အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သပိတ်ကျင်းမြို့ ၃ ရက်ဆက် ဗုံးကြဲခံရ၊  ကလေးအပါအဝင် ၃၇ ဦးသေဆုံး

တစ်ရက်အတွင်း သပိတ်ကျင်းနယ်အတွင်းရှိ တော်လှန်ရေးစိုးမိုးနယ်မြေ ၂ ခုကို လေတပ်က ဗုံးကြဲခဲ့စဉ် ကလေး အပါအဝင် ၃၇ ဦးခန့်သေဆုံးသွားကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားပြီး ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ကြသည့်  မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် လေတပ်က ဧပြီ  ၁၈ ရက်နေ့က အစပြုပြီး   ၃ ရက်ဆက်တိုက်  ဗုံးကြဲရာ   ကလေးများအပါအဝင် အရပ်သား ၃၇ ဦး သေဆုံး၊ ဒဏ်ရာရသူ ၅၀ ကျော်ရှိသည်ဟု ဒေသခံများနှင့် စစ်ရေးသတင်းမြစ်များထံက သိရသည်။

ဧပြီ ၁၈ ရက်နေ့ က မန္တလေး-မိုးကုတ်ကားလမ်းပေါ်ရှိ  လိပ်ကျကျေးရွာကို   ဗုံးကြဲရာ ကလေးငယ်များအပါအဝင် ၁၃ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက Myanmar Now ကို ယင်းနေ့က ပြောသည်။

ရွာလယ်ပိုင်း လူစည်ကားသည့်ဈေးဆိုင်တန်းများအနီး ကြဲချခဲ့ခြင်းဖြစ်၍ အထိအခိုက် များပြားခဲ့ရကြောင်း၊ စစ်လေယာဉ်က စက်သေနတ်နှင့်လည်း ပစ်ခတ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ပြည်သူတွေတော်တော်ထိတယ်။ လိပ်ကျဘက်ကို ဒီနေ့ ၃ ကြိမ် ကြဲတယ်။ လေယာဉ်နဲ့လည်း ချတယ်။ ပွိုင့်ဖိုက်နဲ့လည်း အုပ်တယ်။ ပြည်သူတွေလည်း စည်နေတဲ့အချိန်ဆိုတော့ တော်တော်သေသွားတာ”ဟု ၎င်းက ပြောသည်။ 

အဆိုပါကျေးရွာကို ဧပြီ ၁၆ ရက် (သကြင်္န်အတက်နေ့)တွင်လည်း လေတပ်က ၂ ကြိမ်ဗုံးကြဲသည်၊ ထိုစဉ်က ထိခိုက်သူမရှိဟု သိရသည်။

ဧပြီ ၁၈ ညနေ ၄ နာရီခွဲခန့်က သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာလမ်းခွဲဝန်းကျင်ကို  ဗုံး ၂ လုံးကြဲချရာ လူအထိအခိုက်မရှိကြောင်း၊ ဓာတ်တိုင်တစ်တိုင်လဲကျခဲ့ကြောင်း သိရသည်။

ပုံစာ-သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာ ဗုံးကြဲခံရပြီး သေဆုံးသွားသူတို့၏ မိသားစုဝင်များ ငိုကြွေးနေကြစဉ်။ (ဓာတ်ပုံ-မင်းခန့်ကျော်)


ဧပြီ ၁၉  မွန်းလွဲပိုင်းတွင် သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာကို  ဗုံး ၂ လုံးကြဲသဖြင့် ကလေးများ အပါအဝင် အရပ်သား ၂၄ ဦး သေဆုံး၊  ၃၀  ဒဏ်ရာရကာ နေအိမ် ၂၅ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောကြသည်။

“ရွာက ရွှေလုပ်ငန်းတွေနဲ့ အသက်မွေးကြတာပဲ။  တကယ့်လူစည်ကားတဲ့အချိန် ရွာလယ်ကို ကြဲချတာ ကလေးတွေလည်း အလောင်းတွေက ရုပ်ပျက်ဆင်းပျက်တွေ”ဟု ဒေသခံအမျိုးသား နောက်တစ်ဦးက ဆိုသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော ဓာတ်ပုံများအရ ဗုံးပေါက်ကွဲမှုကြောင့်  ရုပ်အလောင်းများ မီးကျွမ်း၊ အပိုင်းပိုင်းပြတ်သွားသည်ကို တွေ့ရသည်။ 

သေဆုံးသူ အရေအတွက် တိုးလာနိုင်ကြောင်း၊ စစ်ကောင်စီသည် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့်နေရာများတွင် အရပ်သားအများအပြားရှိနေသည်ကို သိလျက်နှင့်  တိုက်ခိုက်နေခြင်းဖြစ်ကြောင်းပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သတင်းတာဝန်ခံက ပြောသည်။ 

“အဓိကကတော့ သူတို့ ဒီနေရာတွေကို ပြန်လိုချင်တယ်။ ဒါ့ကြောင့် မစားရတဲ့အမဲ သဲနဲ့ပက်သလို ရန်ညှိုးထားပြီး ပြည်သူတွေကိုပါ ရက်ရက်စက်စက် သတ်ပြနေတာ”

ပြည်သူများအနေဖြင့်   ဗုံးခိုကျင်းများ တူးဖော်ထားရှိရန် အရေးပေါ်လိုအပ်နေကြောင်း ၎င်းက သတိပေးပြောဆိုသည်။ 

စစ်ကောင်စီသည် မန္တလေးတိုင်းအတွင်း တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် စဉ့်ကူး၊ သပိတ်ကျင်း၊ မတ္တရာနှင့်မိုးကုတ် စသည့်နေရာတို့မှ လူနေရပ်ကွက်များ၊ စာသင်ကျောင်းများ၊ ကျေးရွာများကို ယခုရက် ပိုင်းအတွင်း နေ့စဉ်ရက်ဆက်ဗုံးကြဲနေသည်။

ပုံစာ-သေဆုံးသွားသူတစ်ဦး၏ မိသားစုဝင်တစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ-မင်းခန့်ကျော်) 


ယမန်နေ့ (ဧပြီ ၂၀ ) မွန်းလွဲ ၁း၄၅ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ် ညောင်ပင်သာရွာအား လေတပ်က  ၁ ကြိမ် တိုက်ခိုက်ရာ အရပ်သား ၂ ဦး ဒဏ်ရာရခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖအဖွဲ့က ထုတ်ပြန်ထားသည်။ 

တစ်ချိန်တည်းမှာပင် လိပ်ကျရွာ Pro 9 KTV နောက်ကျောတွင် ဗုံး ၁ လုံး၊ ရေထွက်ရွာကို ဗုံး ၁ လုံး ကြဲချခဲ့ကြောင်း၊ လူအထိအခိုက်မရှိကြောင်း သိရသည်။

ယခုလအတွင်း စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ မိုးကုတ်တို့တွင် ဗုံးကြဲ တိုက်ခိုက်မှုအကြိမ်ရေ၂၀ ကျော် ရှိသည်ဟု ပြင်ဦးလွင်ခရိုင်ပကဖက ဆိုသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် ရွှေတွင်းများတည်ရှိရာ နေရာများကို ပစ်မှတ်ထားဗုံးကြဲနေခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PLA)  ပြောရေးဆိုခွင့်ရှိသူ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ဧပြီ ၁၈ ရက်နေ့ညပိုင်း၌ Myanmar Now ကို ပြောသည်။

“လောလောဆယ်သပိတ်ကျင်းဘက်တွေ လိပ်ကျရွာတို့ဘက်တွေမှာ ရွှေတွင်းတွေ ရှိတယ်လေ။ အဲဒီဘက်တွေ စဉ့်ကူးဘက်တွေအကုန်လုံးပေါ့နော်။ ဗုံးတွေချနေတယ်။ သူတို့ (စစ်ကောင်စီ) က စီးပွားရေးလုပ်ငန်းတွေ ကောင်းကောင်း မလုပ်နိုင်အောင်ပေါ့နော်။ လူထုတွေ လုပ်ကိုင်စားနေတဲ့နေရာတွေကိုလည်း ဖျက်ဆီးတယ်” ဟု ၎င်းက ဆက်ပြောသည်။  

“PDF တို့ တော်လှန်ရေးတပ်တို့အဖွဲ့တွေက ရွှေတွင်းတွေဘာတွေလုပ်ရင် ရတဲ့ဟာနဲ့ လက်နက်တွေ ပြန်ဝယ် ပြီး သူတို့ကိုတိုက်မယ်ဆိုတာသိတော့ အဲဒီနေရာတွေကို ဗုံးတွေမနားတမ်းဆက်တိုက်လှည့်ပတ်ချနေတာ”  

လတ်တလောတွင် သပိတ်ကျင်းမြို့နယ်အတွင်း လက်ကျန်စစ်စခန်းများဖြစ်သော ၇ မိုင်ရွာ ၊ ၆ မိုင်ရွာတို့၌ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေသည်ဟု PLA သတင်းတာဝန်ခံဖြစ်သူ ၎င်းက ဆက်ပြောသည်။

စဉ့်ကူးတိုက်ခိုက်မှု

သပိတ်ကျင်းမြို့နယ်တောင်ဘက် စဉ့်ကူးမြို့နယ်  ကျည်တောက်ပေါက်ကျေးရွာလည်း  ဧပြီ ၁၈ ရက်က ဗုံးကြဲခံရသည်၊  ရွာလယ်စာသင်ကျောင်းနှင့်ဈေးအနီး ဗုံးကျရောက်ပေါက်ကွဲခဲ့ကာ သက်လတ်ပိုင်းအရွယ် အမျိုးသား ၄ ဦးနှင့်အမျိုးသမီး၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက ပြောသည်။

“ကျည်တောက်ပေါက်ကို ပေါင် ၅၀၀ တစ်လုံး ကြဲသွားတယ်။ စာသင်ကျောင်းဆောင် ၃ ဆောင် ပျက်စီး သွားတယ်။ လူတွေကတော့ အထိအခိုက်က အသက်စိုးရိမ်စရာတော့မရှိပါဘူးဗျ”

ယင်းမတိုင်မှ ဧပြီ ၁၇ ရက်နေ့ညနေကလည်း စဉ့်ကူးမြို့နယ်၊ နတ်တောင်ကျေးရွာကို ဗုံးကြဲရာ အသက် ၅၀ အရွယ် အမျိုးသမီး ၁ ဦး သေဆုံးပြီး  ၄ ဦးဒဏ်ရာရရှိခဲ့သေးသည်ဟု ပြင်ဦးလွင်ခရိုင်ပကဖထံက သိရှိရ သည်။

ဧပြီ ၁ ရက်မှစကာ ဧပြီ ၁၉ ရက်နေ့အထိ မန္တလေးတိုင်းထဲရှိ သပိတ်ကျင်းမြို့နယ်တွင် ၁၃ ကြိမ်၊ စဉ့်ကူး မြို့နယ်တွင် ၄ ကြိမ်၊ မတ္တရာမြို့နယ်တွင် ၁ကြိမ် လေကြောင်းတိုက်ခိုက်မှု ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)ကလည်း ဧပြီ ၁၉ ရက် ညပိုင်း၌ ထုတ်ပြန် ထားသည်။

ထိုတိုက်ခိုက်မှုများတွင် အရပ်သားပြည်သူ ၄၁ ဦး သေဆုံး၊ အနည်းဆုံး ၅၈ ဦး  ဒဏ်ရာရသွားရာ ထိခိုက်၊ သေဆုံးသူများထဲတွင်   ကလေးအများအပြားပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ပစ်မှတ်ထားခံနေရသော စဉ့်ကူးနှင့်သပိတ်ကျင်းမြို့နယ်များသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ်များက သိမ်းပိုက်ထားသောမြို့နယ်များဖြစ်သည်။  

ယခုနှစ် မတ်လအတွင်း လေတပ် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် စဉ့်ကူး မြို့နယ်၊ လက်ပန်လှရွာတွင် သေဆုံးသူ ၃၅ ဦးအထိ ရှိခဲ့သည်။

စစ်ကောင်စီသည် မတ် ၂၈ ရက်နေ့ ငလျင်ကြောင့် လူ ထောင်ချီ သေဆုံးခဲ့ရသည့်အချိန် ယာယီအပစ်ရပ် မည်ဟု ဆိုခဲ့သော်လည်း လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့် လုပ်ဆောင်နေရာ  စစ်ကိုင်း၊ မန္တလေး တိုင်း၊ ချင်း၊ ရခိုင်၊ ကချင်၊ ကရင်ပြည်နယ်တို့ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ရှိနေသည်။

ကချင်ဒေသ တစ်ပတ်အတွင်း အကြိမ် ၂၀၀ ကျော် ဗုံးကြဲခံရကြောင်း KIA က ပြောထားသလို KNU ကလည်း ၎င်းတို့ဒေသကို ဆက်တိုက်တိုက်ခိုက်နေသည်ဟု ဆိုထားသည်။ 

စစ်တပ်က ထိုပြောဆိုချက်များနှင့် ပတ်သက်ပြီး တုံ့ပြန်ခြင်း မရှိသေးပေ။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများတွင် ၂၀၂၃ ဧပြီ ၁၁ ရက်နေ့က ကလေးငယ်များ အပါအဝင် အရပ်သားများ ၁၆၈ ဦးအထိ အစုလိုက်အပြုံလိုက် သေဆုံးခဲ့သည့်  စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ ဗုံးကြဲမှုမှာ ထင်ရှားသည်။

ထိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး  စစ်ကောင်စီ သတင်းနှင့်ပြန်ကြားရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက အလ်ဂျဇီးရားသတင်း ဌာနနှင့် မတ် ၂၈ ရက်နေ့ ငလျင် မလှုပ်မီ မိနစ်ပိုင်းအလိုက ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

 “ကလေးတွေအများကြီးပါဝင်တယ်ဆိုတာက သူတို့က အကြမ်းဖက်အဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက် နေတဲ့အုပ်စုရဲ့အစိတ်ပိုင်းဖြစ်နေလို့ပါ။ တိုက်ခိုက်မှုတွေဖြစ်ခဲ့တာ ဟုတ်တယ်။ တိုက်ခိုက်မှုတွေမှာ ဘေးထွက်ဆိုးကျိုးတွေက ရှောင်လွှဲလို့မရဘူး။ ဒါက စစ်ပွဲရဲ့ သဘောပါပဲ။ ဘေးထွက်ဆိုးကျိုးတွေက ရှိမှာပါပဲ” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။ 

စစ်တပ် အာဏာသိမ်းပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ တစ်နှစ်ထက် တစ်နှစ်ပိုမိုမြင့် တက်လာပြီး ၂၀၂၄ ဖေဖော်ဝါရီလအထိ ၄ နှစ်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၂၂၄ ဦး သေဆုံးခဲ့ရကာ  ၃၄၆၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဥာဏ်အလင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန် ထားသည်။

Related Articles

Back to top button