သတင်း

ပဲခူးပစ်ခတ်မှု ၆၀ ထက်မနည်း သေဆုံး

ပဲခူးမြို့တွင် စစ်ကောင်စီတပ်များ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ယနေ့ ပြည်သူ ၆၀ ထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အများအပြားရှိကြောင်း သပိတ်ခေါင်းဆောင်တစ်ဦးက ပြောသည်။ 

ယနေ့ နံနက် ၄ နာရီခွဲကတည်းက ပဲခူးမြို့ အဓိကခံတပ်ဖြစ်သည့် မဂ္ဂတစ်ခံတပ်ကို လက်နက်ကြီးများအသုံးပြုကာ တိုက်ခိုက်ခဲ့ပြီး ယနေ့ည ၁၀ နာရီဝန်းကျင်အထိ ပစ်ခတ်နေဆဲ ဖြစ်သည်။ 

ပဲခူးမြို့ ရှင်စောပုဘုရားဝင်း (ဇေယျာမုနိ) တွင် စုပုံထားသော ရုပ်အလောင်း ၅၇ လောင်းကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက သယ်ဆောင်သွားသည်ကို မြင်တွေ့ခဲ့ရပြီး ရင်ခွဲရုံတွင် ၃ လောင်း၊ သုသာန်တွင် ချက်ချင်း သင်္ဂြိုဟ်သွားသည့် အလောင်း ၁ လောင်းရှိသည်ဟု မျက်မြင်သက်သေတချို့ကို ကိုးကားပြီး သပိတ်ခေါင်းဆောင် ကိုရဲထွဋ်က ပြောသည်။

” ဒါကတော့ ၆၁ လောင်း၊ နောက်ထပ် လမ်းထဲမှာ မကောက်ရသေးလို့ အကူအညီတောင်းထားတာတွေ ရှိတယ်၊ အဲဒါက ရင်ခွဲရုံရောက်တဲ့အထဲမှာပဲ ပါလား။ တပ်က သိမ်းထားတဲ့မှာပဲ ပါလားဆိုတာ မသေချာတဲ့အတွက် ၆၁ လောင်း အကျော်ဘက်ကပဲ ရှိမယ်” ဟု ကိုရဲထွဋ်က ပြောသည်။ 

ကိုရဲထွဋ်သည် ပဲခူးမြို့၏ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး စစ်တပ်မှ ဖမ်းဝရမ်းထုတ်ခံထားရသူ ဖြစ်သည်။ 

ပဲခူးမြို့အဓိကခံတပ်ဖြစ်သည့် မဂ္ဂတစ်လမ်းမကြီးပေါ်ရှိ ခံတပ်ကို ယနေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်များက ဝင်ပစ်ခဲ့ပြီးနောက် ညနေပိုင်းအထိ ပစ်ခတ်နေကာ အလင်းရောင်၊ အင်းဝင်၊ ဆိုရှယ်လစ်၊ မှော်ကန်နှင့် ပုဏ္ဏားစုရပ်ကွက်များမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြသည်။ 

“ဒါဟာ လူမျိုးသုဉ်းသတ်ဖြတ်နေတာပဲ။ မည်းမည်းမြင်သမျှ ပစ်နေကြတယ်။ ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေလိုပါပဲ။ တိုင်းရင်းသားဒေသတွေကို ကိုယ်ချင်းစာတယ်။ မြန်မာလူမျိုးချင်း လူမျိုးသုဉ်းသတ်ဖြတ်နေတယ်လို့ ခံစားရတယ်” ဟု သပိတ်ခေါင်းဆောင်က ဆိုသည်။ 

“ပဲခူးမှာ လမ်းတွေပေါ်မှာ လက်နက်ကိုင်တွေ ချထားတုန်းပဲ။ လူရိပ်မြင်ရင် ပစ်နေတုန်းပဲ”

ပဲခူးမြို့ ဆိုရှယ်လစ်ရပ်ကွက်တွင် ရှိသည့် ရှင်စောပုဘုရားဝင်းတွင် သေဆုံးသူများ ရုပ်အလောင်းများနှင့် ဒဏ်ရာရသူများကို ဆေးကုခွင့်ရရှိရန် ပဲခူးမြို့ခံဆရာတော်များက စစ်ကောင်စီ၏ တပ်များထံ သွား‌ရောက်တောင်းယူခဲ့သော်လည်း မရရှိခဲ့ကြောင်း ပဲခူးမြို့ခံတစ်ဦးက ပြောသည်။ 

မတ်လ ၂၇ ရက်နေ့က မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်ကောင်စီတပ်က ဆန္ဒပြပြည်သူ ၁၀၀ ထက်မနည်းကို ပစ်သတ်ခဲ့ရာ ထိုနေ့သည် အာဏာသိမ်းသည့် နှစ်လအတွင်း အရပ်သားပစ်သတ်ခံရမှု အများဆုံးနေ့ဖြစ်ခဲ့သည်။ 

ပဲခူးတွင် ယနေ့ အရပ်သားကျဆုံးမှုနှုန်း များပြားသည့်အတွက် တစ်နေ့တည်း ပစ်သတ်ခံရမှုအများဆုံးမြို့ ဖြစ်လာသည်။

အများပြည်သူ အင်တာနက်အသုံးပြုနိုင်မှုကို အာဏာသိမ်းစစ်ကောင်စီက တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသဖြင့် သတင်းစီးဆင်းမှု လွယ်ကူခြင်းမရှိပေ။ 

ပဲခူးမြို့အတွင်း အဆက်မပြတ် ပစ်ခတ်နေမှုကြောင့် ဒေသခံတို့သည် ပစ်သတ်ခံရမှုသတင်းများကို ပြင်ပသို့ ပေးပို့ရန် ခက်ခဲနေသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ခေါင်းဆောင်တို့သည် UWSA, SSPP/SSA တပ်ဖွဲ့များထံ သွားရောက်ပြီး အာဏာသိမ်းရသည့် အကြောင်းရင်းကို ရှင်းပြရန် ကြိုးစားခဲ့သည်ဟု သိရသည်။

ရက္ခိုင့်တပ်တော် AA အပါအဝင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က အာဏာသိမ်းစစ်တပ်သည် ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသောကြောင့် အပစ်ရပ်စဲထားမှုအပေါ် ပြန်သုံးသပ်သွားမည်ဖြစ်ကြောင်း မတ် ၃၀ တွင် ကြေညာထားသည်။ အပစ်ရပ်သက်တမ်းမှာ ၃၁ ရက်နေ့တွင် ကုန်ဆုံးသော်လည်း သက်တမ်းတိုးခြင်း မရှိသေးပေ။

ဤအတောအတွင်း နိုင်ငံတကာကလည်း စစ်ကောင်စီကို အဆက်မပြတ် ဖိအားပေး ရှုတ်ချလျက်ရှိသည်။

အကြမ်းဖက်မှုကို ရပ်တန့်ရန်၊ နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ရန်၊ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရန် မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများက အာဏာသိမ်းစစ်ကောင်စီကို ယနေ့ ဧပြီ ၉ ရက်နေ့ ရက်စွဲဖြင့် တောင်းဆိုထားသည်။ 

Related Articles

Back to top button