောင်း၊ နံနက်  ၁၀ နာရီခွဲဝန်းကျင်အထိ ပစ်ခတ်ဖြိုခွဲနေဆဲဖြစ်ကြောင်း သိရသည်။

ဒေသခံ အမျိုးသားနှစ်ဦးသည် လည်ပင်းနှင့် ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိထားကြောင်း၊ လည်ပင်းထိမှန်သူမှာ ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများအဆိုအရ သိရသည်။

“တပ်က အမှတ် ၆ ရပ်ကွက် ကြားလမ်းတွေထဲထိ ဝင်ပစ်တယ်။ လမ်းပေါ်ထွက်တာနဲ့ အကုန်ပစ်နေတာ။ ဘာမှ စစ်ဆေးမေးမြန်းခြင်းကို မရှိဘဲနဲ့ ပစ်နေတာ။ လက်ရှိ မြင်းခြံရဲ့ လုံခြုံရေးအခြေအနေက စိုးရိမ်ရေမှတ်ရဲ့ အောက်ဆုံး၊ သုညအောက်ထိ ရောက်နေပြီ” ဟု မြင်းခြံမြို့ခံတစ်ဦးက ပြောသည်။

ထို့ပြင် အမှတ် ၆ ရပ်ကွက်နှင့် လမ်းမတော်လမ်းတလျှောက်ရှိ နေအိမ်များကို စစ်တပ်က ယနေ့မနက်ပိုင်းမှစ၍ တစ်အိမ်တက်ဆင်း ဝင်ရောက်ရှာဖွေနေသည်။

အနီးတဝိုက်ကျေးရွာများဖြစ်သည့် လေးအိမ်တန်းကျေးရွာ၊ ကျောင်းကုန်းကျေးရွာများအထိ လိုက်လံပစ်ခတ်နေသည်ဟု ဒေသခံတချို့က ပြောသည်။ 

လမ်းမတော်ခံတပ်ကို ယမန်နေ့ ညနေ ၆ နာရီမှ ည ၁၀ နာရီကျော်အထိ လေးနာရီကျော်ကြာ အင်အားအလုံးအရင်းဖြင့် ပစ်ခတ်ဖြိုခွဲခဲ့ပြီး ၁၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ပြည်သူ ၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟုဒေသခံတစ်ဦးက ပြောသည်။ 

အာဏာသိမ်းစစ်တပ်၏ လက်နက်ကိုင်များက “အမှတ် ၆ ခံတပ်ကြီးရယ်၊ နေပါဦး၊ ပစ်လို့ကောင်းနေတုန်း” ဟု  ကြွေးကြော်ပြီး လက်နက်ကြီးများအပါအဝင် တပ်အင်အား ၂၀၀ ကျော်ဖြင့် ယမန်နေ့ ညပိုင်းက ဖြိုခွဲခဲ့ခြင်းဖြစ်သည်ဟု အမှတ် ၆ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။ 

ခံတပ်အပြင် နေအိမ်များကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ပြီး နေအိမ် ၃ လုံးတွင် ကျည်ထိမှန်ခဲ့သော်လည်း ဒဏ်ရာရသူ မရှိခဲ့ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။ 

လက်နက်ကိုင်တပ်များ၏ အကြမ်းဖက်ပစ်ခတ်မှုများကြောင့် အမှတ် ၆ ရပ်ကွက်မှ ထောင်နှင့်ချီသည့် ဒေသခံများ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

မြင်းခြံပင်မသပိတ်မှ ခေါင်းဆောင်များသည် အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြောင်း ဧရာဝတီမြစ်တွင် လှေများဖြင့် ယနေ့ ချီတက်ဆန္ဒပြခဲ့ကြစဉ်။ (ဓာတ်ပုံ-ပေးပို့)

ဒေသခံများက ရိုးရာလက်လုပ်တူမီးသေနတ်များ၊ ဖန်ဂေါ်လီထည့်ပစ်ရသည့် လက်လုပ်ဂက်စ်သေနတ်များဖြင့် ပြန်ခုခံနေပြီး အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရသူများရှိသော်လည်း အရေအတွက်မသိရသေးကြောင်း ဒေသခံများက ပြောသည်။ 

ယူနီဖောင်းဝတ်မထားသည့် စစ်သားတချို့က လူနေရပ်ကွက်များအတွင်း ဆိုင်ကယ်ဖြင့် ရောက်လာပြီး လိုက်လံပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးသည်။ 

မြင်းခြံမြို့တွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုများကြောင့် သေဆုံးရသည့် အရပ်သားပြည်သူ ၂၃ ဦး ရှိလာပြီဖြစ်သည်။ 

အမှတ် ၆ ရပ်ကွက်အပြင် မြင်းခြံမြို့ အမှတ် ၃ ရပ်ကွက်၊ အမှတ် ၄ ရပ်ကွက်တို့ကိုလည်း ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်ပစ်ခတ်နေသည်။ 

“ဒီနေ့ ပစ်ခတ်နေတာက တိုင်းရင်းသားနယ်မြေတွေမှာ နယ်မြေရှင်းလင်းရေးလုပ်တဲ့ ပုံစံမျိုးကို လုပ်နေတာ” ဟု မြင်းခြံမြို့ အခြားဒေသခံတစ်ဦးက ပြောသည်။ 

ယနေ့မနက်ပိုင်းက အမှတ် ၆ ရပ်ကွက်တွင် ပြုလုပ်သည့် အရုဏ်ဦးသပိတ် လူစုခွဲချိန်တွင် စစ်တပ်က ဝင်လာပြီး ဖြိုခွဲရာ ဆန္ဒပြသူများ ရှောင်တိမ်းလွတ်မြောက်သွားသော်လည်း ဆိုင်ကယ်များကို လက်နက်ကိုင်များက သိမ်းဆည်းသွားကြောင်း အဆိုပါ ဒေသခံက ပြောသည်။

မြင်းခြံအမှတ် ၆ ပင်မခံတပ်ကို ပစ်ခတ်ဖြိုခွဲမှုများ လုပ်ဆောင်နေသော်လည်း ပင်မသပိတ်မှ ခေါင်းဆောင်များသည် ကျေးလက်သပိတ်စစ်ကြောင်းနှင့် ပူးပေါင်းပြီး အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဧရာဝတီမြစ်တွင် လှေများဖြင့် ချီတက်ဆန္ဒပြခဲ့ကြသေးသည်။ 

Show More

Related Articles

Back to top button