
အာဏာသိမ်းစစ်အုပ်စုက ကားဖြင့်တိုက်ပြီး ရိုက်နှက်ဖမ်းဆီးခြင်း ခံခဲ့ရသည့် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး စိုးရိမ်နေကာ ဆေးကုသခွင့်ရရှိလိုကြောင်း မိခင်ဖြစ်သူက ယမန်နေ့ (ဧပြီ ၁၇) တွင် တောင်းဆိုလိုက်သည်။
အသက် ၂၆ နှစ်အရွယ် ကိုဝေမိုးနိုင်သည် သွေးတိုးရောဂါရှိနေသည်မှာ ၆ နှစ် ရှိပြီဖြစ်ပြီး တစ်ခါတစ်ရံ အကြောတက်လေ့ရှိသည်ဟု မိခင်ဖြစ်သူ ဒေါ်မိုးစန္ဒာကြူက Myanmar Now ကို ပြောသည်။
“သူ (ကိုဝေမိုးနိုင်) ဘယ်လိုနေရထိုင်ရ စားရသောက်ရတယ်ဆိုတာ မသိတဲ့အတွက် ကျွန်မ စိတ်ပူတယ်။ သူက အရမ်းကြီး ကျန်းမာဖျတ်လတ်နေတဲ့လူငယ် မဟုတ်ဘူး။ သူက စိတ်ဆောင်နေတာ။ စိတ်ဆောင်နေတဲ့အတွက် တက်တက်ကြွကြွ လုပ်နေနိုင်တာ” ဟု မိခင်ဖြစ်သူက ဆိုသည်။
ဆိုင်ကယ်စီးလာစဉ် ကားဖြင့်တိုက်ပြီး အကြမ်းဖက်ဖမ်းဆီးခြင်းခံရသည့်အတွက် မလွဲမသွေ ထိခိုက်ဒဏ်ရာရရှိနိုင်ပြီး ဒဏ်ရာပျောက်ကင်းသည်အထိ ဆေးကုသခွင့် ရရှိလိုကြောင်း၊ သားဖြစ်သူ၏ ကျန်းမာရေးအခြေအနေမှန်ကိုလည်း တိတိကျကျ သိလိုကြောင်း ဒေါ်မိုးစန္ဒာကြူက ပြောသည်။
အရိုက်ခံရသဖြင့် မျက်လုံးတစ်ဖက်နှင့် ပါးတို့တွင် ဖူးရောင်ဒဏ်ရာရရှိနေသော ကိုဝေမိုးနိုင်၏ ဓာတ်ပုံသည် ဧပြီ ၁၆ ရက်က လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော်လည်း မိုဘိုင်းအင်တာနက် ဖြတ်တောက်ထားသဖြင့် ထိုဓာတ်ပုံကို မိခင်ဖြစ်သူက မတွေ့ရသေးပေ။
“အဲဒီအချိန် (အဖမ်းခံရတဲ့နေ့)ကစပြီး ကောင်းကောင်းလည်း အိပ်မပျော်ပါဘူး။ တစ်ညလုံး အိပ်မပျော်ပါဘူး။ ၁၆ ရက်နေ့လည်း ကောင်းကောင်း မအိပ်ဖြစ်ပါဘူး။ စိတ်ပူနေတာပေါ့နော်။ ကိုယ်လည်း မြင်ရတဲ့အနေအထား မဟုတ်ဘူးဆိုတော့” ဟု ဒေါ်မိုးစန္ဒာကြူက ဆိုသည်။
ကိုဝေမိုးနိုင်သည် ၂၀၁၄ မှ ၂၀၁၅ အထိ မုံရွာတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက် မုံရွာ၌ ဆဲဗင်းဂျူလိုင်အခမ်းအနား ဦးဆောင်ကျင်းပမှုကြောင့် ပုဒ်မ ၂ ခုဖြင့် အရေးယူခံခဲ့ရဖူးသည်။
ထို့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သပိတ်ခေါင်းဆောင်ဖြစ်လာချိန်တွင် စစ်ကောင်စီက ၎င်းကို လူသတ်မှု၊ အိမ်ကျော်နင်းမှု၊ ခိုးမှုများဖြင့် စွပ်စွဲပြီး ဖမ်းဝရမ်းထုတ်ထားသည်။
စစ်ကောင်စီကို သတင်းပေးနေသည်ဟု ယူဆခံရသူတစ်ဦးကို ပြည်သူများက ဖမ်းဆီးလိုက်ပြီးနောက်ပိုင်းတွင် ထိုသို့ စွပ်စွဲခံရခြင်းဖြစ်သည်။
အာဏာသိမ်းစစ်အုပ်စုသည် မတ် ၂၅ ညက မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်၌ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ ကိုရန်မိုးနိုင်၊ ကိုတရုတ်ကြီးတို့ကို ခိုင်မာသည့် အထောက်အထားမပြနိုင်ဘဲ စွပ်စွဲ၍ မတ် ၂၇ တွင် အမှုဖွင့်ထားသည်။
လက်ရှိတွင် ကိုဝေမိုးနိုင်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် ဖမ်းဆီးထားပြီး စစ်ကြောရေးလုပ်နေသည်ဟု သိရသည်။
“စစ်ကြောရေးကို မကြာစေချင်ဘူး။ ဆန္ဒထုတ်ဖော်တယ်၊ တော်လှန်ရေးသပိတ်လုပ်တယ်ဆိုတာက အများနည်းတူခံရသလို သူလည်းခံရမှာပေါ့နော်။ ဒါပေမယ့် မကျူးလွန်တဲ့အပြစ်ကျတော့ အန်တီတို့ အစွမ်းကုန်ရင်ဆိုင်ဖြေရှင်းရမှာပါ” ဟု ဒေါ်မိုးစန္ဒာကြူက ပြောသည်။
အမှုရင်ဆိုင်ရန် ရှေ့နေများကို အကူအညီတောင်းထားသည်ဟု ဆိုသည်။
ကိုဝေမိုးနိုင် အသက် ၆ နှစ်အရွယ်ကတည်းက ဖခင် ဦးကိုကိုနိုင်ဆုံးပါးခဲ့သည်။ ကျောင်းဆရာမတစ်ဦးဖြစ်သူ ဒေါ်မိုးစန္ဒာကြူမှာ မုံရွာမြို့တွင် အနှစ် ၂၀ တာဝန်ထမ်းဆောင်ခဲ့ပြီး လွန်ခဲ့သော ၂ နှစ် ကျော်က လုပ်သက်ပြည့်ပင်စင် ယူထားသည်။
“အန်တီ့မှာလည်း ဒီသားပဲရှိတယ်။ သူ့မှာလည်း ဒီအမေပဲရှိတယ်လေ။ သားအမိနှစ်ယောက် ဘယ်သူ့အကူအညီမှ မပါဘဲ ရုန်းကန်ရပ်တည်နေကြတာ။ အစကတော့ အန်တီပဲ ရုန်းကန်ပြီး သူ့ကို ပြုစုပျိုးထောင်တာပေါ့။ အခု အန်တီနားရမယ့်အလှည့် ရောက်ပြီဆိုတော့ သူက တစ်လှည့်ပြန်ပြီးတော့ အန်တီ့ကို လုပ်ကိုင်ကျွေးမွေးတဲ့ အနေအထားမှာရှိတယ်” ဟု အသက် ၅၄ နှစ်အရွယ် ဒေါ်မိုးစန္ဒာကြူက ပြောသည်။
လူငယ်များသည် လူတစ်ဦးတစ်ယောက်၏ စေခိုင်းချက်ကြောင့်မဟုတ်ဘဲ မိမိစိတ်ဆန္ဒအလျောက် တော်လှန်ရေးကို စိတ်တူကိုယ်တူ လုပ်ကြခြင်းဖြစ်သည့်အတွက် ကိုဝေမိုးနိုင်အဖမ်းခံရသော်လည်း မုံရွာသပိတ်ကို အစွမ်းရှိသလောက် ဆက်လက်လုပ်ဆောင်ကြလိမ့်မည်ဟု ၎င်းက ပြောသည်။
“တော်လှန်ရေးစပြီဆိုကတည်းက သူပြောပြီးသားရှိပါတယ်။ ဒါဟာ လူငယ်တွေရဲ့တာဝန်ပေါ့၊ မတရားမှုကို တော်လှန်ရမယ်ဆိုတဲ့စိတ်နဲ့ လုပ်တာဆိုတော့ သူတို့ဟာသူတို့တော့ တွက်ပြီးသားနေမှာပါ။ မေမေ့အနေနဲ့ ကိုယ်ရောစိတ်ရောကျန်းမာအောင် ပိုဂရုစိုက်ပြီးနေဖို့ပဲ မှာခဲ့ပါတယ်” ဟု ဒေါ်မိုးစန္ဒာကြူက ပြောသည်။