သတင်း

သင်္ကြန်ကာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့် 

လေတပ်က စစ်ကိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့ကို ဗုံးကြဲစဉ် ကိုရင်လေးများ အပါအဝင် သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိနေသည်။

မြန်မာနှစ်သစ်ကူး အခါသမယဖြစ်သောသင်္ကြန်ကာလအတွင်း စစ်ကောင်စီတပ်က နိုင်ငံအနှံ့ လေကြောင်း တိုက်ခိုက်မှုများကိုဆက်တိုက်လုပ်ရာ သာသနာ့နွယ်ဝင်များနှင့် အရပ်သားများ ထိခိုက်သေဆုံးသွားသည်။

သင်္ကြန်အကျနေ့ဖြစ်သော ယနေ့ (ဧပြီ ၁၄ ရက်) တွင်  စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ အင်းတော်မြို့နယ်တို့ကို  ဗုံးကြဲရာ ကိုရင် ၁ ပါးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့များထံက သိရသည်။ 

နံနက် ၇ နာရီကျော်မှ စတင်ပြီး ကနီမြို့နယ်မှ ကျေးရွာများကို တိုက်ခိုက်ရေးလေယာဉ်၊ သယ်ယူပို့ဆောင် ရေး လေယာဉ်၊ ဒရုန်း၊ အင်ဂျင်တပ်လေထီးများ သုံးပြီး  တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံများက ပြောသည်။ 

လေတပ်၏ ဒဏ်ကို မကြာခဏ ခံနေရသည့် နတ်ကြီးရွာ၊ မုဋ္ဌောရွာအပါအဝင်  ချင်းတွင်းမြစ်အရှေ့ ခြမ်းနှင့် အနောက်ခြမ်း ကမ်းနားဝန်းကျင်ကျေးရွာများကို  တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသအခြေစိုက် ပြည်သူ့တော်လှန်ရေးလက်ရုံးတပ်ဖွဲ့မှ ဘိုးတော်နီ က ပြောသည်။ 

တိုက်ခိုက်မှုအတွင်း သေဆုံးသွားသူတို့မှာ မုဋ္ဌောရွာမှ  ၁၉ နှစ်အရွယ် အမျိုးသမီး၊  သမင်ခြံရွာမှ ကိုရင် ၁ ပါးတို့ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ကနီမြို့နယ်တွင် ယနေ့နံနက်က ဖုန်းလိုင်းများ ပြတ်တောက်နေသည့်အတွက် ထိခိုက်သေဆုံးသူ အရေ အတွက် အတိအကျ မသိရသေးပေ။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ မုံရွာနှင့် မိုင် ၃၀ ကျော်သာဝေးသည့် ကနီမြို့ကို ၂၀၂၄  မတ်လအတွင်း မြို့ဧရိယာအများစုကိုသိမ်းပိုက်နိုင်ခဲ့သော်လည်း လေကြောင်းမှ အပြင်းအထန် တုံ့ပြန်သည့်အတွက် တော်လှန်ရေးတပ်များ ပြန်ဆုတ်ခွာခဲ့ရသော မြို့ဖြစ်သည်။

အလားတူ ကနီမြို့နယ် ဆူးလေကုန်းရွာအနီးကို  ယနေ့နံနက် ၄ နာရီခန့်တွင် နမခ မှ တက်လာသည့် အင်ဂျင်တပ်လေထီးတစ်စီးက ကင်းထောက်ပျံသန်းခဲ့ကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု ထံက သိရသည်။  

ယနေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် အင်းတော်မြို့နယ် ၊ ပိန္နဲကုန်းရွာ ဘုန်းကြီးကျောင်းကို  စစ်လေယာဉ်က ဗုံးကြဲခဲ့ကြောင်း သိရသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းက အင်းတော်မြို့ကို လက်လွှတ်ခဲ့ရသည့် စစ်တပ်သည် မြို့တောင်ဘက် ၂၄ မိုင်ခန့် အကွာ ရွှေဘို – မြစ်ကြီးနားလမ်းနှင့် မဲဇာချောင်းကြားရှိ ပိန္နဲကုန်းရွာဘုန်းကြီးကျောင်းကို ဗုံး ၂ လုံး ကြဲချ ခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း လူအထိအခိုက်မရှိဘဲ ဘုန်းကြီးကျောင်း အဆောင် ၁ ခု ပျက်စီးသွားကြောင်း ဒေသ သတင်းများ ဖော်ပြနေသည့် Indaw Revolution က ဓာတ်ပုံများဖြင့် ထုတ်ပြန်ထားသည်။

ဧပြီ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့တွင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ မှ လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့်မြို့နယ်များပြမြေပုံ။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့နယ်များတွင် လူဦး‌ရေ ၃၀၀၀ ကျော် သေဆုံးပြီး၊ ဒဏ်ရာရသူ ၄၀၀၀ ကျော် ရှိကာ အိမ်‌ခြေ ထောင်နှင့်ချီ ပျက်စီး၊ လူဦးရေ ထောင်နှင့်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။​

ထို့ကြောင့် လူသားချင်းစာနာမှု အကူအညီများ ပေးနိုင်ရန် တော်လှန်ရေးအင်အားစုက  ထိုးစစ်ရပ်စဲထားခဲ့ပြီး စစ်တပ်ကလည်း ဧပြီ ၂၂ ရက်အထိ ရက် ၂၀ ကျော်ကြာ ယာယီအပစ်ရပ်မည်ဟု အသီးသီး ထုတ်ပြန်ကြသည်။

ထို့အတူ ငလျင်ပြန်လည်ထူထောင်ရေးကြိုးပမ်းဆောင်ရွက်ကြရဦးမည်ဖြစ်၍ သင်္ကြန်ပွဲကို အေးချမ်းသာယာသည့် သင်္ကြန်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသေးသည်။

သာသနာရေးအဆောက်အဦများလည်း မရှောင်

သို့သော် ဒေသတချို့တွင် တိုက်ပွဲများဆက်ဖြစ်နေရာ  အပစ်ရပ်ချိုးဖောက်သည်ဟု  အပြန်အလှန် စွပ်စွဲနေကြသည်၊  စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်သော ဒေသများကိုပါ လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်လာသည်။

ဧပြီ ၁၂ ရက်နေ့မှ ယနေ့ ဧပြီ ၁၄ ရက်နေ့အထိ ၃ ရက်အတွင်း စစ်ကိုင်းတိုင်းအတွင်း ဒီပဲယင်း၊ တန့်ဆည်၊ ကောလင်း၊ ဝန်းသို၊ ကနီမြို့နယ်များ၊ မန္တလေးတိုင်း သပိတ်ကျင်း၊ ချင်းပြည်နယ် မင်းတပ်မြို့နှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့တို့ကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ခဲ့ရာ ကိုရင် ၄ ပါး အပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်းသေဆုံးပြီး   ဒဏ်ရာရသူ အရေအတွက် ၁၀ ဦးကျော်ကြောင်း သိရသည်။ 

နှစ်သစ်ကူးကာလတွင် ဥပုသ်သီလဆောက်တည်သူများ၊ အလှူများဖြင့် စည်ကားလေ့ရှိသည့် ဘုန်းကြီး ကျောင်းများပါမချန် ပစ်မှတ်ထားခံနေရသောကြောင့် ကျောင်းကန်ဘုရား မသွားနိုင်ကြကြောင်း ဒေသခံများက ဆိုကြ သည်။  

 “ကျွန်တော်တို့အညာဒေသမှာ နေ့စဥ်ရက်ဆက်ဆိုသလို စကစတပ်က လေကြောင်းကနေ ယာဥ်မျိုးစုံနဲ့ လာပစ်နေကြတော့ သင်္ကြန်ဆိုတာ မေ့ကုန်ပါပြီ။ မပျော်နိုင်တော့ပါဘူး။ ဗုံးခိုကျင်းထဲမှာပဲ ရှောင်ရ၊ နေရ ပြီး အချိန်ကုန်နေကြရတာပဲ။ သင်္ကြန်ထက် အသက်ဘေးအန္တရာယ် က အဓိက ကျနေပါတယ်ဗျာ” ကနီမြို့နယ်မှ အသက် ၃၀ ကျော်အရွယ် ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။ 

ယမန်နေ့ (သင်္ကြန်အကြို)နေ့ ညနေ ၃ နာရီဝန်းကျင်ကလည်း တန့်ဆည်မြို့နယ်၊  လယ်မရွာ ဘုန်းကြီး ကျောင်းနှင့်အနီးဝန်းကျင်ကို လေတပ်က  ဗုံးကြဲခဲ့သည်။ 

တန့်ဆည်မြို့နယ်၊ လယ်မရွာဘုန်းကြီးကျောင်းဝင်း ဧပြီ ၁၃ ရက်က လေကြောင်းတိုက်ခိုက်ခံရပြီး စေတီတစ်ဆူအခြေအနေ။  (ဓာတ်ပုံ – ပေးပို့)

ပေါက်ကွဲအားပြင်းထန်သည့် ဗုံး ၄ လုံးကြဲချခဲ့ရာ စေတီအနီး ၁ လုံးကျရောက်ပေါက်ကွဲသဖြင့် ထီးတော် မြေခခဲ့ပြီး  နောက် ၂ လုံးမှာ နှစ်ထပ် ကျောင်းဆောင်ပေါ် ကျသဖြင့် မီးလောင်ပျက်စီးသွား ကြောင်း သိရသည်။ ကျောင်းအနီးဝန်းကျင်နေအိမ်ပေါ်  ဗုံး ၁ လုံး ကျရောက်ပေါက်ကွဲပြီး   ၅၃ နှစ်အရွယ် အမျိုးသမီး ၁ ဦး ခါးပြတ်သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

သင်္ကြန်မတိုင်မီ တစ်ရက် (ဧပြီ ၁၂) ရက် နေ့လယ်ကလည်း ဒီပဲယင်းမြို့နယ်၊ ကြခတ်ရွာဘုန်းကြီးကျောင်း ကို လေကြောင်းမှ ဗုံးကြဲစဉ် ကိုရင် ၃ ပါးနှင့် ပြည်သူ ၂ ဦး သေဆုံးခဲ့သည်။ 

ယမန်နှစ်က ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကြောင့် စစ်ရှောင်လာရသည့် ဒေသခံများ ခိုလှုံနေသည့် ကြခတ်ရွာ ဘုန်းကြီးကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ 

ထိုကျောင်းတွင် ကလေးများလည်း ရှိနေသည်ဟု ဒီပဲယင်းမြို့ခံတစ်ဦးက ပြောသည်။ 

“ကျောင်းပေါ်ကိုတည့်တည့်ကျတယ်။ဘုန်းကြီးကျောင်းက လုံးဝမကောင်းတော့ဘူး၊ နှစ်ထပ်ဆောင်ကြီးက ပွင့်ထွက်ပြီး ပြိုကျသွားတယ်။ RC ကျောင်းဆောင်မို့လိုသာ မီးမလောင်တာ။ သစ်သားဆောင်ဆိုရင် မီးလောင်လောက်တယ်။  ဝုန်းဒိုင်းကြဲချပြီး ပြန်ခေါက်သွားတာ” ဟု သူက ပြောသည်။

“ကျောင်းမှာက ပြည်သူတွေပဲရှိတာ။ ဘုန်းကြီးနဲ့ ကိုရင်နဲ့ ဘုန်းကြီးကျောင်းသားနဲ့ အတန်းနေတဲ့ ကျောင်းသားလေးတွေပဲ ရှိတာ။ သိတဲ့အတိုင်းကျွန်တော်တို့ဆီက ဘုန်းကြီးကျောင်းဆိုတော့ လွတ်ကင်း တယ်ဆိုပြီး ဘုန်းကြီးကျောင်းနေကြတယ်။ ကျောင်းအိပ်ကျောင်းစားနေကြတယ်။ ဘုန်းကြီးကျောင်းက အေးလည်းအေးချမ်းတော့ သစ်ရိပ်ဝါးရိပ်လည်းရှိတယ်ဆိုပြီးနေကြတော့ ထိခိုက်သွားကြတာ” 

ထိုလေကြောင်းတိုက်ခိုက်မှုအတွင်းအသက် ၆၀ နှင့် ၇၀ ကြား သက်ကြီးပိုင်း ၆ ဦးနှင့် အသက် ၁၅ နှစ် အောက် ကိုရင် ၅ ပါး ဦးခေါင်း၊ မျက်နှာ၊ တင်ပါးနှင့် ခြေ၊ လက်တို့ တွင်  ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်၊ ကြခတ်ရွာဘုန်းကြီးကျောင်းကို ဧပြီ ၁၂ ရက်က လေကြောင်းတိုက်ခိုက်မှုအပြီး ကိုရင်ငယ် ၃ ပါး၏ ရုပ်အလောင်းများ။ (ဓာတ်ပုံ – ပေးပို့) 

တော်လှန်ရေးအင်အားစုသိမ်းပိုက်ထားသည့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှ ချောင်းကြီးရွာကို ယမန်နေ့ ညက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ 

ချောင်းကြီးရွာထဲရှိ နေရာ ၄ ခုတွင် အဆောက်အဦ ၁၄ လုံး၊  ကား ၂ စီးလည်း ပျက်စီးသွားကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။ 

နိုင်ငံအလယ်ပိုင်းတွင် ဘုန်းကြီးများကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေသည့် စစ်တပ်သည် ယမန်နေ့ (ဧပြီ ၁၃) တွင်လည်း ချင်းပြည်နယ်၊ တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်ရှိ မြို့မနှစ်ခြင်းဘုရားကျောင်း ကိုလည်း   ဗုံးကြဲခဲ့သည်။ 

ချင်းတော်လှန်ရေးအင်အားစုများဖြင့်စုစည်းထားသော ချင်းညီနောင်အဖွဲ့  ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကုန် ပိုင်းတွင် သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်ရွာများကို လေတပ်က   မကြာခဏ တိုက်ခိုက်လေ့ရှိသည်။ 

ထို့ပြင် AA ထိန်းချုပ်ထားရာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်  ပြည်တော်သာရပ်ကွက်ကို ယမန်နေ့ နံနက်က ဗုံး ၂ လုံး ကြဲခဲ့ရာ အသက် ၁၀ နှစ်အရွယ် မိန်းကလေး အပါအဝင် အမျိုးသမီး ၃ ဦး  ဒဏ်ရာ ရရှိခဲ့ကြောင်း AA နှင့်နီးစပ်သည့် Arakan Princess Media သတင်းတစ်ပုဒ်တွင်   ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းမှု ၄ နှစ်ကျော်ကြာမြင့်လာချိန်တွင် မြို့ပေါင်း ဆယ်နှင့်ချီ လက်လွှတ်ထားရသည့် စစ်တပ်သည် ၎င်းတို့ဆုံးရှုံးသွားသည့် မြို့နှင့် အနီးဝန်းကျင်ကို ဗုံးကြဲလေ့ရှိသည်။ 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ကို လက်လွှတ်ခဲ့ရပြီးနောက် အနီးရှိ ဝန်းသို နှင့် ကောလင်းနယ်ထဲ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည်။ 

ဧပြီ ၁၁ ရက်နေ့က ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းရွာကို လေတပ်က  တိုက်ခိုက်ရာ  ၅၆ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက  သိရသည်။

သင်္ကြန်အကြိုနေ့ (ဧပြီ ၁၃) နေ့လယ်တွင် ကောလင်းမြို့အရှေ့ဘက်ခြမ်း ညောင်ကုန်းရွာ ဆီဆိုင်တစ်ခုကို  တိုက်ခိုက်ရာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ သတင်းများကို ဖော်ပြနေသည့် Kawlin Info အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာတွင် ဓာတ်ပုံများနှင့် တကွထုတ်ပြန် သည်။

ဧပြီ ၁၃ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုအပြီးတွေ့ရသည့် ကောလင်းမြို့နယ်၊ ညောင်ကုန်းရွာ ဆီဆိုင် ။ (ဓာတ်ပုံ – Kawlin Info)

ထို့နောက် ည ၇ နာရီတွင် ကပ်လျက် ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာကို  တိုက်ခိုက်ခဲ့ကြောင်း  ဒေသခံအမျိုး သား တစ်ဦးကပြောသည်။ 

“သင်္ကြန်အခါဆိုပေမဲ့ မပျော်ရပါဘူးဗျာ။ လေယာဥ်သံကြားတာနဲ့ ပုန်းခိုကျင်းထဲပြေးဝင်နေရတယ်။ လူစုလူဝေးများတဲ့ နေရာမှာနေရတဲ့ ပြည်သူတွေကတော့ လေယာဥ်သံကြားတာနဲ့ကို ပြေးပြေးလွှားလွှား ဖြစ်နေကြတယ်ဗျ။ သင်္ကြန်အငွေ့အသက်ကိုတော့ မခံစားရပါဘူးဗျာ”ဟု ဝန်းသိုမြို့နယ်ဒေသခံက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် သင်္ကြန်ကာလများတွင် စစ်တပ်က မြေပြင်စစ်ကြောင်းထိုးမှုများ၊ လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိသော်လည်း ယခုနှစ်တွင် လေကြောင်းတိုက်ခိုက်မှုမှာ သိသိသာသာ များပြားလာသည့် အခြေအနေဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ 

“ဟိုတုန်းက ခေတ်က သာယာနေတုန်းကအချိန်ဆိုရင် ဒီလိုဝါတွင်းရက်တွေ၊ သင်္ကြန်တွင်းတွေ ဆိုရင် ရွာလုံးကျွတ်လို ဥပုသ်သီတင်းစောင့်ကြတယ်။ ညနေကျမှ အိမ်ကို ပြန်ကြတယ်။ ကျောင်းမှာ တရားပြတယ်၊ တရားနာကြတယ်” ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုတာဝန်ခံက ပြောသည်။ 

“ခုတော့ အဲ့လိုမလုပ်နိုင်တော့ဘူး။ သီလပေးတာတောင်မှ ပြာယိပြာယာပေးပြီးတော့ ပြည်သူတွေကအိမ်ပြန်နေကြရတယ်။ ခုကာလက အဲ့လောက်ထိ အခြေအနေဆိုးနေတယ်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းအရ ဧပြီလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ စစ်တပ်ကြောင့် ၁၅ ဦး သေဆုံးသွားရာ ထိုအထဲတွင်   ၁၈ နှစ်အောက် ၇ ဦး ပါဝင် သည်။ ထိုအထဲမှ ၁၃ ဦးသည် လေကြောင်း  တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။ 

Show More

Related Articles

Back to top button