အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် ပဲခူးဒေသခံများ တိမ်းရှောင်

ပဲခူးမြို့အဓိကခံတပ်ဖြစ်သည့် မဂ္ဂတစ်လမ်းမကြီးပေါ်ရှိ ခံတပ်ကို ယနေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်များက အလစ်အငိုက်ဝင်ပစ်ခဲ့ပြီးနောက် ဒေသခံများမှာ နေအိမ်များမှ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများနှင့် သပိတ်ခေါင်းဆောင်တစ်ဦးက ပြောသည်။ 

“အလုံးအရင်းနဲ့ ဝင်လာတော့ ပြည်သူက ရရာအထုပ်ဆွဲပြီး ပြေးတာ။ လာပစ်တဲ့အင်အားက ရာနဲ့ချီတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုများကြောင့် အလင်းရောင်၊ အင်းဝင်၊ ဆိုရှယ်လစ်၊ မှော်ကန်နှင့် ပုဏ္ဏားစုရပ်ကွက်များမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြခြင်း ဖြစ်သည်။ 

ယင်းရပ်ကွက်များမှာ သပိတ်ခံတပ်ကာကွယ်ရေးအဖွဲ့များ အများဆုံးရှိသည့် ရပ်ကွက်များဖြစ်ပြီး ယနေ့ ည ၇ နာရီခွဲအချိန်ထိ အလင်းရောင်ရပ်ကွက်အတွင်း စစ်ကောင်စီတပ်များက ဝင်‌ရောက်ပစ်ခတ်နေကြောင်း ပဲခူးမြို့ခံတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ပဲခူးမြို့အတွင်း ယနေ့ (ဧပြီ ၉) နံနက် ၄ နာရီခွဲတွင် လက်နက်ကြီးများအသုံးပြု စတင်ဖြိုခွဲခဲ့ပြီး သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိနိုင်သည်ဟု ဒေသခံအများအပြားက ပြောသည်။  

“ပစ်ခတ်နေတဲ့ကြားထဲ မဂ္ဂတစ်လမ်းမကြီး၊ ဆံတော်တွင်းလမ်းမကြီးနဲ့ နာရီစင်လမ်းမကြီးက ဘယ်သူမှ ကပ်လို့ မရဘူး။ အဲဒီတော့ ၂၀ သေတာလား၊ ၃၀ သေတာလား၊ ၄၀ သေတာလားဆိုတာ ဘယ်သူမှ အတည်ပြုလို့မရဘူး” ဟု သပိတ်ခေါင်းဆောင်က ပြောသည်။ 

“ပဲခူးက အကြမ်းဆုံးလို့တောင် ပြောလို့ရတယ်။ မဂ္ဂတစ်လမ်းမနဲ့ ဆံတော်တွင်းလမ်းကို တရစပ်ပစ်တာ” ဟု ၎င်းက ဆက်ပြောသည်။ 

ထိခိုက်ဒဏ်ရာရရှိသူနှင့် ကျဆုံးသူစုစုပေါင်း ၆၂ ဦးရှိနေပြီဖြစ်ပြီး ထိုသူများကို ဆိုရှယ်လစ် (၁)လမ်းထိပ် စာသင်ကျောင်းနှင့် ဇေယျာမုနိဘုရားဝင်းအတွင်း နှစ်သုတ်ခွဲထားကာ ယနေ့ည ၇ နာရီခွဲ တွင် ကျဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို စစ်ကားများနှင့် တပ်မ ၇၇ ဝင်းအတွင်းသို့ သယ်ဆောင်သွားကြောင်း၊ ပစ်ခတ်မှုများ ဆက်လက်ရှိနေကြောင်း ယနေ့ ည ၈း၄၅ တွင် ပဲခူးမှ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

ထို့ပြင် မဂ္ဂတစ်လမ်းမကြီးတလျှောက် လျှပ်စစ်မီး ဖြတ်တောက်ထားကြောင်း သိရသည်။ 

ယနေ့နံနက်ပိုင်းက မဂ္ဂတစ်လမ်းမကြီးတစ်လျှောက်အပြင် မြို့ဦးကင်း ၊ ပဲခူးချောင်းတာပေါ်၊ မဂ္ဂတစ်လမ်းမတန်းနှင့် စံတော်တွင်းလမ်းမတန်း စသည့် အရပ်လေးမျက်နှာမှ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ 

ညနေခင်းတွင် စစ်ကောင်စီတပ်များ ထပ်မံရောက်ရှိလာပြီး ဆံတော်တွင်းလမ်းမကြီးတွင် စစ်ကား ၁၀ စီးခန့် ထပ်ရောက်လာကာ လူနေရပ်ကွက်များအတွင်း ဝင်ရောက်ပစ်ခတ်ခြင်း ဖြစ်သည်။ 

လက်ရှိအချိန်တွင် ပဲခူးမြို့၊ ဇေယျာမုနိဘုရားဝင်းအတွင်း စစ်ကောင်စီတပ်များ တပ်စွဲထားပြီး ဘုရားဝင်းအတွင်း သေဆုံးသူအလောင်းများ ပုံထားပြီး ဒဏ်ရာရသူများကိုပါ ဖမ်းဆီးထားကြောင်း သိရသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button