ယခုနှစ် ဖေဖော်ဝါရီလက ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှေ့ဘက်ရှိ ကုလားတန်မြစ်ဘေးတစ်နေရာတွင် စောင့်ဆိုင်းပြီး စစ်သင်္ဘောကို ပစ်ခတ်ရခြင်းမှာ မမေ့နိုင်သည့် အတွေ့အကြုံဖြစ်သည်ဟု အညာသား ကိုအောင်ကျော်မျိုးထက်က ဆိုသည်။
မြို့တောင်ဘက် ၁၀ မိုင်ခန့် အကွာ အပေါက်ဝရွာအနီး မြစ်ကျဉ်းသွားသည့်နေရာတွင် ထိုသို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ရေတပ်သင်္ဘောသုံးစီးကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်ဖျက်ဆီးလိုက်သည့် အဆိုပါတိုက်ပွဲတွင် အသက် ၂၈ နှစ်အရွယ် ကိုအောင်ကျော်မျိုးထက် ပါဝင်ခွင့်ရခဲ့ခြင်းပင်။
“ရဲဘော်တစ်ယောက်ချင်းစီတိုင်းက ကမ်းဘေးမှာ ကိုယ့်ကတုတ်ကျင်း ကိုယ်အပိုင်တူးပြီးတော့၊ ခဲယမ်းလည်း လုံလောက်မှုရှိတာကိုး၊ စပယ်ရှယ် ထိုင်ပစ်ရတာ၊ ဟိုဘက်ဒီဘက်ညှပ်ပစ်ရတာ” ဟု သူက ဆိုသည်။
“၆၀ မမ တို့၊ ၁၂၀ တို့ကို ပြောင်းထဲထည့်မပစ်ဘဲနဲ့ တံတားပေါ်ကနေ သင်္ဘောအောက်က ဖြတ်တဲ့အချိန် ကလစ်ဖြုတ်ပြီး ချရတာ”
၂၀၀၉ ခုနှစ်တွင် စတင်တည်ထောင်ပြီး ယခုအခါ အင်အား ၃၀,၀၀၀ ကျော်အထိ အင်အားကောင်းလာသည့် မဟာမိတ် AA နှင့် တွဲတိုက်ရခြင်းသည် ၎င်း၏ဇာတိ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့တွင် ခဲယမ်းနည်းပါးသဖြင့် အနည်းငယ်ပစ်ခတ်ပြီး ထွက်ပြေးရသည့် ပြောက်ကျားတိုက်ပွဲအတွေ့အကြုံနှင့် ကွဲပြားနေသည်။
စစ်သင်္ဘောများဘေးတွင် ရဟတ်ယာဉ်နှစ်စီး၊ အပေါ်တွင်လည်း Y-12 ထောက်ပို့လေယာဉ်တစ်စီးနှင့် တိုက်ခိုက်ရေးလေယာဉ်နှစ်စီး ပျံသန်းကာကွယ်ပေးနေသည့်ကြားမှ တိုက်ခိုက်ခဲ့သည်ဟု ဝက်လက်နယ်မှ ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော Generation Z Army (GZA) အဖွဲ့တာဝန်ခံ ကိုအောင်ကျော်မျိုးထက်က ပြောသည်။
ပင်လယ်ရေပြင်ကျယ်နှင့် မြစ်ချောင်းများပြားသည့် ရခိုင်ပြည်နယ်စစ်မြေပြင်တွင် ရေတပ်က ပစ်ခတ်သည့် လက်နက်များက လေကြောင်းတိုက်ခိုက်မှုထက် ပိုမိုကြောက်လန့်ဖွယ်ကောင်းသည်ဟု သူက ယူဆသည်။
ရခိုင်နှင့် ချင်းပြည်နယ်ကြားဒေသ အဆိုပါတိုက်ပွဲတွင် စစ်ကူလာသည့် စစ်သင်္ဘောနှစ်စီးလည်း ကြားဖြတ်တိုက်ခိုက်ခံရ၍ နောက်ပြန်လှည့်သွားခဲ့ကြောင်း သူက ပြောပြသည်။
၎င်းတို့ရလိုက်သည့် စစ်သင်္ဘော ၂ စီးနှင့် ဇက်သင်္ဘော ၁ စီး တို့ကို နှစ်ရက်ဆက် မတိုက်ခိုက်မီ အလံဖြူထောင်ရန်၊ လက်နက်ချအညံ့ခံရန် အသံချဲ့စက်ဖြင့် ၃ ကြိမ် ပြောခဲ့သည်ဟု ဆိုသည်။
လက်နက်ချရန် အချိန်ပေးထားစဉ် လေတပ်ရောက်လာပြီး တိုက်ခိုက်သောကြောင့် ၎င်းတို့တပ်ဖွဲ့ဝင် ၁၀ ဦးကျော် ဒဏ်ရာရပြီး သေဆုံးသူတချို့ရှိသည်ဟု AA ဘက်က ပြောသည်။ AA ရလိုက်သည့် သုံ့ပန်းအရေအတွက်ကို ထုတ်ပြန်ချက်တွင် ဖော်ပြခြင်းမရှိပေ။

ရခိုင်ရိုးမသို့ ရောက်လာသော ဝက်လက်အဖွဲ့
AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ ဦးစီးဖော်ဆောင်သည့် “၁၀၂၇” စစ်ဆင်ရေးတွင် ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် နိုင်ငံအလယ်ပိုင်းမှ တော်လှန်ရေးအဖွဲ့တချို့လည်း မဟာမိတ်အင်အားများအဖြစ် ပူးပေါင်းပါဝင်ခဲ့ကြသည်။
ထိုအဖွဲ့များထဲတွင် ပါဝင်သည့် GZA သည် ရခိုင်ဒေသထိုးစစ်မတိုင်မီ ၃ လ အလိုတွင် အင်အားရာဂဏန်းဖြင့် ရခိုင်ပြည်နယ်သို့ ရောက်ရှိခဲ့သည်။
၂၀၂၃ နိုဝင်ဘာ ၁၃ တွင် စတင်သည့် ထိုးစစ်အတွင်း ရေတပ်ကို ရင်ဆိုင်သည့် တိုက်ပွဲအပြင် ကျောက်တော်မြို့နယ် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ရှိ ကျင်ဒွေးမြို့တို့ကို သိမ်းသည့်တိုက်ပွဲများတွင်လည်း ပါဝင်ခဲ့ကြသည်။

AA ၏ တပ်စိတ်၊ တပ်ခွဲများတွင် GZA ရဲဘော် အနည်းငယ်စီ တာဝန်ချထားခဲ့သည်။
“ကျွန်တော်တို့အဓိကသွားတာက တပ်ဖွဲ့စည်းမှုလုပ်ချင်လို့ပါ၊ တိုက်ပွဲအတွေ့အကြုံလည်း ရချင်တာ။ အာဏာရှင်ကို တိုက်မယ်ဆိုလို့ရှိရင် သူတို့ထက် တော်ဖို့လိုတယ်၊ သူတို့ထက်မတော်ဘဲ တိုက်နေမယ် ဆိုလို့ရင် ကျွန်တော်တို့ပဲ သေမှာ၊ မြေပြင်မှာ ဘာမှ မဟုတ်ဘဲ ပေးဆပ်လိုက်ရတာတွေ အများကြီးရှိလာတယ်” ဟု ကိုအောင်ကျော်မျိုးထက်က ပြောသည်။
“ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းနဲ့ တပ်ကို တည်ဆောက်လိုက်ရတာက ဘာမှ မဖြစ်ဘူး။ မတည်ဆောက်ဘဲ တိုက်နေရင် ဆုံးရှုံးမှုက ပိုများမှာလေ။ အဲ့ဒါကြောင့် တပ်ကို တည်ဆောက်နိုင်ဖို့ အရင်လုပ်တာပါပဲ”
ရခိုင်ပြည်နယ်သို့ ရောက်ရန် မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ချင်းပြည်နယ်တောင်တန်းများကို ခြေလျင် ဖြတ်ကျော် စစ်ကြောင်းချီရခြင်းမှာ ၎င်းတို့အတွက် ခက်ခဲလွန်းခဲ့သည်။
“ချင်းပြည်နယ်ဘက်ကနေ နေကုန်နေခန်း လမ်းလျှောက်ရတာပေါ့။ ကိုယ့်ရဲ့ စားအိုးစားခွက်တွေ သယ်…ပြီးရင် မလျှောက်နိုင်တဲ့သူဆိုလည်း ထားခဲ့လို့မရဘူး…တစ်ခါတည်းထမ်းခေါ်ရတယ်။ သိတဲ့အတိုင်းပဲ မြေပြန့်မှာ လျှောက်ရတာမဟုတ်၊ တောင်တွေကို တက်ရတာ” ဟု သူက ပြောသည်။
“နယ်မြေမှာ (အညာမှာ) ဆိုရင် စစ်တိုက်သွားမယ်ဆိုရင်တောင် ကားတို့ ဆိုင်ကယ်တို့နဲ့ သွားတာလေ”
ဗမာစကားနှင့် ရခိုင်စကားသည် အလွန်ကွာခြားလွန်းလှသည်မဟုတ်သည့်အတွက် ဘာသာစကားအခက်အခဲ သိပ်မကြုံရဟု ဆိုသည်။
စစ်ကောင်စီက AA ထံသို့ ငွေကြေး၊ ရိက္ခာ၊ သတင်း၊ တပ်သားသစ် စီးဆင်းမှု မရှိစေရန် ဖြတ်လေးဖြတ်စနစ် ကျင့်သုံးပြီး ပိတ်ဆို့ခဲ့သည်။ ရခိုင်ပြည်သူတို့ ရိက္ခာခက်ခဲသည့်နည်းတူ လက်နက်ကိုင်တော်လှန်ရေးသမားများလည်း ခက်ခဲခဲ့သည်။ ရိက္ခာပြည့်စုံသည့်ဒေသမှ လာသော ၎င်းတို့၏ ရဲဘော်များ ဆန်တစ်မျိုးတည်းနှင့် ရေရှည်ရပ်တည်နိုင်ရန် ခက်ခက်ခဲခဲ စီမံ ထိန်းသိမ်းရသည်။ ရခိုင်စစ်မြေပြင်တွင် လအတန်ကြာ တိုက်ပွဲဝင်ခဲ့ပြီးနောက် ရဲဘော်ထက်ဝက်ခန့်မှာ အညာသို့ ပြန်သွားကြသည်။
“သေချာလေ့ကျင့်ထားတဲ့ရဲဘော်တွေ ဆုံးရှုံးလိုက်ရတယ်။ ဒီအတိုင်းပဲ ပြန်လွှတ်ပေးလိုက်ရတယ်။ ရဲဘော်တွေက အမိန့်နာခံမှု၊ စည်းကမ်းပိုင်းမကောင်းတော့ လက်နက်လည်း မပေးလိုက်နိုင်ဘူး။ ဒီအတိုင်း ပြန်လွှတ်လိုက်ရတယ်” ဟု သူက ဆိုသည်။
ရခိုင်ပြည်နယ်စစ်မြေပြင်တွင် ၎င်းတို့ ထိခိုက်သေဆုံးမှု နည်းပါးခဲ့သည်။
“ခက်ခဲကြမ်းတမ်းမှုကတော့ရှိပေမဲ့ တစ်ဆင့်ချင်းတိုက်တာဆိုတော့ သက်သောင့်သက်သာပဲ၊ လွယ်လွယ်ကူကူပဲ ကျော်ဖြတ်နိုင်တယ်။ နယ်မြေမှာတော့ အုန်း၊ ဒိုင်း၊ ဂုံး၊ ဂွမ်းဆို တိုက်တယ်၊ လူတွေက မညီမညာဆိုတော့ ဒုက္ခရောက်ရတယ်၊ အဲ့ဒါတော်တော်ကွာတယ်” ဟု သူက ရှင်းပြသည်။
စစ်မြေပြင်သစ်
ရခိုင်ပြည်နယ်တွင် AA က အချိန်ယူပိတ်ဆို့၊ ဖြတ်တောက်ပြီးမှ အနီးကပ် ဝင်ရောက် တိုက်ခိုက်သည့်အတွက် စခန်းသိမ်းရ ပိုမို လွယ်ကူသည်ဟု ကိုအောင်ကျော်မျိုးထက်က ယူဆသည်။
“သူတို့က စစ်ကို စစ်နဲ့တူအောင် တိုက်တာကိုးဗျ။ စစ်ကောင်စီအတိုင်းပဲ ပြန်လုပ်တယ်၊ ဖြတ်လေးဖြတ်လုပ်တယ်။ ပြီးမှ ရအောင်တိုက်တာဆိုတော့ အထိအခိုက်လည်း နည်းတယ်” ဟု သူက ပြောသည်။
လက်နက်အင်အား နည်းပါးသည့် အညာဘက်တွင်မူ ထိုသို့မဟုတ်ပေ။
“ကျွန်တော်တို့မှာကျတော့ ငါတို့စခန်းသွားတိုက်မယ်ကွာ၊ ဘယ်အဖွဲ့တွေ၊ ဘယ်အဖွဲ့တွေ လာခဲ့ကြ၊ အုန်းဒိုင်းဆို ပစ်ကြတာလေ။ ပြီးရင် ဆုတ်ပြေးတဲ့သူကပြေး၊ ရှေ့မှန်ကျန်ခဲ့တဲ့သူက ကျန်၊ အချင်းချင်း မှားပစ်သူကပစ်”
စနစ်တကျစုဖွဲ့မှုမျိုး မရှိသည့်အတွက် အညာဒေသတွင် ထိုးစစ်ဆင်ရန် ခက်ခဲဦးမည်ဟု သူက ယူဆသည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်ခံနေရချိန် ရဟတ်ယာဉ်များဖြင့် လူသူလက်နက် ဖြည့်တင်းခြင်းမျိုး မတွေ့ရဘဲ၊ စစ်လေယာဉ်များဖြင့် ဗုံးကြဲခြင်းမျိုးသာ လုပ်နိုင်သည်ကို တွေ့ရသည်ဟုလည်း ဆိုသည်။
“ကျင်ဒွေးတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေက တစ်လလောက်ပိတ်ဆို့ထားတာတောင်မှာ သူတို့ တပ်မှူးရဲ့ စကားကို နားထောင်တုန်းပဲ၊ လက်နက်မချဘူး။ စစ်ကောင်စီက ဘယ်လိုဝါဒတိုက်ထားတယ်တော့ မသိဘူး။ လနဲ့ချီအောင် တောင့်ခံသွားတယ်။ နောက်ဆုံး ဘယ်လိုမှ စားစရာလည်းမရှိဘူး။ ရေသောက်စရာလည်းမရှိတော့တာတောင်မှ အသေအကျေ ပစ်ထွက် ..ထွက်သွားတာ”
၄ လကျော်ကြာသည့် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တောင်ဘက် ၅၇ မိုင်ခန့်အကွာ အိမ်ခြေ ၂၀၀ နီးပါးရှိသည့် ကျင်ဒွေးမြို့ကို ချင်းတော်လှန်ရေးအင်အားစုက ၄ လကျော်ကြာ တိုက်ခိုက်ခဲ့ရသည်။
အဆိုပါမြို့သိမ်းတိုက်ပွဲတွင် AA နှင့်အတူ မဟာမိတ်များဖြစ်သော GZA အဖွဲ့၊ မကွေးတိုင်း ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ် (YDF) တို့လည်း ပါဝင်ခဲ့ကြသည်။
၂၀၂၃ ဒီဇင်ဘာ ခရစ္စမတ်အကြိုကာလတည်းက စတင်တိုက်ခိုက်ခဲ့ရာ မတ် ၇ တွင် AA စစ်ကူရောက်လာပြီးနောက် သိမ်းယူနိုင်ခဲ့သည်။ နှစ်ဖက်အထိအခိုက်အကျအဆုံးရှိခဲ့သည်။
မကွေးတိုင်း ဆောမြို့၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတို့နှင့် နယ်နိမိတ်ထိစပ်နေပြီး စစ်ရေးအရ အချက်အချာကျသည့် ထိုမြို့ မကျစေရေးအတွက် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ အပါအဝင် အင်အား ၂၀၀ နီးပါးက ခုခံခဲ့ကြသည်။

တိုက်ပွဲတွင် တော်လှန်ရေးအင်အားစုဘက်မှ အထိအခိုက်ရှိခဲ့ပြီး GZA အဖွဲ့မှ ၃ ဦးလည်း ဗုံးသီးများကြောင့် သေဆုံးခဲ့သည်ဟု ဆိုသည်။
GZA ရဲဘော်တစ်ဦးမှာ ၄၀ မမ ဗုံးသီး ဦးခေါင်းတည့်တည့်ထိမှန်သည်၊ နောက်တစ်ဦးကိုလည်း လေယာဉ်က ပစ်သည့် ရော့ကတ်ဗုံးသီး တည့်တည့်ထိမှန်ခဲ့သည်၊ အခြားတစ်ဦးမှာ ၆၀ မမ ဗုံးသီး ထိမှန်သည်ဟု သိရသည်။
“ကျင်ဒွေးမှာ တိုက်ရတာ တော်တော်ခက်ခဲတယ်။ တောင်ကြီးတွေကလည်း အမြင့်ကြီးတွေ၊ နေ့တစ်ပိုင်းလောက်တက်မှ ရောက်တဲ့နေရာတွေရှိတယ်။ အစာရေစာလည်း အရမ်းခက်ခဲတာ၊ လေကြောင်းတိုက်ခိုက်မှုကလည်း ဆက်တိုက်လုပ်တာ” ဟု သူက ပြောသည်။
AA ၏ တိုက်ပွဲဝင်တပ်စိတ်တိုင်းသည် ဖွဲ့စည်းပုံပြည့်ဝကာ ဆေးတပ်သားများပါရှိရာ ဒဏ်ရာရ ရဲဘော်များကို အချိန်မီကုသပေးနိုင်ခဲ့သောကြောင့် အသက်အန္တရာယ်ထိခိုက်မှု နည်းပါးခဲ့သည်ဟု GZA တာဝန်ခံက ဆိုသည်။
“ကျင်ဒွေးမှာဆိုရင် ကျွန်တော်တို့တစ်ဝက်လောက် ဒဏ်ရာရတယ်။ ဒဏ်ရာရပေမဲ့ အကျအဆုံးမရှိဘူးဆိုတာက စနစ်ကျလို့ပဲ။ (ဝက်လက်) နယ်မြေမှာလိုသာ သွေးထွက်တာလောက်တောင် မထိန်းနိုင်ဘဲ ဆိုလို့ရှိရင် အကျအဆုံးတွေများမှာ။ အညာမှာ သွေးထွက်တာ မထိန်းနိုင်လို့ သေသွားရတဲ့ရဲဘော်တွေ အများကြီးရှိတယ်”
မြို့များနှင့် စခန်းများသိမ်းနိုင်ရေး ထိုးစစ်ဆင်ရာတွင် GZA ရှေ့တန်းရဲဘော်များသည် ယခင်က မကြုံရဖူးသည့် ခက်ခဲကြမ်းတမ်းမှုများကို ရင်ဆိုင်ခဲ့ရသည်။
“စစ်ဆင်ရေးတွေမှာ ရိက္ခာပြတ်တောက်သွားပြီးတော့ ငှက်ပျောပင်တွေကို သုံးလေးရက်လောက် စားခဲ့ရတယ်။ သစ်ရွက်တွေကိုပဲ စားခဲ့ရတဲ့တိုက်ပွဲတွေ ရှိတယ်။ တစ်ပတ်လောက်ကို ထမင်းမစားရဘဲ ဖြတ်သန်းရတဲ့နေ့တွေ ရှိခဲ့တယ်။ ကျင်ဒွေးတိုက်ပွဲမှာပါ” ဟု GZA တာဝန်ခံက ဆိုသည်။
GZA တပ်ဖွဲ့ဝင်အများအပြား ချင်းနှင့် ယောဒေသတို့တွင် ရောက်ရှိနေကြပြီး၊ ရခိုင်ဒေသတိုက်ပွဲတွင် ရဲဘော်တချို့ ဆက်လက် ပါဝင်နေသည်၊ သံတွဲမြို့ ငပလီကမ်းခြေတိုက်ပွဲတွင် GZA ရဲဘော်တစ်ဦး စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်ဟု သိရသည်။
အမ်း-မကွေး မဟာမိတ်အဖွဲ့
ရခိုင်ပြည်နယ် အမ်းမြို့နယ်နှင့် ထိစပ်နေသော မကွေးတိုင်း၊ ငဖဲမြို့အခြေစိုက် လူထုလွတ်မြောက်ရေး မဟာမိတ်အင်အားစု- မကွေး (PRA-Magway) အဖွဲ့လည်း ရခိုင်စစ်မျက်နှာပြင်သို့ ရောက်နေသည်။
နွေဦးတော်လှန်ရေး ပေါ်ပေါက်လာချိန်တွင် လက်နက်ကိုင်တော်လှန်ရေး လုပ်ဆောင်နိုင်ရန် AA က ပျိုးထောင်ပေးခဲ့သည်ဟု PRA-Magway မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုနောင်သူရိန်က ပြောသည်။
“အဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေးတိုက်ပွဲတိုင်းရဲ့ ဘယ်နေရာမှာမဆို ကျွန်တော်တို့ တိုက်ပွဲဝင်ဖို့ အဆင်သင့်ရှိနေတဲ့အတွက်လည်း အာရက္ခတပ်တော်နဲ့အတူတူ တိုက်ပွဲဝင်ဖြစ်တယ်။ လက်ရှိအချိန်အထိလည်း ပူးတွဲလုပ်နေတာတွေရှိတယ်” ဟု ကိုနောင်သူရိန်က ဆိုသည်။
ဓညဝတီရေတပ်စခန်းတိုက်ပွဲ၊ အမ်းမြို့နယ်တိုက်ပွဲများ၊ နယ်စပ်တိုက်ပွဲများတွင် ပါဝင်ခဲ့သည်။

တိုက်ပွဲကာလအတွင်း ရှင်သန်နေထိုင်သည့် နည်းလမ်း၊ သုံ့ပန်းများကို ကိုင်တွယ်မှု၊ လက်နက်အသုံးပြုမှု စသည်တို့ကို လေ့လာခွင့်ရခဲ့သည်ဟု ကိုနောင်သူရိန်က ပြောသည်။
“ပြည်သူလူထုရဲ့ အားပေးမှု၊ တော်လှန်ရေးနဲ့ပတ်သက်ပြီး ဘယ်လောက်နေသားကျနေပြီလဲ ဆိုတာတွေ ကွာတယ်။ တိုက်ပွဲလှုပ်ရှားတဲ့ပုံစံတွေကွာ၊ တပ်ဖွဲ့ဝင် တစ်ယောက်ချင်းစီရဲ့ စိတ်ဓာတ်တွေ ကွာတာတွေ အများကြီးရှိတယ်” ဟု ကိုနောင်သူရိန်က ဆိုသည်။
“သူတို့ရဲ့ စုဖွဲ့မှု၊ တည်ဆောက်လှုပ်ရှားမှုတွေက အကောင်းဆုံးအခြေအနေကို ရောက်နေပြီ။ ကျွန်တော်တို့ကတော့ သင်ယူရင်း၊ လေ့ကျင့်ရင်း၊ တိုက်ရင်း သွားနေကြရတယ်”
AA နှင့် မဟာမိတ်ဆက်ဆံရေး စတင်တည်ဆောက်စဉ်ကတည်းက စစ်သင်တန်း၊ နည်းပညာပိုင်း စသည့် အကူအညီများ ရရှိခဲ့ပြီး၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများလည်း အထိုက်အလျောက် ရရှိခဲ့သည်ဟု ဆိုသည်။
“ကျွန်တော်တို့ တတ်စွမ်းသမျှလုပ်နေရင်းက အခက်အခဲအကျပ်အတည်းဖြစ်လာပြီဆိုရင် အာရက္ခတပ်တော်ကို အကူအညီတောင်းတာမျိုးတွေ ရှိတယ်၊ သူတို့ကမှ ကျွန်တော်တို့လုပ်မယ့် လုပ်ငန်းအပေါ် မူတည်ပြီးတော့ နည်းပညာ၊ ပစ္စည်း ထောက်ပံ့ပေးတာမျိုးတွေအထိ ရှိပါတယ်” ဟု ကိုနောင်သူရိန်က ပြောသည်။
ရခိုင်ပြည်နယ်သည် မြောက်ဘက်တွင် ချင်းပြည်နယ်၊ အရှေ့ဘက်တွင် မကွေးတိုင်းတို့နှင့် နယ်မြေထိစပ်နေရာ နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာသည့် ထိုဒေသအခြေစိုက် တပ်ရင်းတပ်ဖွဲ့များသည် AA နှင့် ကူးလူးဆက်ဆံမှုများ ရှိကြပြီး AA ထံမှ အကူအညီရကြောင်း တပ်ဖွဲ့အများအပြားက တရားဝင် ပြောဆိုထားကြသည်။
ဧပြီလဆန်းတွင် AA က အမ်းမြို့နယ်ရှိ စစ်စခန်းများကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ မကွေးတိုင်းဘက်သို့ ထွက်ပြေးရောက်ရှိလာ၍ မဟာမိတ်အဖွဲ့များက ဖမ်းဆီးရမိခဲ့သည်။

အာရက္ခတပ်တော် (AA)
တစ်ပြည်နယ်လုံးကို သိမ်းမည်ဟု ကြွေးကြော်ထားသည့် AA သည် ရခိုင်ပြည်နယ်ထက်ဝက်ကို သိမ်းပိုက်ထားပြီး ဖြစ်သည်။
၇ လတာအတွင်း ရခိုင်ပြည်နယ် ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ အမ်းနှင့် မြေပုံ၊ ချင်းပြည်နယ် ပလက်ဝနယ်တို့ကို သိမ်းထားနိုင်ပြီ ဖြစ်သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့အနီး တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံအများစုမှာ တိမ်းရှောင်နေကြပြီဖြစ်သည်။ သံတွဲတွင် ကမ္ဘာကျော်ကမ်းခြေ ငပလီရှိ ဟိုတယ်ဇုန်များအနီးထိ တိုက်ပွဲနယ်မြေ ကျယ်ပြန့်လာနေသည်။
ကုလားတန်မြစ်ကြောင်းတစ်လျှောက် အိန္ဒိယနယ်စပ်ကို ထိန်းချုပ်နိုင်ခဲ့သည်၊ ဆက်လက် စစ်ထိုးနေသော မောင်တောဒေသကို သိမ်းနိုင်လျှင် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုလည်း ထိန်းချုပ်နိုင်မည် ဖြစ်သည်။
ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်အစွန်တွင်ရှိနေသည့် ပြည်နယ်တစ်ခုဖြစ်သည်။ မြောက်ဘက်တွင် ချင်းပြည်နယ်၊ အရှေ့ဘက်တွင် မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့ ရှည်လျားလှသည့် ရခိုင်ရိုးမခြားကာ အစဉ်လိုက် ထိစပ်နေသည်။
ကားလမ်းမများအနေဖြင့်လည်း အမ်း-မကွေး (မင်းဘူး)၊ တောင်ကုတ်-ပြည်၊ ဂွ-ကျုံပျော်တို့ကို ဆက်သွယ်ထားသည့် ကားလမ်းမကြီးများရှိသည်။

တိုင်းရင်းသားဒေသ တိုက်ပွဲများသည် သက်ဆိုင်ရာ တပ်ဖွဲ့များက နယ်မြေစိုးမိုးနိုင်ရေး အောင်မြင်စေရန် လုပ်ဆောင်ခြင်း၊ ရန်သူစစ်ကူများကို ဖြတ်တောက်နိုင်ခြင်းကဲ့သို့သော အားသားချက်များကြောင့် ဒေသခံများအနေဖြင့် တိုက်ပွဲများပြီးချိန်တွင် လေကြောင်းတိုက်ခိုက်မှုမှအပ အခြားဘေးဒုက္ခများ မကြုံကြရသည်ကို တွေ့ရသည်။
နိုင်ငံအလယ်ပိုင်းဒေသများတွင်မူ လေကြောင်းတိုက်ခိုက်မှုအပြင်၊ မြေပြင်မှ စစ်ကြောင်းလိုက် ဝင်လာမည့် အန္တရာယ်ကိုလည်း ကာကွယ်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်ဟုလည်း GZA အဖွဲ့တာဝန်ခံက ဆိုသည်။
သက်တမ်းရင့်သည့် တိုင်းရင်းသားတပ်များသည် တိုက်ပွဲတိုင်းတွင် စည်းကမ်းကျနမှု၊ အမိန့်နာခံမှုတို့ကြောင့် စစ်ရေးရည်မှန်းချက်များ အောင်မြင်နေကြသော်လည်း အဖွဲ့ပေါင်းစုံဖြင့် စုဖွဲ့လှုပ်ရှားကြရသည့် အညာဒေသတွင် စည်းကမ်းကျနသည့် အမိန့်ပေးကွပ်ကဲမှု မလုပ်နိုင်ခြင်းကြောင့် စစ်စခန်းများ သိမ်းယူနိုင်ခြင်းမျိုး မတွေ့ရသေးခြင်း ဖြစ်သည်ဟု ကိုအောင်ကျော်မျိုးထက်က သုံးသပ်သည်။
“လက်နက်အနေအထားဆိုတာက သိပ်မကွာလှဘူး။ ဒါပေမဲ့ စည်းကမ်းရှိမှု၊ အမိန့်နာခံမှုရှိမှုက ကွာခြားချက်ဖြစ်သွားတာ” ဟု သူက မှတ်ချက်ပြုသည်။
အညာဒေသတပ်ဖွဲ့များ၏ မျှော်လင့်ချက်
ရခိုင်စစ်မျက်နှာပြင်အတွေ့အကြုံများကို နိုင်ငံအလယ်ပိုင်းတွင် ပြန်လည်အသုံးချပြီး အာဏာသိမ်းစစ်တပ်ကို တိုက်နိုင်ရန် နွေဦးတော်လှန်ရေးတပ်ဖွဲ့များက မျှော်လင့်ကြသည်။
“စည်းစနစ်ကျတဲ့ အမိန့်နာခံမှုအားကောင်းတဲ့ တပ်တစ်တပ်နဲ့ အတူတူတိုက်ပွဲဝင်ရတာဖြစ်တဲ့အတွက် ကျွန်တော်တို့အတွက်ကတော့ တန်ဖိုးမဖြတ်နိုင်တဲ့အတွေ့အကြုံတွေပါ၊ ကျွန်တော်တို့ရခဲ့တဲ့ အတွေ့အကြုံတွေက ဒီနိုင်ငံကို အရွေ့တစ်ခုအထိ ရောက်အောင် လုပ်ဖို့ အသုံးချနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု GZA တာဝန်ခံ ကိုအောင်ကျော်မျိုးထက်က ပြောသည်။
စနစ်တကျ ပြင်ဆင်ပြီး တိုက်ခိုက်နိုင်လျှင် စစ်ရေးလည်း အောင်မြင်သည့်အပြင်၊ ဒေသတွင်းမှ လူထုကိုလည်း ကာကွယ်ပေးနိုင်သည်ကို တွေ့ရသည်ဟု ပြောသည်။
“စစ်ကိုင်းဘက်မှာကျတော့ တကယ်ထိထိရောက်ရောက် လုပ်နိုင်စွမ်းမရှိဘူး။ စစ်ကြောင်းထိုးလာပြီဆို ဆုတ်ပေးနေရတယ်၊ မီးရှို့ခံရရင် ထိုင်ကြည့်နေရတယ်။ တော်တော်အဆင်မပြေတဲ့ အနေအထားပေါ့ဗျာ။ တိုင်းရင်းသားဒေသတွေမှာတော့ တိုက်ပြီးရင် သေချာကာကွယ်နိုင်တဲ့အတွက် ပေးဆပ်ရကျိုးနပ်တယ်ဗျာ” ဟု GZA တာဝန်ခံက ဆိုသည်။
စစ်ကိုင်း၊ မကွေး ဒေသများတွင် စစ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်သော်လည်း တန်ပြန်ထိုးစစ်ဆင်လာမည့် ရန်သူကို မဟန့်တားနိုင်ခြင်းကြောင့် တိုက်ပွဲဖော်ဆောင်ရကျိုးမနပ်ဟု ရှုမြင်ကြောင်းလည်း သူက သုံးသပ်သည်။
ရခိုင်ပြည်နယ်စစ်ရေးအခြေအနေသည် နိုင်ငံအလယ်ပိုင်း၊ အဓိကအားဖြင့် ဧရာဝတီမြစ်၏ အနောက်ခြမ်းဒေသတစ်လျှောက်ကို သက်ရောက်နိုင်မည်ဟု PRA-Magway မှ တာဝန်ရှိသူက ယူဆသည်။
“ဧရာဝတီမြစ်အနောက်ဘက်ကမ်းဒေသ လွတ်မြောက်ဖို့ဆိုရင် အာရက္ခတပ်တော်ရဲ့ ပံ့ပိုးကူညီပေးမှုတွေက အများကြီးလိုအပ်တယ်” ဟု ကိုနောင်သူရိန်က ပြောလိုက်သည်။



