
သက်တမ်း ဆယ်နှစ်ရှိလာပြီ ဖြစ်သည့် ၂ဝဝ၈ အခြေခံဥပဒေကို ဆန့်ကျင်ကြရန် တိုက်တွန်းသည့် လှုံ့ဆော်မှု တစ်ခု ဇန်နဝါရီ ၂၁ ရက်နေ့က မန္တလေးမြို့တွင် ပေါ်ပေါက်လာသည်။
မြို့တွင်း နေရာတချို့ရှိ ဓာတ်တိုင်၊ အုတ်နံရံများတွင် “၂ဝဝ၈ ခြေဥ အလုပ်မဖြစ် အမြန်ဆုံး ဖယ်ရှားပေး” ဟူသော စာတန်း ပါရှိသည့် ပုံများကို Freedom Fighters ဟု အမည်ခံထားသော အဖွဲ့က လိုက်လံ ကပ်ခဲ့ခြင်း ဖြစ်သည်ဟု ထိုအဖွဲ့မှ ကိုသဲနှစ်အောင်က ပြောသည်။
“ပြည်သူတွေအားလုံးသိအောင် လုပ်တဲ့ လှုပ်ရှားမှုတစ်ခုပါ။ ကျွန်တော်တို့မှာ ဦးဆောင်သူ မရှိဘူး။ အွန်လိုင်းကတစ်ဆင့် ရင်ဘတ်တူတွေ ဖွဲ့ထားတဲ့ အဖွဲ့အစည်းပါ။ မြို့အနှံ့ ဆက်လုပ်ဖို့ရှိပါတယ်” ဟု ကိုသဲနှစ်အောင်က ပြောသည်။
“နိုင်ငံတော်သမ္မတကြီးကလည်း အခြေခံဥပဒေ ပြင်ဖို့ပြောထားတယ်။ အဲဒီအတွက် ပြည်သူတစ်ယောက်အနေနဲ့ ဒီဖွဲ့စည်းပုံပြင်ဖို့ လိုအပ်လာပြီ ထင်တဲ့အတွက် ဒီလှုပ်ရှားမှု လုပ်တာပါ”
လှုပ်ရှားမှုကို မြို့ကြီးတချို့တွင် ဆက်လက်လုပ်ဆောင်သွားမည်၊ နိုင်ငံတော်ပုန်ကန်သည့် လုပ်ရပ် မဟုတ်သော်လည်း ဒေသခံတချို့က ဤလှုပ်ရှားမှုကြောင့် ထိတ်လန့်နေကြသည်ဟု သူက ဆိုသည်။
မန္တလေးမြို့ခံ ကဗျာဆရာကိုကျော်ကြီးက ဤလှုပ်ရှားမှုမျိုး ရှိသင့်သည်ဟု ပြောသည်။
“ပြည်သူလူထုကိုလည်း ထိခိုက်တာ မဟုတ်ဘူး။ လမ်းပေါ်ကိုလည်း အနှောင့်အယှက် ဖြစ်သွားတာ မဟုတ်ဘူး။ သူတို့ဖြစ်ချင်တာလေးကို ဒီလှုပ်ရှားမှုလေးနဲ့ ဖော်ထုတ်တာဖြစ်လို့ ကျွန်တော်တစ်ဦးတစ်ယောက် အမြင်နဲ့ ထောက်ခံပါတယ်” ဟု ကိုကျော်ကြီးက ပြောသည်။
၂၀၁၇ နှစ်ကုန်ပိုင်းကလည်း ရန်ကုန်တွင် အခြေခံဥပဒေဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့သည်။
အငြင်းပွားဖွယ် ဖြစ်နေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ယခင် တပ်မတော်အစိုးရ လက်ထက်က ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အခြေခံဥပဒေတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာ များစွာ ပေးထားသည်။
အခြေခံဥပဒေကို ပြင်ဆင်လိုပါက ထိုဥပဒေ၏ အခန်း ၁၂ ပါ ပြဋ္ဌာန်းချက်များအတိုင်း ပြင်နိုင်သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့်နှစ်များအတွင်း အကြိမ်ကြိမ် ပြောဆိုခဲ့ပြီး ဖြစ်သည်။
အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ခုခုကို ပြင်ဆင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူရန် လိုအပ်သည်။ ထို့အပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်၍ မဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ထောက်ခံမှု လိုအပ်သည်ဟု အခန်း ၁၂ တွင် ပြဋ္ဌာန်းထားသည်။