
မန္တလေးတိုင်း၊ မြစ်ငယ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ယမန်နေ့ဧပြီ ၁၃ တွင် အမျိုးသားနှစ်ဦးသေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
သေဆုံးသူနှစ်ဦးမှာ မြစ်ငယ်မြို့ ရန်ကင်းရပ်ကွက်မှဖြစ်ကြကြောင်း၊ ရုပ်အလောင်းများကို မြစ်ငယ်မြို့မသုသာန်တွင် ယနေ့နံနက် ၉ နာရီက သင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ပစ်ခတ်မှုသည် အာဏာဖီဆန်သူဝန်ထမ်းတစ်ဦးကို လက်နက်ကိုင်တို့ လိုက်လံဖမ်းဆီးရာမှ အစပြုသည်ဟု သူက ရှင်းပြသည်။
“မနေ့က ညနေမှာ CDM တစ်ယောက်ကို လာဖမ်းတာ၊ ဖမ်းတော့ လူတွေကထွက်ပြီး ကန့်ကွက်ကြတော့ ပစ်တော့တာပဲ၊ ဒီနေ့တစ်နေ့လုံးလည်း ပစ်နေတာ၊ ခုထိ ထွက်လို့မရဘူး” ဟု ၎င်းက ပြောသည်။
ယနေ့နေ့လယ် ၂ နာရီခန့်တွင်လည်း သဇင်ရပ်ကွက်ရှိ ပြည်သူများက ကာကွယ်ထားသည့် အတားအဆီးများကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ဖျက်ဆီးဝင်လာကြောင်း၊ နေအိမ်များကို ပစ်ခတ်ပြီး ရပ်ကွက်အတွင်း ဗလီရှိ အလှူခံပုံးကို ဖျက်ဆီး၍ ငွေများယူဆောင်သွားကြောင်း ၎င်းက ဆက်ပြောသည်။
“ငွေတွေက ဘယ်လောက်ပါသွားလဲ မသိရသေးဘူး၊ ခုထိ သူတို့က ပိတ်ထားတယ်၊ ထွက်လို့မရဘူး” ဟု သူက ဆက်ပြောသည်။

မြစ်ငယ်တွင် ပစ်ခတ်သတ်ဖြတ်၊ အနိုင်ကျင့်လုယက်နေမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးပြောခွင့်ရှိသူကို ဆက်သွယ်မေးမြန်းသော်လည်း တယ်လီဖုန်းပြန်လည်ဖြေဆိုခြင်း မရှိပေ။
ယခုညနေပိုင်းတွင်လည်း မြစ်ငယ်မြို့၊ ဖားပေါင်းကျေးရွာဘက်တွင် ဆက်လက်ပစ်ခတ်နေကြောင်း၊ ယနေ့ ထိခိုက်ကျဆုံးမှုစာရင်း မသိရသေးကြောင်း ဒေသခံများက ဆိုသည်။
ဒဏ်ရာရသူကို ကူညီခြင်း၊ ရုပ်အလောင်းသယ်ယူခြင်းတို့အတွက် အခမဲ့ဝန်ဆောင်မှုပေးသည့် ပရဟိတသမားမှာ လတ်တလော အရေးကြီးကာလတွင် ရှားပါးနေသည်ဟု ကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။
ယမန်နေ့ကလည်း စစ်ကောင်စီတပ်များ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် မြစ်ငယ်မြို့အနီး စဉ့်ကိုင်မြို့တွင်လည်း အမျိုးသားတစ်ဦးသေဆုံးခဲ့သည်ဟု သူက ဆက်ပြောသည်။
“ကျွန်တော်တို့ပဲ နေ့ချင်း သင်္ဂြိုဟ်ပေးလိုက်တာ။ ပြောပြလို့မရဘူး၊ ဒီမှာက အခြေအနေတွေမကောင်းဘူး” ဟု အဆိုပါ အမျိုးသားက ပြောသည်။
သေဆုံးသူနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက် မသိရသေးပေ။
နေ့စဉ် လူအင်အား ၁၀၀ ကျော်ဖြင့် ပုံမှန်ဆန္ဒပြနေသော မြစ်ငယ်မြို့တွင် ယမန်နေ့မှစ၍ စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုများ ပေါ်ပေါက်လာကြောင်း ဒေသခံများက ပြောသည်။