သတင်း

လားရှိုးမြို့တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ရန် စစ်ကောင်စီကြိုးပမ်း

စစ်ကောင်စီက ပြန်ရယူထားသော လားရှိုးမြို့တွင် လေဆိပ်၊ ကျန်းမာရေး၊ ပညာရေး၊ ထွေအုပ်ရုံး အပါအဝင် ၎င်းတို့ယန္တရားများလည်ပတ်ရန် ပြင်ဆင်နေသည်။

တရုတ်နိုင်ငံ အကူအညီဖြင့် ပြန်ရယူထားသော ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော် လားရှိုးတွင် လေဆိပ်ပြန်ဖွင့်ရေးနှင့် အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရန် စစ်ကောင်စီက ကြိုးပမ်းနေသည်။  

ကိုးကန့်တပ် (MNDAA) ထွက်ခွာသွားပြီးနောက်တစ်နေ့ ဧပြီ ၂၂ နံနက် ၉ နာရီခန့် တွင် မိုးကာအုပ် စစ်ထရပ်ကား အစီးရေ ဆယ်နှင့်ချီ လားရှိုးမြို့တွင်း ဝင်လာပြီး ထိုယာဉ်တန်းတွင် စစ်သား အများအပြားနှင့် အုပ်ချုပ်ရေးဝန်ထမ်းများ လိုက်ပါလာကြသည်။ 

ထို့နောက် မေ ၅ ရက်နေ့တွင် လားရှိုးဆေးရုံကြီးကို ဖွင့်လှစ်ခဲ့ပြီး စစ်ကောင်စီက  ကျန်းမာရေး၊ ပညာရေးစသည့် ဌာနပေါင်းစုံနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ စတင်နိုင်ရန် ကြိုးစားနေ သည်။

ဆေးရုံကြီးကို ပြန်ဖွင့်ထားသော်လည်းဆေးရုံသုံးပစ္စည်းများ မစုံလင်၊  ပြင်ပလူနာများသာ လက်ခံနိုင်သေးသည့်အတွက် မြို့ခံအများစုက ပုဂ္ဂလိကဆေးရုံများကို အားကိုးနေရသည်ဟု သိရ သည်။

ကိုးကန့်တပ်များ မြို့ထဲမှ ထွက်ခွာစဉ်က လားရှိုးဆေးရုံမှ ကျောက်ကပ်ဆေးစက်အပါအဝင် အရေးကြီး ဆေးနှင့် စက်ကိရိယာတချို့ကို ၎င်းတို့ ထိန်းချုပ်သောသိန္နီမြို့ဆေးရုံဘက် ယူဆောင်သွားခဲ့ကြသည်။ စစ်ကောင်စီ ပြန်လည်တာဝန်ယူသည့်ရက်နှင့် ဆေးရုံပိတ်ရက် တစ်ပတ်ကွာဟနေသည့်အတွက် အရေးကြီးလူနာများကို ကုသရန် ထိုပစ္စည်းများ လိုအပ်သည်ဟု အကြောင်းပြခဲ့ကြောင်း သိရသည်။ 

အ‌ရေးတကြီးလိုအပ်သည့် စက်ပစ္စည်း၊ ဆေးဝါး ၂၀ ရာခိုင်နှုန်းခန့် ယူဆောင်သွားကြောင်း MNDAA ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်ဟု ကိုးကန့်အာဘော် The Kokang အွန်လိုင်းသတင်းစာမျက်နှာတွင်   ဧပြီ ၂၆ ရက်နေ့က ရေးသားထားသည်။

လားရှိုးဆေးရုံကြီးတွင် ကိုးကန့်   ကျန်းမာရေးဝန်ထမ်းများက ၂၀၂၄ ဩဂုတ် ၁၀ ရက်နေ့မှ စတင်ပြီး ၈  လအတွင်း လူနာစုစုပေါင်း ၉၅,၂၅၈ ဦးကို ကုသမှုပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မြို့၏လျှပ်စစ်ဓာတ်အားပေးစက်လည်း ကိုးကန့်တပ်က ယူဆောင်သွားခဲ့ပြီး ယခုအခါ လားရှိုးမြို့တွင် လျှပ်စစ်မီးပုံမှန်မရရှိကြောင်း သိရသည်။

စစ်ကောင်စီက ပြန်ဖွင့်လိုက်သော လားရှိုးဆေးရုံကို မေ ၅ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-Tax SamSon)

လားရှိုးလေဆိပ်

မေ ၂၂ ရက်နေ့တွင် လေဆိပ် ပြန်လည် လည်ပတ်နိုင်ရန် ပြင်ဆင်နေသည်ဟု မြို့ခံများထံက သိရသည်။ 

လေဆိပ်ပတ်ဝန်းကျင်တွင် သန့်ရှင်းရေးလုပ်ဆောင်နေသည်ကို တွေ့ရကြောင်း  လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“သန့်ရှင်းရေးတွေတော့ လုပ်ပြီးပြီ။ လေယာဉ်ကွင်းအထဲမှာက အဲဲဒီလောက် အပျက်အစီးမရှိတော့ မြန်မြန်ပြန်ဖွင့်နိုင်တာ” ဟု သူက ပြောသည်။

မေလ ၂၂၊ ၂၃၊ ၂၄ ရက်နေ့များတွင်  ရန်ကုန်၊  မန္တလေး၊  တာချီလိတ် ခရီးစဉ်များ  ရှိကြောင်း ဒေသခံတချို့က ပြောကြသည်။

လေကြောင်းလိုင်းအနေဖြင့် Myanmar National Airline တစ်လိုင်းသာ ပြေးဆွဲမည်ဟု သိရသည်။ 

လေယာဉ်လက်မှတ်များ Online မှ စတင်ရောင်းချနေသော်လည်း  သတ်မှတ်ထားသည့်ရက်များတွင် လေယာဉ်ပြေးဆွဲနိုင်ခြင်း ရှိမရှိ အာမ မခံနိုင်ကြောင်း လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်တချို့က ဆိုသည်။

မေလ ၂၂, ၂၃, ၂၄ နေ့များအတွက် လက်မှတ်အရောင်း ဖွင့်ထားကြောင်း၊ သို့သော်လည်း လားရှိုးကွင်း လေယာဉ်အဆင်းအတက် မလုပ်နိုင်သေးဟု သတင်းရရှိကြောင်း  လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်တာဝန်ခံတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တစ်ခုတည်းသော လေဆိပ်ဖြစ်သည့် လားရှိုးလေဆိပ်သည် အရှေ့မြောက် ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) နှင့်ကပ်လျက်   တည်ရှိသည်။ ပြီးခဲ့သည့်နှစ် လားရှိုးရှိ စစ်စခန်းများ တိုက်ခိုက်ခံရသည့် အစောပိုင်းကာလများတွင် ထိုလေဆိပ်မှတဆင့် စစ်ကူများ ရောက်ရှိခဲ့သည်။

လေယာဉ်ကွင်း  ကြီးကြီးမားမား မပျက်စီးသော်လည်း လေဆိပ်အတွင်းပိုင်းနှင့် အဆောက်အဦတချို့ ပြန်ပြင်ဆင်ရန်လိုသေးသည်ဟု မြို့ခံတချို့က ပြောသည်။

MNDAA မြို့ကိုသိမ်းပြီးနောက် တပ်ဖွဲ့ဝင်များက လေဆိပ်တွင် နေရာယူထားသည့်ပုံများ ဝေဝေဆာဆာ ထွက်ပေါ်ခဲ့သည်။ 

၂၀၂၄ ခုနှစ်က လားရှိုးမြို့သိမ်းအပြီး လေဆိပ်တွင် တွေ့ရသော MNDAA တပ်ဖွဲ့ဝင် တစ်ဦး။ (ဓာတ်ပုံ- The Kokang ရုပ်သံမှ)

စစ်ကောင်စီ ပြန်ထိန်းချုပ်ခွင့် ရရှိသွားသည့် မြို့ပေါ် ရပ်ကွက်များရှိ စာသင်ကျောင်းများ ဇွန်လဆန်း ပြန်ဖွင့်မည်၊ မေ ၂၂ ရက်နေ့တွင်   ကျောင်းအပ်လက်ခံမည်ဟု သိရသည်။

မြို့ပေါ်တွင် ကျောင်း ၂၀ ကျော်ရှိပြီး တိုက်ပွဲအတွင်း အထိအခိုက် အပျက်အစီးများသည့် စာသင်ကျောင်း များ ပြန်လည်ဖွင့်လှစ်ရန် ခက်ခဲနိုင်သည်ဟု မြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။

“ ဆရာတွေ ဆရာမတွေတော့ သွားနေကြတာပဲ၊ သန့်ရှင်းရေးတွေဘာတွေ လုပ်ခိုင်း၊ အထိအခိုက်များတဲ့ နေရာကျတော့  ပြင်ဆင်မှုစားရိတ်တွေ၊ အကြီးစားပြင်ဆင်မှုတွေ ပေးမယ်၊ မထိခိုက်တဲ့နေရာကျတော့ ကိုယ့်ဟာနဲ့ကိုယ်ပြင်ဆင်ပေါ့” ဟု ၎င်းက ဆက်ပြောသည်။

ကိုးကန့်တပ်က ခန့်အပ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနေရာတွင် စစ်ကောင်စီ ခန့်ထားသူများ ရောက်လာသည်ဟု  လားရှိုးမြို့ခံတချို့က ပြောသည်။

အမှတ်  (၇) ရပ်ကွက်မှ အမျိုးသားတစ်ဦးက ယခင်အုပ်ချုပ်ရေးမှူး ရပ်ကွက်ထဲ ပြန်ရောက်လာပြီး မူလတာဝန် ပြန်ရနေသည်ဟု ဆိုသည်။

အမှတ် (၁) ရပ်ကွက်တွင်လည်း ကိုးကန့်အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့သူ  ဦးထွန်းလင်းအောင်က စစ်ကောင်စီ အုပ်ချုပ်ရေးမှူး ဦးကျော်ဇောကို တာဝန်လွှဲပြောင်းလိုက်သည့် အွန်လိုင်းလူမှုကွန်ရက်တွင် တွေ့ရသည်။

 လားရှိုးမြို့တွင် အမှုအခင်းများ ရှိနေသည်၊ မေ ၁၃ ရက်နေ့က လူစည်ကားသည့်နေရာတွင် သေနတ်ပြ လုယက်မှု ဖြစ်ခဲ့သည်ဟု အမှတ် (၇) ရပ်ကွက်မှ အထက်ပါ မြို့ခံအမျိုးသားက ယမန်နေ့က ပြောသည်။

“မနေ့က ၁ နာရီကျော်ကျော်လောက်မှာ လူစည်ကားတဲ့နေရာမှာ ကားနဲ့ လူတစ်ယောက်လာပြီးမှ မိန်းမတစ်ယောက်ဆိုင်ကယ်စီးနေတာကို ဆွဲကြိုးလုတာ သေနတ်ထောက်ပြီးတော့။ နေ့ခင်းကြောင်တောင် တောင်မှ အဲဒီိလိုဖြစ်တာ” ဟု သူက ဆိုသည်။

မေ ၁၁ ရက်နေ့က အမှတ်  (၁) ရပ်ကွက်တွင်  ကားနှင့် အမှိုက်လိုက်သိမ်းနေပုံ ရုပ်သံမှတ်တမ်း အွန်လိုင်းတွင် ထွက်ပေါ်လာသည်၊ သို့သော်လည်း ရပ်ကွက်တိုင်းတွင် ထိုသို့ မသိမ်းနိုင်သေးဟု  သိရသည်။ 

၂၀၂၄ ဇူလိုင် ၃ ရက်နေ့တွင်  MNDAA နှင့် ပူးပေါင်းတပ်များက လားရှိုးရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် စစ်တပ် တပ်ရင်းတပ်ဖွဲ့ အများအပြားကို  အပြင်းအထန် ထိုးစစ်ဆင်ပြီးနောက်  တစ်လအကြာတွင် အပြီးသတ်သိမ်းယူနိုင်ခဲ့သည်။

ထို့နောက် MNDAA က အရပ်သားအုပ်ချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးဖော်ဆောင်ခဲ့ရာ လားရှိုးမြို့ တဖြည်းဖြည်း ပြန်လည် အသက်ဝင်လာသော်လည်း စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုများ လုပ်ခဲ့သော ကြောင့် မြို့ခံအများစုက အစောပိုင်းတွင် ပြန်လည်ဝင်ရောက်မလာရဲခဲ့ကြပေ။

လေတပ်  နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နိုင်ရန် သတင်းပေးခဲ့သည်ဟူသော သံသယ ဖြင့် လူ ၂၀ ကျော်ခန့်ကို ကိုးကန့်တပ်ကွပ်ကဲမှုအောက်ရှိ လားရှိုးမြို့အုပ်ချုပ်ရေးအဖွဲ့က ယင်းနှစ် အောက်တိုဘာလတွင် ဖမ်းဆီးစစ်ဆေးခဲ့သေးသည်။

တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် ကိုးကန့်တပ်တို့ ၂၀၂၅ ဇန်နဝါရီလတွင် အပစ်ရပ် သဘောတူ ခဲ့ကြသည်။  ကိုးကန့်တပ်များ ဇွန်လတွင် လားရှိုးမှ ထွက်ခွာရန်   သဘောတူခဲ့ကြသည်ဟု သိရသည်။ သို့သော်လည်း ကိုးကန့်တပ်က  ဧပြီလအတွင်းမှာပင်  ဆုတ်ခွာပေးခဲ့ရသည်။

ဧပြီလတတိယပတ်မှ စတင်ကာ ကိုးကန့်အလံနှင့် အထူးဒေသ(၁) အလံများ မြို့ပေါ်မှ ဖြုတ်သိမ်းထားခဲ့ကြ ပြီး နိုင်ငံတော်အလံသာစိုက်ထူထားခဲ့ကြသည်။  မြန်မာပြည်ဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း ဦးဆောင်သည့် တရုတ်အဖွဲ့နှင့် စစ်ကောင်စီတပ်ဝန်ထမ်းများ ပါဝင်သည့် ယာဉ်တန်းများနှင့် ဧပြီ ၂၁ ရက်နေ့တွင် ဝင်ရောက်လာခဲ့သည်။

မြို့ကို ပြန်လွှဲရေး လားရှိုးမြို့၊ ဆင်နှစ်ကောင်ဟိုတယ်တွင် တရုတ်အထူးကိုယ်စားလှယ်က ဦးဆောင်၍ နှစ်ဖက် တပ်များနှင့်  ဆွေးနွေးခဲ့ကြသည်။

ကိုးကန့်တပ်၏ ဆက်ဆံရေးရုံးတစ်ခု လားရှိုးတွင် ရှိနေမည်ဟု ဆိုသော်လည်း အခြေအနေ အသေးစိတ် မသိရပေ။

တရုတ်စွက်ဖက်မှုကြောင့် ကိုးကန့်က လားရှိုးမြို့မှ ထွက်ခွာပေးရသည်ဟူသော ပြောဆိုချက်များကို တရုတ်က ငြင်းထားသည်။ တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အခြားနိုင်ငံ၏ ပြည်တွင်းရေး မစွက်ဖက်ရေးမူဝါဒကို လိုက်နာကာ အိမ်နီးချင်းနိုင်ငံသို့ ကူညီနေခြင်းသာ  ဖြစ်ကြောင်း ဧပြီ ၂၁ ရက်နေ့   သတင်းစာရှင်းလင်းပွဲတွင်  တုံ့ပြန်ထားသည်။

စစ်ကောင်စီအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၃ မတ်လထုတ် စာရင်းများအရ လားရှိုးမြို့ ပေါ် ရပ်ကွက် ၁၂ ခုတွင် လူတစ်သိန်းလေးသောင်းကျော် နေထိုင်ပြီး လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာ ၇၅ ခု တွင် လူတစ်သိန်းခွဲခန့် နေထိုင်သည်။

ကိုးကန့်တပ်သည် လားရှိုးမြို့ပြင် ကျေးရွာများကို ထိန်းချုပ်ထားဆဲ ဖြစ်သည်။

ထို့အပြင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့များ ဖြစ်သည့် လောက်ကိုင်နှင့် ချင်းရွှေဟော်မြို့များအပြင် သံလွင်မြစ်အနောက်ဘက် မုံးကိုး၊ ကုန်းကြမ်း၊ ကြူကုတ် (ပန်ဆိုင်း)၊ ကွမ်းလုံနှင့် သိန္နီမြို့များကို သိမ်းပိုက်ထားပြီး၊ ကွတ်ခိုင်မြို့နယ်ကိုလည်း တအာင်း (TNLA) နှင့် ကချင်လွတ်လပ်ရေးတပ် (KIA)တို့နှင့် ပူးပေါင်း၍ ထိန်းချုပ်ထားသည်။

၂၀၂၄ သြဂုတ်လက တွေ့ရသည့်  လားရှိုးမြို့ပေါ် ဈေးတစ်ခု။ (ဓာတ်ပုံ-The Kokang)

Related Articles

Back to top button