
ဆောင်းတွင်းကာလ ဇန်နဝါရီလ တတိယပတ်၏ အအေးဓာတ်က အလင်းရောင်ပျောက်သည်နှင့် သိသိ သာသာ မြင့်တက်လာသည်။ ငါးပေပတ်လည်မျှသာကျယ်သည့် လူသုံးယောက်နေရာ အချုပ်ခန်းငယ်ရှေ့ ကို ည ၇ နာရီဝန်းကျင်တွင် အစောင့်တချို့ရောက်လာပြီး ကိုထွန်းကြိုင်ကို မျက်လုံး အဝတ်စည်း၊ လက်ပြန် ကြိုးတုပ်ကာ ခေါ်ထုတ်သွားသည်။
ကိုထွန်းကြိုင်သည် ယောကာကွယ်ရေးတပ် (YDF) ၏ တပ်ဖွဲ့ဝင် ဖြစ်သည်။ သူ့ကိုYDF တပ်စခန်းနှင့် မလှမ်းမကမ်းတွင်ရှိသော တောအုပ်တွင်း စစ်ကြောရေးစခန်းဆီ ခေါ်ဆောင်သွားခြင်း ဖြစ်သည်။ မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း ထိုစခန်းရှိ ညအချိန် စစ်ကြောရေးများသည် နာရီနှင့်ချီ ကြာမြင့်တတ်ပြီး အရုဏ်မတက်မီ အချိန် အထိလည်း ကြာတတ်သည်။
ထို့နေ့က ညသန်းခေါင်ချိန်တွင် စစ်ကြောရေး ပြီးဆုံးသွားသည်။ သို့တိုင် အချုပ်အခန်းဆီ ချက်ချင်း ပြန် မပို့ဘဲ ထိပ်တုံး ခေါ် ခြောက်ပေါက် ထားသည့် နေရာတွင် ဆက်ချုပ်နှောင်ထားသည်။ အချုပ်သားများ ထားရှိရာ အဆောင်နှင့် ထိပ်တုံးထားသည့်ရုံမှာ မီတာ ၂၀ ခန့်သာ ဝေးသည်။
ထို့ကြောင့် အချုပ်ကျနေသော အခြား YDF တပ်ဖွဲ့ဝင်ဖြစ်သူ ကိုသားငယ် ဆိုသူက ညအမှောင်တွင် ပတ်ဝန်းကျင်ကိုမမြင်ရသော်လည်း ခြောက်ပေါက်တဲဆီမှ ကိုထွန်းကြိုင်၏ အကူအညီတောင်းသံကို အချုပ်ကျနေသော ကြားခဲ့ရသည်။
ကိုထွန်းကြိုင်က စစ်ဆေးမေးမြန်းရင်း ရိုက်နှက်ခံထားရသည့် ဒဏ်ရာဒဏ်ချက်များ နာကျင်လွန်းသဖြင့် ညည်းညူနေရခြင်းပင်။
၎င်းက ဒဏ်ရာများကို ဆေးမှူးနှင့် ပြသခွင့် ပေးရန် တောင်းဆိုသည်ကို ပလီသည်ဟု ဆိုကာ အချုပ်ခန်း စောင့်တာဝန်ကျရဲဘော်များက ရိုက်နှက်ကြသေးသည်။ နာရီပိုင်းအကြာတွင် ဆေးကုသမှု ပေးရန် ထပ်မံ အကူညီတောင်းခဲ့သော်လည်း ထပ်ဆင့်ရိုက်နှက်မှုကိုသာ ရရှိခဲ့သည်။
ထမင်းချက်တာဝန်ကျ အချုပ်သားများဖြစ်သည့် ဦးဖိုးသားလေး တို့ ၂ ဦး နံနက်အရုဏ်တက်ချိန်တွင် မြင်လိုက်ရသည်က ကိုထွန်းကြိုင်၏ အဆိုးဆုံးအခြေအနေသို့ ရောက်ရှိသော မြင်ကွင်းဖြစ်သည်။
မျက်နှာ၊ ကျောနှင့် ခြေထောက်တို့တွင် ဒဏ်ရာဒဏ်ချက်အပြည့်နှင့် တကိုယ်လုံး အေးစက် တောင့်တင်းနေသည့် ကိုထွန်းကြိုင်ကို မီးဖိုနားခေါ်ဆောင်သွားပြီး နွေးထွေးလာစေရန်တတ်စွမ်းသမျှ ကြိုးစားခဲ့ကြသော်လည်း မကယ်တင်နိုင်ခဲ့ကြောင်း ဦးဖိုးသားလေးက ဆိုသည်။
“မီးဖိုနားမှာ ပီနံအိတ်အောက်ကခင်းပြီးတော့ ခြေဖဝါးတွေရော၊ လက်တွေရော အကုန်လုံး မီးကင်ပြီးတော့ နှိပ်ပေးနေတာ။ ပြီးတော့မှ သိပ်မကြာဘူး။ ကျွန်တော်လက်ပေါ်မှာတင် အသက်က ထွက်သွားတော့တာ။ နှိပ်ပေးနေရင်း ကင်ပေးနေရင်း မင်း သတိလစ်လို့မရဘူးလို့ ပါးစပ်ကလည်း ပြောတယ်၊ နာမည်လည်းခေါ် ပြီး သတိပေးနေတာဗျ။ အဲ့ဒီထဲမှာကို ဆုံးသွားတာ” ဟု ဦးဖိုးသားလေးက ပြောသည်။
ကိုထွန်းကြိုင်၏အလောင်းကို အချုပ်သားများမမြင်စေရန် အလင်း ရောင် သဲသဲကွဲကွဲမလာမီ သယ်ထုတ်ကာ သင်္ဂြိုဟ်ခဲ့သည်။
ထိုသတင်းမပေါက်ကြားစေရန် အချုပ်ထောင်တာဝန်ရှိသူများက သတိပေးခြိမ်းခြောက်သဖြင့် ဦးဖိုးသားလေးနှင့် အခြားတစ်ယောက်လည်း တစိုးတစိမျှ မဟဝံ့ဘဲ နှုတ်ဆိတ်နေခဲ့ရသည်။
ကိုထွန်းကြိုင် ပြန်မလာနိုင်တော့သည်ကို သတင်းအမှောင်ချမှုများကြောင့် မည်သူမျှ တိတိပပ မသိခဲ့ကြရ။ ကျန်းမာရေးထိခိုက်ပြီး ဆေးကုသမှု ခံယူနေရသည်ဟု အချုပ်ထောင်တာဝန်ရှိသူများက သတင်းလွှင့်ထားခဲ့ကြသည်။
ထိုသို့ဖြင့် အညာသား YDF ရဲဘော် ကိုထွန်းကြိုင်မှာ ဇာတိမြေမှ မိုင် ၂၀၀ နီးပါးဝေးသည့် မကွေးတိုင်း၊ ယောဒေသတွင် တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းလက်ချက်ဖြင့် လူမသိသူမသိ အသက်ဆုံးပါးခဲ့ရသည်။
ထိုဖြစ်ရပ်မှာ YDF ၏ အကျဉ်းထောင်တွင်း နှိပ်စက်ညှဉ်းပန်းမှုကြောင့် အသက် သေဆုံးသည်အထိ ဖြစ်ခဲ့ရသည့် ပထမဆုံးဖြစ်ရပ်တစ်ခု ဖြစ်သည်။
အာဏာသိမ်းစစ်တပ်၏ လူထုကို အကြမ်းဖက်နှိမ်နင်းသတ်ဖြတ်မှုများကို မခံမရပ်နိုင်သည့် ယောဒေသ လူငယ်များကို လက်နက်ကိုင်ခုခံရန် ရွေးချယ်ခဲ့ကြပြီး ၂၀၂၁ မေလတွင် ယောကာကွယ်ရေးတပ်ကို စတင် တည်ထောင်ခဲ့ပြီး သီးခြားရပ်တည်လှုပ်ရှားခဲ့ကြသည်။
မကွေးတိုင်းမြောက်ပိုင်း ဂန့်ဂေါခရိုင်အတွင်း ဂန့်ဂေါ၊ ဆော၊ ကျော၊ ထီးလင်း၊ ကျောက်ထု စသည့်မြို့များ ပါဝင်သည့် ယောဒေသ သည် ချင်းတောင်၊ စစ်ကိုင်းတိုင်းတို့နှင့် ထိစပ်နေပြီး အချက်အချာကျသည့်ဒေသ လည်းဖြစ်သည်။ ချင်းတောင်မှ ပြည်မ မကွေးတိုင်းထဲသို့ဖြစ်သော မင်းတပ်-ပခုက္ကူလမ်းသည်လည်း ယောဒေသမှ ဖြတ်သန်းသွားသည်။
ယောဒေသကာကွယ်ရေးတပ်သည် အာရက္ခတပ်တော် (AA) ၏ မဟာမိတ်တပ်ဖွဲ့လည်းဖြစ်ပြီး ယောဒေသ တွင်သာမက ရခိုင်နှင့် ချင်းပြည်နယ်တွင်လည်း မဟာမိတ်တပ်များနှင့်အတူ ပူးတွဲစစ်ရေးလှုပ်ရှားမှုများ လုပ်ခဲ့သည်။
ထို့ပြင် ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင်လည်း Generation Z Army (GZA) နှင့်မဟာမိတ် ဖြစ်လာသည်။ ယခင်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲ အခြေစိုက်လှုပ်ရှားခဲ့သည့် GZA မှာ ၂၀၂၃ နှစ်ကုန်ပိုင်းက စပြီး YDF အခြေ စိုက်ရာ ယောဒေသတွင် ရုံးစိုက်လာသည်၊ မဟာမိတ်အဖွဲ့များဖြစ်သည့် AA, YDF နှင့်အတူ စစ်ရေးလှုပ်ရှား မှုများ ပြုလုပ်နေသည်။
YDF သည် ၎င်းတို့စိုးမိုးလှုပ်ရှားရာ ဒေသဖြစ်သည့် ဂန့်ဂေါ မြို့နယ်တွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက အချုပ် ထောင်တစ်ခု ဆောက်လုပ်ခဲ့သည်။ ထိုအချုပ်ထောင်ထဲ ဖမ်းဆီးချုပ်နှောင်ခံရသူများတွင် YDF တပ်ဖွဲ့ဝင် များနှင့် GZA တပ်ဖွဲ့ဝင်အများစု ပါဝင်သလို အရပ်သားတချို့လည်း ပါဝင်သည်။
ထိုနေရာတွင် နှိပ်စက်ညှဉ်းပန်းမှုကြောင့် ကိုထွန်းကြိုင် သေဆုံးခဲ့ပြီးနောက် တစ်လကျော်အကြာ မတ် ၃၀ ရက်နေ့က YDF ထောင်မှူး၏ ရမ်းကားပစ်ခတ်မှုအတွင်း အချုပ်ကျနေသည့် အရပ်သားတစ်ဦး သေဆုံးခဲ့မှု ဖြစ်ပေါ်ခဲ့သေးသည်။
(ထိုအကြောင်းအရာကို အောက်ဘက်တွင် ဖော်ပြထားသည်)
အိမ်ပြန်လိုသည့် အညာသားရဲဘော်များ
ချင်းတောင် ဖလမ်းတိုက်ပွဲတွင် GZAနှင့် လက်တွဲ၍ လနှင့်ချီကြာ တိုက်ခိုက်ခဲ့သည့် အညာသား ရဲဘော် ၃ ဦး အိမ်ပြန်လိုသဖြင့် ယခုနှစ် ဖေဖော်ဝါရီတတိယပတ်က ယောဒေသသို့ ပြန်ဆင်းလာချိန် YDF တပ်ဖွဲ့ဝင် များ၏ ဖမ်းဆီးခြင်း ခံလိုက်ရသည်။
ဝက်လက်ဒေသတွင် အခြေပြုလှုပ်ရှားသည့် တော်ဝင်ဖီးနစ်အဖွဲ့ ဝင်တချို့မှာ GZA နှင့်လက်တွဲပြီး ရခိုင်နှင့် ချင်း စစ်မျက်နှာတချို့တွင် GZA အမည်အောက်မှ တိုက်ပွဲဝင်ခဲ့ကြခြင်း ဖြစ်သည်။
AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ ဦးစီးဖော်ဆောင်သည့် “၁၀၂၇” စစ်ဆင်ရေးတွင် ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် နိုင်ငံအလယ်ပိုင်းမှ တော်လှန်ရေးအဖွဲ့တချို့လည်း မဟာမိတ်အင်အားများအဖြစ် ပူးပေါင်းပါဝင်ခဲ့ကြသည်။
ထိုအထဲတွင် GZA သည် ရခိုင်ဒေသထိုးစစ် မတိုင်မီ ၃ လ အလိုတွင် အင်အားရာဂဏန်းဖြင့် ရခိုင်ပြည်နယ် သို့ ရောက်ရှိခဲ့သည်။ အလားတူ YDF တပ်သည်လည်း AA ၏ မဟာမိတ်အဖြစ် ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ သည်။

ရေမြေသဘာဝကွဲပြားခြားနားရာဒေသများတွင် မျှော်မှန်းထားသည်ထက် တိုက်ပွဲကာလ ပိုကြာမြင့် လာသဖြင့် ရဲဘော်တချို့မှာ နေရပ်ပြန်ရန် ဆန္ဒရှိခဲ့ကြသည်။ ထို့အတွက် ယောဒေသရှိ GZA စစ်ဦးစီးချုပ်ရုံး ကို သတင်းပို့ပြီး နေရပ်ပြန်ရန် တော်ဝင်ဖီးနစ်အဖွဲ့ခေါင်းဆောင် ကိုရဲလင်း (အမည်လွှဲ) အပါအဝင် ၃ ဦးမှာ ချင်းတောင်မှ ဆင်းလာခဲ့ကြသည်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် GZA ၏ မဟာမိတ်အဖွဲ့ဖြစ်သည့် YDF တပ်ဖွဲ့ဝင်တချို့က ကိုရဲလင်းတို့ကို လာရောက် ခေါ်ဆောင်သွားပြီး နောက်ရက်များတွင် အချုပ်ထောင်ကို ပို့လိုက်သည်။
ကိုမိုး၊ ကိုရဲလင်း တို့အပါအဝင် စစ်ကိုင်းဘက်မှ အညာသားရဲဘော်တချို့ကို ယခုအချုပ်ထောင်အတွင်း မည်သည့်အတွက်ကြောင့် ဖမ်းဆီးထားသည်၊ ပြစ်ဒဏ်ကာလ မည်မျှ ကြာမြင့်မည် စသည့် အချက်များ ဘာတစ်ခုမှမသိရ။ နေထွက်နေဝင် နေ့စဉ်ရက်ဆက် အလုပ်ကြမ်း၊ စိတ်မထင်သလို အပြစ်ပေး ရိုက်နှက်မှုတို့ကို ခါးစည်းခံကြရသည်။
နေ့လယ် ထမင်းစားနားချိန် နာရီဝက်ခန့်မှအပ နံနက် ၆ နာရီခန့်မှ ညနေ ၆ နာရီ အထိ သံခြေကျင်းဖြင့် တစ်နေကုန် အလုပ်လုပ်ရသည်။ ကတုတ်ကျင်း၊ အိမ်သာ ကျင်းတူးရသည်။ တောင်ပေါ် တက် ဝါးခုတ်ရ သည်။ သတ်မှတ်အလုပ် အချိန်မီမပြီးလျှင် ရိုက်နှက်သည်။
“၅ ပေပတ်လည်ကျင်းတစ်ကျင်းကို တစ်မနက်ခင်းနဲ့အပြီးတူးဆို ပြီးအောင်တူးရတယ်။ မပြီးရင် ၁၀ ချက်၊ ၁၅ ချက် ရိုက်တယ်။ သတိဆွဲခိုင်းပြီး မျက်နှာတွေရိုက်တာရှိတယ်။ လက်သီးနဲ့ထိုးတာရှိတယ်။ လက်ထောက် မှောက်ခိုင်းပြီးတော့ ရိုက်တာလည်းရှိတယ်။ မထင်ရင် မထင်သလိုရိုက်တာ” ဟု အချုပ်ထောင် တွင်းကြုံတွေ့ခဲ့ရ သည့် နေ့ရက်များအကြောင်းကို ကိုမိုးက ဖွင့်ဟသည်။
“ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်ပေါက်လောက်အောင်ထိ ဆိုးတယ်။ ဘာလို့လဲဆို တစ်နေ့တစ်နေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ပြီးရင် ရိုက်တာ …ခံရသေးတာ။ စားရတာ မဝရေစာဗျာ။ ငါယောကျာ်း၊ ငါ စစ်သား သေလို့ မဖြစ်ဘူး ဆိုပြီး အဲ့လိုအတွေးနဲ့ပဲရှင်သန်ရတာ”
ထောင်တွင်း နှိပ်စက်အပြစ်ပေးမှုများအနက် အဆိုးရွားဆုံးတစ်ခုမှာ မြေတိုက်ထဲတွင် တိုက်ပိတ်ခြင်းဖြစ် သည်။ ပုန်းခိုကျင်း တစ်ဖြစ်လဲ Overhead မြေကျင်းထဲတွင် ချုပ်နှောင်ထားခြင်းဖြစ် သည်။
စစ်ကြောင်းမှူး အဖြစ် တာဝန်ယူထားရသည့် YDF တပ်ကြပ်ကြီးစိုင်းဇော်ဝင်းမှာ မြေတိုက်ထဲ ချုပ်နှောင် မခံရမီ စစ်ကြောရေးကာလကိုဖြတ်သန်းခဲ့ရသည်။ မျက်လုံးပုဝါစည်း၊ ခြေထိပ်၊ လက်ထိပ်ခတ်ကာ မြေကြီးပေါ် တွင် ဒူးထောက်ခိုင်းထားပြီး ထောင်မှူးရဲလေးနှင့်အဖွဲ့က မေးမြန်းစစ်ဆေးကြသည်။
အဖြေမှန်လျှင်လည်း ရိုက်သည်။ မှားလျှင်လည်းရိုက်သည်။ ဖြေကြားရန် ကျန်လျှင်လည်း ရိုက်သည်။ ထို့ပြင် လက်ထောက် မှောက်ခိုင်းပြီး ဝမ်းဗိုက်ကို မီးနှင့်မြှိုက်ပြီး မေးသည်။
ထို့နောက် နှိပ်စက်ဒဏ်ရာဒဏ်ချက်များ၊ ဝမ်းဗိုက်မီးလောင်ဒဏ်ရာများရှိနေသည့် ကိုစိုင်းဇော်ဝင်းကို အခြား အချုပ်သား များနှင့်အဆက်သွယ်ပြတ်စေရန် မြေကျင်းထဲ တိုက်ပိတ်ထားသည်။
ငါးတောင်ပတ်လည်ခန့် မြေတွင်းအပေါ်တွင် သစ်တုံးစီထားရာ ဝင်ပေါက်တစ်ခုသာရှိပြီး အတွင်းပိုင်းမှာ မည်းမှောင်နေသည်။ မြေတိုက်ထဲထည့် ပိတ်ထားချိန်တွင် လက်ထိပ်ခတ်လျက်၊ မျက်လုံးတွင်လည်း ပုဝါစည်းထားသည်။ ထို့ပြင် ကြမ်းခင်းနှင့် ခြေထောက်ကို သံကြိုးနှင့်တွဲခတ်ထားသည်။
ဆောင်းတွင်းကာလ ညအိပ်လျှင်လည်း စောင်ခြုံခွင့်မပေး…အနွေးထည်ကိုပင် ချွတ်ခိုင်းပြီး အင်္ကျီ၊ ပုဆိုးသက်သက်ဖြင့်သာ ထားသည်။ မနက်တစ်ကြိမ် ညနေတစ်ကြိမ် ထမင်းသုံးဆုပ်နှင့် ရေတစ်ခွက် ပေးသည်။ အပေါ့အပါး သွားရန် ရေသန့်ဘူးခွံ တစ်လုံးပေးထားသည်။ အေးစက်မှောင်မိုက်နေသည့် မြေတိုက်ထဲတွင် ၁၇ ရက် ကြာအောင် ပိတ်လှောင်ခံခဲ့ရကြောင်း စိုင်းဇော်ဝင်းက သူ့အတွေ့အကြုံကိုပြောသည်။
အကျဉ်းထောင်ထဲ အလုပ်ကြမ်းနှင့် ရိုက်နှက်နှိပ်စက်မှုများသာမက မြေတိုက်ပိတ်ခံမည့် အရေးကို အထိတ်လန့်ဆုံး ဖြစ်ကြောင်း ကိုရဲလင်းက ဆိုသည်။ မည်သည့်အချိန် စစ်ကြောရေးအလှည့်ကျလာမည်၊ တိုက်ပိတ်ခံရမည်မသိ စိုးတထိတ်ထိတ်ဖြင့် ဖြတ်သန်းနေရသည်ထက် အန္တရာယ်ရှိသည့် နည်းလမ်းကို စွန့်စားရန် အညာသားတစ်စု တိုင်ပင်ဆုံးဖြတ်ခဲ့ကြသည်။
“ကျွန်တော်တို့က YDF လက်အောက်ခံလည်း မဟုတ်ဘူး။ GZA လက်အောက်ခံလည်းမဟုတ်ဘူး။ တော်လှန် ရေး အဖွဲ့အစည်းချင်းချင်း မတရားဖမ်းတာခံရတာဆိုတော့ ကျွန်တော်တို့ကတော့ အဖမ်းတော့မခံဘူး၊ ဂုဏ်သိက္ခာရှိရှိ အသေခံမယ်ဆိုပြီး ထွက်ပြေးလာတာ” ဟု ကိုရဲလင်းက ဆိုသည်။
အချိန်ကောင်းကိုစောင့်ပြီးနောက် မတ်လ နောက်ဆုံးပတ်ထဲတွင် ကိုရဲလင်းတို့အပါအဝင် YDF တပ်ဖွဲ့ဝင် မဟုတ်သည့် အညာသားရဲဘော်တချို့ ထွက်ပြေးခဲ့ကြသည်။ သံခြေကျင်းကို ချောင်အောင် ကြိုးပမ်းထား သည်။ ထို့နောက် တောင်ပေါ် ဝါးခုတ်ခိုင်းချိန် ကြိုတင် စုံစမ်း ထားသည့်အတိုင်း တောအုပ်၏ အရှေ့စူးစူး ကို ဦးတည်ပြေးကြသည်။

အလောင်းတော်ကဿပသစ်တောကြိုးဝိုင်းကို ကျော်ဖြတ်ပြီးလျှင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်၊ မင်းကင်း နယ်သို့ ရောက်မည်ကို တွက်ဆပြီး အရှေ့ဘက် ဦးတည်ထွက်ခဲ့သည်။ နောက်ကလိုက်ဖမ်းမည်ဟု တွက်ဆ ပြီး မြန်နိုင်သမျှ မြန်မြန်ပြေးသည်။ လေးရက်နှင့် တစ်ညနေလုံး တောထဲပြေးလွှားရင်းဖြင့် ဝမ်းရေးကို ကြုံသလို ဖြေရှင်းခဲ့ရသည်။
“၂ ရက်လောက် အစားက ဘာမှမစားရတော့ ပါလာတဲ့ တစ်ယောက်က မျက်တွင်းတွေ ဟောက်လာပြီး တော့ ပစ်လဲတယ်။ အဲ့ဒီအချိန်မှာ ကျောက်ကြားက ငါးလေးတွေဖမ်းပြီးတော့ ကင်ကျွေးတယ်။ ပုတ်သင် ညိုလေးတွေ ဖမ်းကျွေးတယ်”ဟု ကိုရဲလင်းက ပြောသည်။
အပြင်းခရီးနှင်ပြီးနောက်မှာတော့ ကြိုးဝိုင်းထဲ အခြေစိုက်သည့် ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နှင့် တွေ့ပြီး အိမ်ပြန်ခရီးကို စတင်နိုင်ခဲ့သည်။
ယောကာကွယ်ရေးတပ်၏ ဖမ်းဆီးချုပ်နှောင်၊ နှိပ်စက်ညှဉ်းပန်းမှုများ တစ်လကျော် ရင်ဆိုင်ခဲ့ရသည့် ကိုရဲလင်းက ဥပဒေမဲ့ ပြုမူခံရခြင်း ဖြစ်သည်ဟု ဝေဖန်သည်။
“လက်နက်အင်အားရှိလို့ ဒီလိုမျိုးတွေ လုပ်တယ်ဆိုတာက မဖြစ်သင့်ဘူး။ သူတို့မှာ ဘာစည်းမျဉ်း၊ ဘာဥပဒေမှ မရှိဘူး။ လူတစ်ယောက်ကို ဖမ်းမယ်ဆိုရင် အကြောင်းအရာခိုင်လုံမှ ဖမ်းလို့ရတယ်။ တခြား တစ်ယောက်ကပြောရုံနဲ့ (စွပ်စွဲရုံနဲ့) လူတစ်ယောက်ကိုလက်လွတ်စပယ် ဖမ်းလို့လည်းအဆင်မပြေဘူး”ဟု ကိုရဲလင်းက ပြောသည်။
“ဒါက တော်လှန်ရေးမှာတော့ ၈၈ တုန်းက ပါဂျောင်မြောက်ပိုင်းမှာ ကြုံသလို အခြေအနေမျိုး ကြုံရတယ် လို့ ပြောရမှာပေါ့”
၁၉၈၈ ခုနှစ်အရေးတော်ပုံကာလ လက်နက်ကိုင်တော်လှန်သူအချင်းချင်း မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်၊ ပါဂျောင်ဒေသတွင် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများကို သူက ရည်ညွှန်းခြင်း ဖြစ််သည်။
ဒုတိယမြောက် လူသတ်မှု
အချုပ်ကျနေသူများထွက်ပြေးသည်ဟု သိသိချင်းမှာပင် ထောင်မှူးနှင့်တကွ အဖွဲ့ဝင်များက အပူတပြင်း တောနင်းရှာဖွေကြသည်။ ရက်ပိုင်းအကြာ မတ် ၃၀ ရက်နေ့တွင် ထွက်ပြေးသူများထဲမှ စစ်ကိုင်းဘက်မှ ကိုသားညီကို ပြန်လည်ဖမ်းမိသွားသည်။
ထိုစဉ်က ပြန်လည်ဖမ်းမိလာသည့် ကိုသားညီသည် YDF တပ်ဖွဲ့ဝင် မဟုတ်သော်လည်း ထောင်မှူး ကိုရဲလေးဆိုသူ နှင့်တပ်ဖွဲ့ဝင်များက မွန်းတည့် ၁၂ နာရီ ဝန်းကျင်ကစပြီး တစ်နာရီခန့်ကြာ ရိုက်နှက်ခဲ့ကြသည်။
ထို့နောက် ကိုသားညီကို အချုပ်ခန်းထဲ ပြန်ထည့်ပြီး ထောင်မှူးရဲလေးအပါအဝင် ရဲဘော်များမှာ တစ်နေကုန် အရက်သေစာသောက်စားကြသည်။
ထို့နောက် ည ၇ နာရီဝန်းကျင်တွင် ကိုသားညီကို ထပ်မံခေါ်ထုတ်ပြီး ထိပ်တုံးရုံအနီးတွင် ထပ်မံ ရိုက်နှက်ပြန်သည်။ ထိုရိုက်နှက်မှုများကြောင့် မသန်စွမ်းသူကဲ့သို့ ဖြစ်သွားသည်ဟု သတင်းရရှိသည်။ ကိုသားညီ ပြန်လည်လွတ်မြောက်လာပြီးဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ခုက ဆိုသော်လည်း အတည်မပြုနိုင်သေးပေ။
ကိုသားညီကို အထက်ပါအတိုင်း အားရအောင်ရိုက်နှက်ပြီးနောက် မူးယစ်နေသည့် တပ်ဖွဲ့ဝင် တစ်ဦးက အချုပ်သားများ ထားရှိရာ အဆောင်ဘက်သို့ ကူးလာသည်။ အိပ်နေသည့် အချုပ်သားများကို အကုန်လုံး ငုတ်တုတ်ထိုင်ရန် အမိန့်ပေးလိုက်သည်။
ပြေးလိုသည့်အချုပ်သားရှိပါက တစ်မိနစ်ပေးမည်ဖြစ်ပြီး ထိုအချိန်တွင် ပြေးနိုင်သည်၊ တစ်မိနစ် ကျော်လျှင် နောက်ကလိုက်လံပစ်သတ်မည်ဟု ကြိမ်းမောင်းသည်။ ထိုအချိန်တွင် YDF ထောင်မှူး ရဲလေး လည်း အချုပ်ခန်းများအနီး ရောက်ရှိလာကာ စကားအနည်းငယ်ပြောပြီးနောက် အချုပ်ခန်းများထဲသို့ သေနတ်ဖြင့်စတင် ပစ်ခတ်တော့သည်။
ထို့နောက် အခြားရဲဘော်များ ထပ်ရောက်လာပြီး ငါးပေပတ်လည် အချုပ်ခန်း ၆ ခုထဲကို သေနတ်များဖြင့် တရစပ် ဝိုင်းပစ် ကြသည်။
ထိုနေ့ကို YDF တပ်ဖွဲ့ဝင် ကိုသားငယ်၏ မှတ်ဥာဏ်ထဲတွင် ထင်ထင်ရှားရှားမှတ်မိနေဆဲဖြစ်သည်။
အာဏာ မသိမ်းမီက ရန်ကုန်တွင် မိုဘိုင်းဖုန်းပြင်သူ ကိုသားငယ်မှာ ထောင်နှင့်ချီသည့် လူငယ်များကဲ့သို့ပင် အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် လက်နက်ကိုင်ခုခံရန် ဆုံးဖြတ်လိုက်ပြီး YDF စတင် တည်ထောင်ချိန်ကတည်းက ပါဝင်ခဲ့သည်။
ကနဦးတွင် ဘဏ္ဍာရေးမှူး တာဝန်ယူခဲ့သူဖြစ်သည်။ ၂၀၂၃ တွင် ရခိုင်ပြည်နယ်မှ သင်တန်းတက်ပြီး ပြန်လာချိန်တွင် ထောက်ပို့ဌာနမှူးတာဝန်ကို ပြောင်းလဲယူခဲ့သည်။
ယောဒေသကို ပြန်ရောက်ပြီး ခြောက်လအကြာ ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းတွင် ကိုသားငယ် အပါ အဝင် YDF မှ ခေါင်းဆောင်ပိုင်း ၃ ဦး ဖမ်းဆီးကာအချုပ်ထောင်ထဲပို့လိုက်သည်။ အကြောင်းပြချက်မရှိဘဲ လေးလကျော် ချုပ်နှောင်ခံခဲ့ရပြီး သင်္ကြန်အကြိုမတိုင်မီ တစ်ရက်ကမှ အချုပ်မှထွက်ခွင့်ရခဲ့သည်။
ထို့ကြောင့် ဇန်နဝါရီလကုန်ပိုင်းက ဖြစ်ခဲ့သည့် ကိုထွန်းကြိုင် နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် မတ် ၃၀ ရက်နေ့ ညဘက် ရမ်းကားပစ်ခတ်သော လူသတ်မှုအခြေအနေတို့ကို မျက်မြင်ကြုံခဲ့သူလည်းဖြစ်သည်။
ကျည် ၂၀ ဝန်းကျင်စီ ထည့်ထားသည့် သေနတ် ၅ လက် ဖြင့် နာရီဝက်နီးပါးကြာအောင် ပစ်ခတ်နေကြ သည်မှာ စစ်မြေပြင်သဖွယ် ဆူညံပွက်လောရိုက်နေသည်ဟု ထိုနေ့ည ထိတ်လန့်ဖွယ်ရာအတွေ့အကြုံ အကြောင်း ကိုသားငယ်က ပြောသည်။
“ထောင်မှူးကနေ စပစ်တာ။ ထောင်မှူးကနေ စပစ်တော့ ကျန်တဲ့ရဲဘော်တွေက ဘယ်လိုမှထိန်းလို့ မရ တော့ဘူး။ အကုန်လုံးပစ်တော့တာ”
ထိုပစ်ခတ်မှုအတွင်း အသက် ၂၀ ကျော်အရွယ် ပညာရေးဝန်ထမ်း ကိုလှကြီးမောင် (ခ) ကိုရဲလင်းထွဋ်မှာ လည်ပင်းကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့သလို အခြားအချုပ်သားနှစ်ဦးမှာ ဒူးခေါင်းနှင့် လက်တို့တွင် ဒဏ်ရာ ရရှိခဲ့ကြသည်။
ဂန့်ဂေါမြို့နယ် မောက်ရွာသားဖြစ်သည့် ကိုလှကြီးမောင်မှာ CDM မလုပ်ဟူသည့် အကြောင်းပြချက်ဖြင့် ယခုနှစ်ဆန်းက ဖမ်းဆီးခံထားရခြင်း ဖြစ်သည်။
၎င်းကို စစ်ဆေးမေးမြန်းခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း မရှိသေးဘဲ အချုပ်ခန်းထဲ ထားရှိချိန်တွင်ပင် မူးယစ်သောက်စားထားသည့် YDF တပ်ဖွဲ့ဝင်များ၏ ရမ်းကားပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။
ဇန်နဝါလရီလကုန်ပိုင်းက ကိုထွန်းကြိုင် သေဆုံးသည့် ကိစ္စနှင့်ပတ်သက်ပြီး ထောင်မှူးရဲလေးမှာ အရေးယူ ခံရခြင်းမရှိပေ။ မတ် ၃၀ ရက်နေ့ ညပိုင်း အချုပ်သားများကို ပစ်ခတ်မှုတွင် ထောင်မှူးရဲလေးမှာ ဗဟိုတပ်ခစန်းတစ်နေရာတွင် ခေတ္တထိန်းသိမ်းခံခဲ့ရသည်။ သို့သော်လည်း ရက် ၂၀ အကြာတွင် မူလရာထူးဖြင့် ပြန်လည်တာဝန်ချပေးခဲ့သည်။
အရက်သေစာသောက်စားမှုဖြင့် ထိန်းသိမ်းခံရသည့် YDF တပ်ဖွဲ့ဝင် ရဲဘော်များကိုပင် အချုပ်ထောင်တွင် လနှင့်ချီ ပြစ်ဒဏ်ချလေ့ရှိသော်လည်း ရမ်းကားပစ်ခတ်မှုကျူးလွန်သည့် ထောင်မှူးကို အရေးယူမှုမှာ မျှတမှုမရှိသဖြင့် တပ်ဖွဲ့ဝင်များကြား မကျေလည်မှု မြင့်တက်လာခဲ့သည်။

တပ်တွင်းစီမံခန့်ခွဲမှုပြုပြင်ရန် ကြိုးပမ်းသော်လည်း အရာမထင်
တပ်တွင်း စီမံခန့်ခွဲမှုအလွဲများ၊ ကိုင်တွယ်ပုံများကို ပြုပြင်ပြောင်းလဲပေးရန် ထိပ်တန်း တပ်မှူးများ အပါ အဝင် ရဲဘော်များက တောင်းဆိုကြသည်မှာ လွန်ခဲ့သည့်တစ်နှစ်ကျော်ကပင် စတင်ခဲ့သည်။
တော်လှန်ရေးအစောပိုင်းကာလတွင် YDF ဆိုလျှင် ယောနယ်တကြောမှသည် စစ်ကိုင်းတိုင်း ပုလဲ၊ ပခုက္ကူမှ သည် မြစ်အနောက်ဘက်ခြမ်းအထိ ခေါင်းမော့ ရင်ကော့သွားနိုင်ခဲ့သည်အထိ လူထုက လိုလားခဲ့သည့်တိုင် နောက်ပိုင်းနှစ်များတွင် နယ်မြေတဖြည်းဖြည်းကျဉ်းမြောင်းလာသည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။
လူထုက ငြိုငြင်လာသည်ဟု YDF ၏ ထောက်ပို့ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကိုသားငယ်က မြေပြင်တွင် ကြုံနေရ သည့် အခြေအနေကို ပြန်ပြောပြသည်။
“ပြီးခဲ့တဲ့လမှာ ဆန်အလှူခံတာ တင်း ၃၀ ရတယ်ဆိုရင် ဒီလမှာသွားပြီးတော့ အလှူခံရင် ဆန် ၁၀ ရဖို့တောင် ခက်ခဲတယ်။ မင်းတို့လုပ်နေတဲ့ပုံစံတွေကမဟုတ်တော့ဘူး၊ ချဉ်ပေါင်တစ်ရွက်တောင် အလကားမပေးချင် တော့ဘူး။ ငရုတ်သီးတစ်တောင့်တောင်မှ အလကားမပေးချင်တော့ဘူး၊ အဲ့လိုပြောတဲ့စကားသံတွေကြားရ တယ်”ဟု ကိုသားငယ်က ပြောသည်။
ပြုပြင်ပြောင်းလဲလိုသည့် တပ်မှူးများက လွန်ခဲ့သည့် တစ်နှစ်ကျော်ကစပြီး အပြောင်းအလဲအတွက် ကြိုးပမ်းခဲ့ကြသည်။ လက်ရှိ စစ်ဦးစီးချုပ် တစ်ဦးတည်း၏ အမိန့်ညွန်ကြားမှု၊ ဆုံးဖြတ်ချက်ဖြင့် လည်ပတ်ခြင်းထက် စုပေါင်း ခေါင်းဆောင်နိုင်ရန်အတွက် ဗဟိုကော်မတီ ဖွဲ့စည်းဆောင်ရွက်ရန် တောင်း ဆိုခဲ့ကြသည်။
“ပြည်သူကမလိုတော့ဘူး (ဆိုတဲ့) တစ်နေ့မှာ ဘယ်နားသွားနေမလဲ၊ ဒါကိုစဉ်းစားဖို့လိုတယ်။ ဒါကြောင့်မလို့ တစ်ဦး တစ်ယောက်တည်း ဆုံးဖြတ်ချက်နဲ့မလုပ်နဲ့၊ အများဆုံးဖြတ်ချက်နဲ့လုပ်ရအောင်ပါ၊ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်မှုနဲ့သွားချင်တာ။ အခုက တစ်ဦးတစ်ယောက်တည်းသဘောနဲ့လုပ်တဲ့အခါကြတော့ အမှားတွေ က များတာပေါ့” ဟု ၎င်းကဆိုသည်။
တောင်းဆိုမှုများကို အထမမြောက်ဘဲ တပ်ပြုပြင်ပြောင်းလဲရေးလိုလားသည့် တပ်ဖွဲ့ဝင်များကို ခေါင်းစဉ်မျိုးစုံ တပ်ကာ အချုပ်ထောင်ထဲတွင် လနှင့်ချီ အကျဉ်းချလာသည်။
ထို့ကြောင့် YDF တပ်ဖွဲ့ ၏ အခြေခံမူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများနှင့်သွေဖည်နေသည့် လုပ်ရပ်များ ကို မကြိုက်သည့် တပ်မှူး၊ စစ်ကြောင်းမှူး၊ နိုင်ငံရေးမှူးတို့အပါအဝင် တပ်ဖွဲ့ဝင်များသည် မေ ၈ ရက်နေ့တွင် တပ်မှ တိမ်းရှောင်လာခဲ့ကြသည်။ ထိုအထဲတွင် ကိုသားငယ်လည်း အပါအဝင်ဖြစ်သည်။
YDF က လိုက်လံတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ ၄၄ ဦးအနက် ၁၂ ဦးပြန်မိသွားပြီး ၃၂ ဦး သာ လွတ်မြောက်ခဲ့သည်။
ပြန်လွတ်သွားသူများအနက် ကိုသားငယ်၊ ကိုကောင်းကောင်း၊ ကိုသားငယ်၊ ကိုဂျစ်တူးနှင့် ကိုသားကြီး (လယ်မ) တို့ကို တပ်တွင်းပုန်ကန်မှု၊ တပ်ပိုင်လက်နက်ခဲယမ်းများ ရောင်းဝယ်မှု၊ သစ်မှောင်ခို ရောင်းဝယ်ဖောက်ကားမှု စသည်တို့အပါအဝင် ပုဒ်မပေါင်း တစ်ဒါဇင်ခန့်တပ်ပြီး အချုပ်ဖောက်ပြေးသူ တရားခံပြေး များအဖြစ် YDF ဘက်က ထုတ်ပြန်ခဲ့သည်။

YDF ထုတ်ပြန်ချက်ပါ စွပ်စွဲချက်များကို ထွက်ပြေးတိမ်းရှောင်လာသည့် YDF တပ်ဖွဲ့ဝင်များက ပယ်ချသည်။
“အချုပ်ဖောက်တာမဟုတ်ဘူး။ မူဝါဒတွေ စည်းမျဉ်းတွေက ပုံစံမကျဘူး။ ရဲဘော်တွေကိုကျ အမျိုးမျိုး နှိပ်ကွပ်တယ်။ ဒီလုပ်ရပ်ကိုမကြိုက်လို့ ထောင်ထဲမှာရှိတဲ့ ရဲဘော်တွေ လိုက်မယ်ဆိုလည်း လိုက်ခဲ့ လို့ ရတယ်။ ကျန်တဲ့ဟာတွေက လိုက်ဖို့ ဆန္ဒမရှိရင် နေခဲ့ကြဆိုပြီး ကျွန်တော်ကိုယ်တိုင်ပြောပြီးခေါ်ခဲ့တာ ဖြစ်ပါတယ်။ ထောင်ဖောက်တယ်ဆိုတာက သူတို့ဘက်ကနေ ပုံကြီးချဲ့ထားတာ” ဟု ကိုကောင်းကောင်းက တုံ့ပြန်သည်။
ထွက်ပြေးတိမ်းရှောင်လာသည့် တပ်ဖွဲ့ဝင်တချို့၏မိသားစုနေအိမ်များကို YDF က အင်အားအလုံးအရင်း ဖြင့် ဝင်ရောက် စီးနင်းဖမ်းဆီးခဲ့ကြောင်းသိရသည်။
၎င်း၏နေအိမ်ကို စီးနင်းကာ ဇနီး၊ သား၊ ဖခင်ဖြစ်သူနှင့် ယောက္ခမ အပါအဝင် မိသားစု ၅ ဦးကို ဖမ်းဆီးပြီး ဖုန်း၊ပိုက်ဆံ တို့ကို သိမ်းဆည်းခဲ့သည်။ ထို့နောက် ရက်အတန်ကြာမှ တသုတ်စီခွဲကာ ပြန်လွှတ်ပေးခဲ့သည် ဟု ကိုသားငယ်က ဆိုသည်။
ထို့ပြင် ကိုကောင်းကောင်းနှင့် ကိုသားကြီးတို့၏ နေအိမ်များကိုလည်း ဝင်ရောက်စီးနင်းခဲ့သော်လည်း မိသားစုဝင်များမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နိုင်ခဲ့သည်ဟု ဆိုသည်။
အလိုရှိသူကိုမမိလျှင် မိသားစုဝင်များကို ပစ်မှတ်ထားရန်ရှာလေ့ရှိသည့် စစ်တပ်၏ လုပ်ရပ်နှင့် အလားတူ သည့် YDF ၏ လုပ်ရပ်မှာ ယုတ်ညံ့သည့်လုပ်ရပ်ဟု ကိုသားငယ်က ဝေဖန်သည်။
လက်ရှိတွင် ပြန်ဖမ်းမိထားသူ ၁၂ ဦး၏ အခြေအနေကို မသိရသေးဘဲ ထောင်ဖောက်ထွက်ပြေးသူများ ပူးပေါင်းပါဝင်မှုများ လုပ်ဆောင်နေသည့်အဖွဲ့များကို လိုအပ်သလို အရေးယူဆောင်ရွက် သွားမည်ဟု YDF က ထုတ်ပြန်သည်။
အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်ပြီး Myanmar Now က YDF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားလာခြင်း မရှိသေးပေ။
လက်နက်ကိုင်တော်လှန်ရေးအင်အားကောင်းသလို လူထုထောက်ခံမှု အားကောင်းရာ ဒေသလည်းဖြစ် သည့် ယောဒေသတွင် အင်အားကြီးတပ်ဖွဲ့တစ်ခုဖြစ်ခဲ့သည့် ယောကာကွယ်ရေးတပ်၏ တပ်တွင်းပြဿနာ ကို အကျေအလည်ဖြေရှင်းနိုင်ရန် တပ်ဖွဲ့ဝင်များသာမက ဒေသခံများကလည်း မျှော်လင့်နေကြသည်။
