
စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များသည် ယနေ့ ဧပြီ ၁၂ နံနက်ပိုင်းက ပုဂ္ဂလိကဆေးရုံတစ်ခုကို ဝင်ရောက်စီးနင်းပြီး ဝန်ထမ်းများကို ရိုက်နှက်ကာ ပစ္စည်းများလုယက်ယူဆောင်သွားသည်။
တမူးမြို့၊ အလောင်းဘုရားလမ်းပေါ်ရှိ ပုဂ္ဂလိကဆေးရုံဖြစ်သည့် Grace ဆေးရုံကို လက်နက်ကိုင်အင်အား အလုံးအရင်းဖြင့် ယနေ့ ဧပြီ ၁၂ မနက်ပိုင်းက ဝင်ရောက်စီးနင်းပြီး ဆေးရုံလုံခြုံရေးဝန်ထမ်းနှစ်ဦးကို ရိုက်နှက်၍ တာဝန်ကျဆရာဝန်များ၊ သူနာပြုများ၏ ဖုန်းများကို လုယူသွားခြင်းဖြစ်သည်။
“ဆေးရုံစောင့်နှစ်ယောက်ကို ထိုးကြိတ်သွားပါတယ်။ စုတ်ပြတ်သတ်သွားတယ်။ တော်တော်အထိုးခံလိုက်ရပါတယ်။ ဆရာမတွေ၊ ဆရာဝန်တွေ အကုန်လုံးကိုလည်း သေနတ်တွေနဲ့ထောက်၊ ခြိမ်းခြောက်ပြီးတော့ ဖုန်းတွေလည်း အကုန်လုံး ယူသွားပါတယ်။ လုံးဝမကျန်ပါဘူး။ ဆရာဝန်၊ ဆရာမတွေရဲ့ ဖုန်းတွေ၊ နပ်စ်မတွေရဲ့ဖုန်းတွေ၊ အကုန်ပါသွားပါတယ်” ဟု တမူးမြို့၊ လုံခြုံရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ယင်းလုံခြုံရေးအဖွဲ့သည် စစ်ကောင်စီ၏ ဖိနှိပ်မှုများကို ရရာလက်နက်များဖြင့် ခုခံတော်လှန်နေသည့် လူငယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
တမူးမြို့ ရပ်ကွက်တိုင်း၌ အာဏာသိမ်းမှုဆန့်ကျင်သူတို့ ပိတ်ဆို့ထားသော သဲအိတ်ဘန်ကာများကို ယနေ့ နံနက် ၅ နာရီဝန်းကျင်ကတည်းက အာဏာသိမ်းစစ်တပ်က အင်အားအများအပြားဖြင့် ဝင်ရောက်ဖြိုခွင်းနေသည်။
စစ်တပ်က မြေကော်စက် (ဘူဒိုဇာ) များ အသုံးပြု၍ ခံတပ်များဖြိုခွဲပြီး လူနေရပ်ကွက်များအတွင်း ပစ်ခတ်ခဲ့ရာ ဒေသခံများက တူမီးအပါအဝင် ရရာလက်နက်များဖြင့် ခုခံခဲ့ကြသည်။
သို့ရာတွင် နေရာအနှံ့တွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်ဘက်က အင်အားပိုများနေသည်ဟု တမူးမြို့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကျွန်တော်တို့က လုံးဝ အင်အားမမျှတဲ့အတွက်ကြောင့် တော်တော်ကို နောက်ဆုတ်နေရတယ်” ဟု သူက ပြောသည်။
ဂေါ်ရခါးလူမျိုးနှစ်ဦးလည်း အဖမ်းခံရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
တူမီးသေနတ်အပါအဝင် ရရာလက်နက်စွဲကိုင်ပြီး ခုခံနေသည့် တမူးမြို့ကို ဖြိုခွဲရန် အာဏာသိမ်းစစ်တပ်က ပြီးခဲ့သည့်ရက်ပိုင်းကတည်းက စစ်အင်အားဖြည့်တင်းခဲ့ခြင်း ဖြစ်သည်။
ယနေ့ဖြိုခွင်းမှုတွင် အာဏာသိမ်းစစ်တပ်ဘက်မှ စနိုက်ပါကိုင်ဆောင်ထားသည့် စစ်သားများလည်း ပါဝင်ပြီး ဒရုန်းဖြင့် ထောက်လှမ်းသည်ကိုလည်း တွေ့ရကြောင်း တမူးမြို့လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပြီးခဲ့ရက်ပိုင်းမှစ၍ စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များ ပစ်ခတ်ဖြိုခွဲမှုများ ခပ်စိပ်စိပ်ပြုလုပ်၍ တမူးမြို့ဒေသခံအများအပြား နေအိမ်များစွန့်ခွာပြီး ထွက်ပြေးနေရသည်။
အိန္ဒိယနယ်စပ် တမူးမြို့တွင် အာဏာသိမ်းစစ်တပ်က အင်အားသုံးကာ အရပ်သားပြည်သူများကိုပါ အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခဲ့ကာ တမူးဒေသခံများက တူမီးဖြင့် ပြန်ခုခံခဲ့သောကြောင့် ပိုမိုအင်အားသုံးကာ ဖြိုခွင်းနေခြင်း ဖြစ်သည်။
မတ်လ ၂၅ ညပိုင်းတွင် လမ်းသွားလမ်းလာတစ်ဦး ပစ်သတ်ခံခဲ့ရပြီး ပထမဆုံး သွေးမြေကျခဲ့သည်။ ဧပြီ ၁ ရက်နေ့ ညက စစ်ကောင်စီလက်အောက် အလုပ်တာဝန်ကို ဖီဆန်သော CDM လှုပ်ရှားမှုတွင် ပါဝင်သူ ရဲတစ်ဦး ဦးဆောင်ပြီး တမူးမြို့၊ နန်းဖာလုံရဲကင်းကို ဝင်တိုက်ရာ ရဲ ၅ ဦး သေဆုံးခဲ့သည်။
ဧပြီ ၁၀ ၌ အာဏာသိမ်းစစ်တပ်က လမ်းသွားလမ်းလာနှစ်ဦးကို ပစ်သတ်ခဲ့ပြီး ဒေသခံများက ပြန်ခုခံရာတွင် စစ်တပ်မှ ၁၀ ဦးထက်မနည်း သေဆုံးသည်။
ဧပြီ ၁၁ နေ့လယ်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ တမူးမြို့၊ ခရိုင်ရဲတပ်ဖွဲ့ရုံးရှေ့မှ ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားသူနှစ်ဦး ပစ်ခတ်ခံရရာ တစ်ဦး ပွဲချင်းပြီးသေဆုံးသွားသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ အားကောင်းပြီး ၊ လက်နက်ကိုင်တပ်များကို ရရာလက်နက်ဖြင့် ပြန်လည်ခုခံနေသည့် မြို့များကို ပစ်မှတ်ထားပြီး ဧပြီလဆန်းပိုင်းမှစ၍ အာဏာသိမ်းစစ်ကောင်စီလက်နက်ကိုင်များက အင်အားအလုံးအရင်းဖြင့် ပစ်ခတ်ဖြိုခွဲ အကြမ်းဖက်သတ်ဖြတ်မှုများ လုပ်ဆောင်နေသည်။
အာဏာသိမ်းပြီး ရက်ပေါင်း ၇၀ အတွင်း စစ်ကောင်စီ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၇၀၀ ကျော် ကျဆုံးပြီး ၃၀၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားသည်။
တမူးမြို့အတွင်း ပစ်ခတ်မှု၊ ပုဂ္ဂလိကဆေးရုံကို ဝင်ရောက်ပြီး လက်ကိုင်ဖုန်းများ လုယူမှုတို့နှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီ ပြန်ကြားရေးအရာရှိက ရှင်းလင်းခြင်း မရှိသေးပေ။ ၎င်းကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။
အာဏာသိမ်းစစ်တပ်သည် ဆေးရုံဆေးခန်းများ ဝင်ရောက်စီးနင်းပစ်ခတ်မှုများကို ရန်ကုန်မြို့တွင်လည်း ကျူးလွန်ခဲ့သေးသည်။
မတ်လအတွင်း ရန်ကုန်မြို့ မြောက်ဥက္ကလာရှိ ရွှေလမင်းဆေးရုံ၊ ဗဟန်း ရွှေဂုံတိုင်ရှိ SSC ဆေးရုံအနီး Women Center တို့ကို ပစ်ခတ်ခဲ့ကာ အလုံမြို့နယ်ရှိ အကယ်ဒမီဆေးရုံအတွင်း ရှာဖွေမွှေနှောက်ခဲ့ကြသည်။
စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းပေါ်ရှိ အာရှတော်ဝင်ဆေးရုံအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့၍ ဆေးရုံဝန်ထမ်းတစ်ဦး ဒဏ်ရာရခဲ့သည်။