အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သပိတ်ကျင်းမြို့ ကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်

တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် နိုင်ငံအလယ်ပိုင်းမှ မြို့တစ်မြို့ကို စစ်ကောင်စီတပ်က လက်ကျန်တပ်များမှတဆင့် အင်အားဖြည့်ကာ ပြန်လည်ထိုးဖောက်ရယူရန် ကြိုးပမ်းခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏တပ်များထိန်းချုပ်ထားသော မန္တလေးတိုင်း သပိတ်ကျင်းမြို့ကို စစ်ကောင်စီတပ်က အင်အားအလွန်အကျွံသုံးကာ မြေပြင်၊ ဝေဟင်ဖြင့် ထိုးစစ်ဆင်၍ မြို့တစ်ဝက်ကို သိမ်းလိုက်ပြီဖြစ်ကြောင်း မြေပြင်စစ်ရေးရင်းမြစ်များနှင့်ဒေသခံများက ပြောကြသည်။

သပိတ်ကျင်းမြို့ဆေးရုံအပါအဝင် မြို့နေအများစုကို စစ်ကောင်စီတပ်က သိမ်းယူထားပြီး တိုက်ပွဲဆက် ပြင်းထန်နေသည်ဟု ထိုနေရာတဝိုက် စစ်ရေးလှုပ်ရှားသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခုထံက သိရသည်။

“သပိတ်ကျင်းမြို့ရဲ့ ပြည်သူ့ဆေးရုံနေရာအနားထိ စစ်ကောင်စီတပ်ဖွဲ့တွေရောက်လာပြီဆိုတာတော့ ကြား ရတယ်။ (မြို့) တစ်ခုလုံးသိမ်းနိုင်၊ မသိမ်းနိုင်တော့ ဒီနေ့နောက်ဆုံးအခြေအနေအထိ မသိရသေးဘူး ။ သပိတ်ကျင်းရဲ့မြို့တစ်ဝက်လောက်ကို သိမ်းမိထားတယ်ဆိုတာမျိုးတော့ ကြားထားတယ်”ဟု အမည် မဖော်လိုသူ စစ်ရေးရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။

သပိတ်ကျင်းမြို့ဆေးရုံသည် မြို့အရှေ့ဘက်တွင်တည်ရှိပြီး လေးမိုင်ကျေးရွာဘက်မှ လာပါက ဆေးရုံကို ဖြတ်သန်းကာ မြို့တွင်းဝင်ရောက်ရမည်ဖြစ်သည်။

သပိတ်ကျင်းမြို့စစ်ရေးအခြေအနေ သိရှိသူ တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးကလည်း မြို့ကို လက်လွှတ် လိုက်ရသောအခြေအနေ ရှိကြောင်း ဆိုသည်။ 

“မနေ့ညကတည်းကပါသွားတယ်၊ ၄ မိုင်ဘက်ကနေ ဖောက်ဝင်သွားတာ”ဟု အထက်ပါ တော်လှန်ရေး တပ်ဖွဲ့ဝင်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်နေ့ ဝန်းကျင်ကတည်းက သပိတ်ကျင်းမြို့နှင့် ၄ မိုင်အကွာ ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် ယမန်နေ့(ဇူလိုင်  ၂၂) ညပိုင်းတွင် စစ်ကောင်စီတပ်များ သပိတ်ကျင်းမြို့ကို စီးနင်းနိုင်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ကြားနေရပါတယ်၊ အတည်ပြုနိုင်ဖို့ လုပ်နေတုန်းပါ”ဟု သပိတ်ကျင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။

ယမန်နှစ် ဩဂုတ်လဆန်းက သပိတ်ကျင်းနယ်အတွင်း စစ်စခန်းများသိမ်းပိုက်ရရှိစဉ်က တွေ့ရ သော PDF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-MDY PDF)

သပိတ်ကျင်းတိုက်ပွဲအခြေအနေနှင့်ပတ်သတ်ပြီး ဒေသခံအသက် ၄၀ အရွယ်အမျိုးသမီးတစ်ဦးကလည်း ထိုသို့ကြားသိရကြောင်း၊ ယနေ့အထိ တိုက်ပွဲဖြစ်နေကြောင်း ဆိုသည်။ 

“ မနေ့ညကအထိ မြို့တစ်ဝက် မြစ်ကမ်းဖက်တွေ (စစ်တပ်က) ပြန်သိမ်းနိုင်တယ်လို့တော့ကြားတယ် ။ တိုက်ပွဲ ဆက်ဖြစ်နေတုန်းပဲ”ဟု ၎င်းက ပြောသည်။

သပိတ်ကျင်းမြို့ပေါ်သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်၏တိုက်ခိုက်မှုကို  NUG ၏ အမှတ် (၁) ၊ (၂) စစ်ဒေသတပ်ရင်းများ၊ မိုးကုတ်ဗျူဟာ၊ သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ ပြင်ဦးလွင်ခရိုင်တပ်ရင်းများဖြစ်သော အမှတ်(၅၀၉)၊ (၅၁၀) ၊ (၅၁၂) စသည့် တပ်ရင်းများက ပြန်လည် ခုခံတိုက်ခိုက်နေကြသည်ဟု သိရသည်။

၇ မိုင်ကျေးရွာအရှေ့ဘက်တွင် NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF) ၊ အမှတ် (၁၂၂၂) တပ်ရင်းတို့ အခြေစိုက်လှုပ်ရှားကြသည်။ 

ယမန်နေ့ နံနက်အစောပိုင်းက မန္တလေးရေဆိပ်မှထပ်မံစစ်ကူထွက်လာသည့် စစ်သင်္ဘော ၆ စီးသည် ညနေတွင် သပိတ်ကျင်းမြို့အနီး မြစ်ကမ်းဘေးတွင် ကျောက်ဆူးချကာ ကမ်းကပ်ခဲ့သည်ဟု သိရပြီး သပိတ်ကျင်းသို့ စစ်ကူလာသည်ဟု ယူဆရသည်။

သပိတ်ကျင်းမြို့တွင် စစ်ကောင်စီက လေကြောင်းပစ်ကူယူကာ မြေပြင်အင်အားအလွန်အကျွံသုံး၍ ထိုးစစ်ဆင်လာမှုကို တော်လှန်ရေးအင်အားစုများအားလုံး ခုခံနေကြသည်ဟု တိုက်ပွဲဝင်နေသည့် အမှတ် (၁၂၂၂) တပ်ရင်း သတင်းတာဝန်ခံက ဇူလိုင်၂၀ ရက်နေ့က Myanmar Now ကို‌ ပြောထားသည်။

“သူတို့ လေကြောင်းပစ်ကူယူပြီး မြေပြင်မှာအင်အားအများအပြားသုံးပြီး ထိုးစစ်ဆင်နေတာဟုတ်တယ်။ ဒီအခြေအနေအားလုံးကို ကျွန်တော်တို့ ညီညီညွတ်ညွတ်ကိုင်တွယ်ဖြေရှင်းနေပါတယ်လို့ ပြောချင်ပါတယ် ။ မကြာခင်မှာ သတင်းကောင်းတွေချပြနိုင်အောင်ကြိုးစားနေပါတယ်”ဟု  ၎င်းက ဆိုသည်။

ယမန်နှစ် ဩဂုတ်၂၅ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တပ်များနှင့် ပူးပေါင်းတပ် များသည်  မန္တလေးမြို့နှင့် မိုင် ၈၀ ကျော်အကွာ ရွှေတွင်းများကြောင့်နာမည်ကျော်သည့် သပိတ်ကျင်းမြို့ အပါအဝင် မြို့နယ်တွင်းစစ်စခန်းအများအပြားကို သိမ်းယူနိုင်ခဲ့သည်။

သို့သော် အမှတ်(၂) စစ်အခြေခံလေ့ကျင့်ရေးတပ်၊ ကျောက်ကြီးနည်းပညာတပ်၊ တကက၁၃ ခေါ် အမှတ် (၁၃) တန်းမြင့်လေ့ကျင့်ရေးကျောင်းရှိသည့်  ၇ မိုင်ကျေးရွာနှင့်တွင်းငယ်ကျေးရွာအနီး စစ်တပ်စခန်းများ ကျန်ရှိနေခဲ့သည်။

စဉ့်ကူးနှင့်သပိတ်ကျင်းမြို့တို့ကို တော်လှန်ရေးတပ်များ ထိုးစစ်ဆင်ခဲ့သည့်အချိန်အတွင်း အထက်ပါတပ် စခန်း ၃ ခုသို့ စစ်ကောင်စီတပ်များ တပ်ဆုတ်သွားကြရာ အင်အား ပြန်လည်စုစည်း၍ သပိတ်ကျင်းနယ် အတွင်း ပြန်လည်ထိုးဖောက်ခဲ့ကြခြင်း ဖြစ်သည်။

ထိုလက်ကျန်တပ်များသည် အိမ်ခြေ ၁၀၀၀ ခန့်ရှိသော တိုက်နယ်ကျေးရွာကြီးဖြစ်သော တွင်းငယ်ကို ၂၀၂၄ နိုဝင်ဘာ ၁၆ ရက်နေ့တွင် ထိုးစစ်ဆင်ပြီး ဒီဇင်ဘာလဆန်းတွင် ပြန်လည်ရယူသွားခဲ့ရာမှ တိုက်ပွဲ များစတင်ခဲ့သည်။ 

ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ကြသည့်  မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း လေတပ်က ယခုနှစ် မတ်လမှ စတင်ကာ မကြာခဏဗုံးကြဲခဲ့၍ သေဆုံးသူ ဆယ်ချီရှိခဲ့သည်၊ အများအပြားနေရပ်စွန့် ထွက်ပြေးခဲ့ကြရသည်။

ထို့နောက် မကြာသေးမီရက်ပိုင်း ၄ မိုင်၊ ၅ မိုင်၊ ၆ မိုင်ကျေးရွာတို့ကို တော်လှန်ရေးအဖွဲ့လက်ထဲမှ သိမ်းယူ နိုင်ခဲ့ပြီး မြို့ကိုတဖြည်းဖြည်းချဉ်းကပ်လာနိုင်ပြီး သပိတ်ကျင်းမြို့ပေါ်အထိ စစ်တပ်ရောက်လာခြင်းဖြစ် သည်။

သပိတ်ကျင်းစစ်ရေးအခြေအနေပြမြေပုံ။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် စာမျက်နှာများတွင် သပိတ်ကျင်းမြို့ကို စစ်ကောင်စီဘက်က ပြန်လည်၍ အလုံးစုံထိန်းချုပ်နိုင်ပြီဟု ရေးသားနေကြသည်ကို တွေ့ရသည်။ တော်လှန်ရေးတပ်များခြေကုပ်ယူထား သည့် မြို့ဦးတောင် ဘုရားကုန်း၊ ပြည်သူ့ဆေးရုံ၊မြို့တော်ခန်းမအပါအဝင်နေရာအများစုကို ထိန်းချုပ်နိုင် သည်ဟု ရေးသားထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန MOD ၏ တုံ့ပြန်ချက်မရသေးပေ။ 

စစ်ကောင်စီသည် မန္တလေးမြို့၏ မြောက်ဘက်အစွန်ကျသည့် သပိတ်ကျင်းမြို့ကို အင်အားသုံးထိုးစစ် ဆင်ကာ ရယူရန်ကြိုးစားနေသကဲ့သို့ မန္တလေးမြို့၏အရှေ့မြောက်ဘက်က TNLAသိမ်းပိုက်ထားသည့် ရှမ်းပြည်နယ် နောင်ချိုမြို့ကိုလည်း အင်အားသုံးထိုးစစ်ဆင်ကာ သိမ်းပိုက်ခဲ့သည်။

၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးစာရင်းအရ မြို့ပေါ် ၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၂ စု ရှိကာ လူဦးရေ တစ်သိန်းလေးသောင်းကျော်နေထိုင်သည်။

သပိတ်ကျင်းမြို့နယ် မြောက်ပိုင်းတွင် ထီးချိုင့်၊ အရှေ့ဘက်တွင် တအာင်းတပ် (TNLA) သိမ်းထားသည့် မိုးကုတ်၊ မိုးမိတ်၊ တောင်ဘက်တွင် MDY PDF ထိန်းချုပ်သည့် စဉ့်ကူး၊ ဧရာဝတီမြစ်တစ်ဖက်ကမ်း အနောက်ဘက်တွင် လက်နက်ကိုင်ခုခံမှု အားကောင်းသည့် စစ်ကိုင်းတိုင်း ကန့်ဘလူ ၊ ခင်ဦးမြို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

အရည်အသွေးကောင်း ပတ္တမြား၊ နီလာ ထွက်ရှိရာ မိုးကုတ်နှင့် နယ်မြေချင်းထိဆက်နေသည့် သပိတ်ကျင်းမြို့နယ်တွင် အဖိုးတန် ရွှေလုပ်ကွက် အများအပြားရှိနေပြီး ထိုဒေသကို MDF PDF မသိမ်းပိုက်မီက စစ်တပ်နှင့် ဆက်နွှယ်သည့် ကုမ္ပဏီကြီးများက လုပ်ပိုင်ခွင့် ရရှိနေသည်။

မန္တလေးတိုင်းသည် မြန်မာ၏ ရွှေထုတ်လုပ်မှုစုစုပေါင်း၏ ၆၁ ရာခိုင်နှုန်းရှိပြီး သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာ၊ ပုသိမ်းကြီးဒေသတို့သည် ရွှေအများအပြားထွက်ရှိရာဒေသများဖြစ်သည်။

၂၀၂၀ အတွင်း သတ္တုတွင်းဦးစီးဌာနက ခွင့်ပြုပေးခဲ့သော သတ္တုတူးဖော်ရေးလုပ်ကွက်များအနက် သပိတ်ကျင်းမြို့နယ်၊ အုံးဇုံးဒေသ၌ အလတ်စားရွှေလုပ်ကွက်အဖြစ် မြေ ၄၆၄ ဒသမ ၇ ဧကရှိသော ရွှေလုပ်ကွက် ၂၅ ကွက်ကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အမည်ဖြင့် တူးဖော်ခွင့် ပြုထားသည်။

Related Articles

Back to top button