သတင်း

သပိတ်ကျင်းရှိ  PLA သိမ်းထားသော စခန်းများကို စစ်ကောင်စီ ပြန်တိုက်ယူ

သပိတ်ကျင်းမြို့နယ်ရှိ လက်ကျန် စစ်ကောင်စီ ၃ တပ်က အင်အားစုစည်း ထိုးဖောက်နေသလို လေကြောင်း ပစ်ကူများကြောင့် တွင်းငယ်ကျေးရွာမှ စခန်းတချို့ကို စွန့်လွှတ်လိုက်ရသည်ဟု PLA က ပြောသည်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ တွင်းငယ်ကျေးရွာစခန်းတချို့ကို စစ်တပ်က အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်သဖြင့် ယမန်နေ့ (ဒီဇင်ဘာ ၅) တွင်  ဆုတ်ခွာပေးလိုက်ရသည်ဟု ပြည်သူ့လွတ် မြောက်ရေးတပ်မတော် (PLA) က ပြောသည်။

ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ကပ်လျက် တွင်းငယ်ကျေးရွာသည် မန္တလေးတိုင်းနှင့်ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ချိတ်ဆက်ထားရာ မန္တလေး-မိုးမိတ်လမ်းနှင့် ကချင်ပြည်နယ်ဘက်သို့ တက်ရာ မန္တလေး- မြစ်ကြီးနားလမ်းတို့ ဆုံရာတွင် တည်ရှိသောကြောင့် အချက်အချာကျသည်။ 

တော်လှန်ရေးအင်အားစု  သိမ်းပိုက်ထားသည့် သပိတ်ကျင်းမြို့၏ မြောက်ဘက် ၂၆ မိုင်ကျော်အကွာရှိ တွင်းငယ်ရွာကို ဩဂုတ်လ ၁၇ ရက်ကတည်းက PLA က တိုက်ခိုက် သိမ်းပိုက်ထားပြီး ရွာအနီးရှိ အမှတ် (၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)ကို ၃ လနီးပါး ပိတ်ဆို့ထားခဲ့သည်။

မြေပြင်၊ ဝေဟင်ထိုးစစ်များကြောင့် တွင်းငယ်ရဲစခန်းအပါအဝင် စခန်းတချို့ကို ဆုတ်ခွာ ပေးလိုက်ရသော်လည်း PLA တပ်များ အနီးဝန်းကျင်တွင် ဆက်ရှိနေမည်ဖြစ်ကြောင်း PLA တပ်မှ သတင်း ပြန်ကြားရေးတာဝန်ခံ အမျိုးသမီးက ပြောသည်။

“တွင်းငယ်က ဟုတ်ပါတယ်၊ နောက်ကို နည်းနည်းဆုတ်ပေးလိုက်ရတယ်။ မြို့ပေါ်မှာတော့ ကျွန်မတို့ တပ်တွေ မရှိတော့ဘူး။ ဆုတ်ပေးလိုက်ရတယ်။ ဒါပေမယ့် တွင်းငယ်ဧရိယာတစ်ခုလုံးကိုတော့ သူတို့ (စကစ) သိမ်းနိုင်တာမဟုတ်ဘူး။ ကျွန်မတို့ တပ်တွေဆက်ရှိနေဆဲပါ” ဟု သူက ပြောသည်။


သပိတ်ကျင်းဒေသတွင်း သတင်းရင်းမြစ်များအဆိုအရ TNLA သည် ပြည်သူများဘေးအန္တရာယ်ကင်းရေး အတွက် ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ရှိကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း တွင်းငယ်ဘက်တွင် အားနည်းသွားပြီး  PLA တပ် များသာ ကျန်ရှိနေချိန်  ထိုးစစ်ဆင်ခံရခြင်း ဖြစ်သည်ဟု သိရသည်။

“ တအာင်းကကြတော့ သူတို့  ငြိမ်းချမ်းရေးဆွေးနွေးဖို့ တံခါးဖွင့်ထားတဲ့ ပုံစံမျိုးပြောတော့လေ တခြားဖိအားတွေလည်းရှိတော့  တအာင်းက  ဘာထိုးစစ်မှ မလုပ်ဘဲ ရပ်သလိုမျိုး ဖြစ်နေတာပေါ့” ဟု PLA သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ အဲဒီအချိန်မှာ သူတို့ (စစ်ကောင်စီတပ်)က အခွင့်ကောင်းယူပြီးတော့ ကုန်းကြောင်း၊ လေကြောင်းတွေနဲ့ ဝင်ကြရော၊ ဖိပြီးတော့ ထိုးစစ်ဆင်လာတာ အဲဒီအခါကြတော့ ကျွန်မတို့ကတော့ အကောင်းဆုံး တိုက်ပွဲ ဝင်နေတာပေါ့” ၎င်းက ဆက်ပြောသည်။

သပိတ်ကျင်းမြို့အခြေအနေနှင့်ပတ်သက်၍ PDF တပ်များက ဆက်ထိန်းချုပ်ထားသည်ဟုလတ်တလော နားလည်ရသည်။ 

“သပိတ်ကျင်းမြို့ပေါ်တော့ PDF က ထိန်းထားတယ်လို့သိရတယ်” ဟု PLA သတင်းတာဝန်ခံက ဆိုသည်။ 

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်စာမျက်နှာများတွင် တွင်းငယ်ကို ပြန်ရပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့် ဝေဝေ ဆာဆာဖော်ပြနေကြသည်။ 

အိမ်ခြေတစ်ထောင်ကျော်ရှိ တိုက်နယ်ရွာကြီးတစ်ရွာဖြစ်သည့်  တွင်းငယ်တွင် ရွာရဲစခန်းကို ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် အမျိုးသားညီညွတ် ရေးအစိုးရ NUG လက်အောက်ခံ တပ်များက ဇူလိုင်လအတွင်း သိမ်းပိုက်နိုင်ခဲ့သလို   ဩဂုတ် ၁၇ ရက်တွင် တအာင်းတပ်(TNLA),PLA နှင့်အတူ မဟာမိတ်တပ်ဖွဲ့များက တွင်းငယ်ရွာတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ခဲ့ သည်ဟု အသီးသီး ထုတ်ပြန်ထားကြသည်။ 

မန္တလေးမြို့နှင့် မိုင် ၈၀ ကျော်အကွာ ရွှေတွင်းများကြောင့် နာမည်ကျော်သည့် သပိတ်ကျင်းမြို့ရှိ နယ်မြေ အများစုကို   ဩဂုတ် ၂၅ ရက်နေ့တွင်  TNLA, PDF, PLA တော်လှန်ရေးတပ်များက သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီလက်ထဲတွင် တွင်းငယ်ကျေးရွာ အခြေစိုက် အမှတ် (၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)၊ ကျောက်ကြီးရွာ အခြေစိုက် စစ်စခန်းနှင့် ခုနစ်မိုင်ကျေးရွာအခြေစိုက် လျှပ်စစ်အင်ဂျင်နီယာတပ်တို့ ကျန် ရှိခဲ့သည်။

တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။

ထို့နောက် နိုဝင်ဘာလလယ် ၁၆ ရက်ခန့်တွင် ထိုတပ်များက မြေပြင်အင်အားများစုစည်းကာ ပြန်လည် ထိုးဖောက်ရန် ကြိုးပမ်းလာကြပြီး  တွင်းငယ်ရွာကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ 

ရက် ၂၀ အကြာ စစ်ကောင်စီ၏ထိုးစစ်အတွင်း နှစ်ဖက်တပ်များ အကျအဆုံးများရှိခဲ့သည်ဟု PLA က ဆို သည်။

အခြားဒေသများနည်းတူ တွင်းငယ်တွင်လည်း အရပ်သားများ ထိခိုက်ခဲ့သည်။

ကနဦးထိုးစစ်စတင်သည့် နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း နံနက် ၃ နာရီခန့်က စစ်ကောင်စီတပ် တွင်းငယ် ကျေးရွာသို့  စစ်ကြောင်းထိုးလာရာ တော်လှန်ရေးတပ်နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် နံနက် ၈ နာရီခန့်တွင်  လေယာဉ်က ဗုံးကြဲခဲ့ရာ တွင်းငယ်ကျေးရွာအနီး ရေညာဦးရွာမှ သားအမိနှစ်ဦး သေဆုံးခဲ့သည်။ 

လက်ရှိတွင် တွင်းငယ်ကျေးရွာ၌ စစ်ရေး ပြင်းထန်နေဆဲဖြစ်ပြီး၊ သပိတ်ကျင်းမြို့နယ်ရှိ လက်ကျန် ၃ တပ် အနီး နေ့စဉ် တိုက်ပွဲဖြစ်နေသည်ဟု PLA တပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံအမျိုးသမီးက ပြောသည်။

တိုက်ပွဲများကြောင့် တွင်းငယ်ကျေးရွာမှ ဒေသခံများနှင့် သပိတ်ကျင်းဒေသခံတစ်သောင်းကျော် စစ်ရှောင် ထွက်ပြေးနေကြရပြီး နေရပ်မပြန်နိုင်ဘဲအခက်အခဲမျိုးစုံဖြစ်ပွားနေသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ပြည်သူတွေကတော့ တတက-၁၃ နား တောထဲတွေတို့၊ နောက်အဲ့နားကရွာတွေတို့ တချို့လည်း မြို့ပေါ် ပြေးတဲ့သူ ပြေးလို့ ၊ပတ်ချာလည်ရှောင်နေကြရတာပေါ့နော်။ အတော်များများကတော့ (ရွာမှာ) မရှိကြ တော့ဘူး”ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီသည် သပိတ်ကျင်းမြို့နယ်တွင်သာမက မတ္တရာမြို့နယ်တွင်လည်း ယခင်လလယ်မှ စတင်ကာ ထိုးစစ်ဆင်နေသည်။
မတ္တရာအရှေ့ခြမ်းတွင် တော်လှန်ရေးအင်အားစုက နယ်မြေ ဆက်ထိန်း ထားနိုင်ခဲ့သော်လည်း မြို့နယ် အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးနယ်မြေအချို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ထားသည်။

သပိတ်ကျင်းမြို့ပေါ်ကို NUG အမှတ် (၁) စစ်ဒေသ PDF တပ်များက ထိန်းချုပ်ထားပြီး တောင်ဘက်ရှိ စဉ့်ကူးမြို့ကိုမူ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ထိန်းချုပ်ထားသည်။

နိုဝင်ဘာ ၁၆ က စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်များတွင် ဖော်ပြထားသည့် တွင်းငယ်ကျေးရွာအနီး မှ သိမ်းဆည်းရမိသော စစ်အသုံးအဆောင်နှင့် လက်နက်များ။

Show More

Related Articles

Back to top button