ကိုးကန့်တပ် (MNDAA) က ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ ပုံမှန်လည်ပတ်ရေး လုပ်ဆောင်နေသော်လည်း ကဏ္ဍအသီးသီးတွင် လိုအပ်ချက်အများအပြား ရှိနေသေးသောကြောင့် မြို့ခံအများစုက ပြန်လည်ဝင်ရောက်နေထိုင်ခြင်း မပြုကြသေးကြောင်း သိရသည်။
ဩဂုတ် ၃၀ ရက်ညတွင် လေတပ်က ၂ ကြိမ် ဗုံးကြဲရာ ရပ်ကွက် (၉) ရှိ စာသင်ကျောင်းနှင့် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန်ကြေညာသည်၊ အရပ်သား ထိခိုက် သေဆုံးမှုမရှိပေ။
သြဂုတ် ပထမပတ်မှစတင်ပြီး လားရှိုးမြို့တွင်းသို့ အရပ်သားတချို့ ပြန်လည် ဝင်ရောက်လျက် ရှိသော်လည်း အများစုမှာ ပြန်နေထိုင်ခြင်း မရှိသေးသောကြောင့် ယခင်လို စည်ကားခြင်း မရှိသေးဟု ပြန်ရောက်ရှိနေသူများက ပြောကြသည်။
ကလေးများ၏ ပညာရေးကြောင့် ကွတ်ခိုင်မြို့တွင် ပြောင်းရွှေ့နေထိုင်နေသည့် လားရှိုး ဒေသခံတစ်ဦးက လားရှိုးသို့ ရံဖန်ရံခါ သွားရောက်စဉ် စျေး၊ စားသောက်ဆိုင်နှင့်ကုန်စုံဆိုင်တချို့ ပြန်ဖွင့်သော်လည်း လမ်းမများ တွင် လူသွားလူလာနည်းပါး နေသေးသည်ကို တွေ့ရကြောင်း ပြောသည်။
“တဖြည်းဖြည်းတော့ ပြန်စည်လာပြီ။ အရင်တုန်းက အနေအထားတော့ ပြန်မရောက်သေးဘူး” ဟု လားရှိုးတွင် နှစ် ၃၀ ကျော်ကြာ နေထိုင်ခဲ့သည့် ထိုအမျိုးသားက ဆိုသည်။
“အရမ်း..တိတ်ဆိတ်နေတော့ ကိုယ့်အိမ်ထဲမှာနေရင် တောင် ကျောချမ်းချင်သလိုလိုပဲ”
မန္တလေး-လားရှိုး-မူဆယ်လမ်းပေါ်မှ ကွတ်ခိုင်မြို့နယ်သည် တအာင်းတပ် (TNLA) ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး လားရှိုးမြို့မြောက်ဘက် ၄၆ မိုင်ခန့် အကွာတွင် တည်ရှိသည်။ဇူလိုင် ၃ ရက်နေ့တွင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် စစ်တပ် တပ်ရင်းတပ်ဖွဲ့ အများအပြား အခြေစိုက်သော လားရှိုးမြို့ကို MNDAA နှင့် ပူးပေါင်းတပ်များက အပြင်းအထန် ထိုးစစ်ဆင်ပြီးနောက် ဩဂုတ် ၃ ရက်တွင် အပြီးသတ်သိမ်းယူနိုင်ခဲ့သည်။
ထို့နောက် နယ်စပ်ကုန်သွယ်ရေးအတွက် အချက်အချာ ကျသလို စစ်ရေးအရ ဗျူဟာကျသော လားရှိုးမြို့ ကို ပြန်လည်ပတ်နိုင်ရန် MNDAA က စတင်ကြိုးပမ်းလာခဲ့သည်။
မြို့ပေါ်အုပ်ချုပ်ရေး လည်ပတ်ရန် ကြိုးစားခဲ့ပြီး ဒုစရိုက်မှုများကို အထူးရဲတပ်ဖွဲ့များ၊ လှည့်ကင်းပတ်ခြင်း များဖြင့် ဥပဒေစိုးမိုးရန် ကြိုးပမ်းခဲ့ကာ စီးပွားရေး၊ ကျန်းမာရေး ကဏ္ဍများတွင်ပါ ပြန်လည်လည်ပတ်နိုင် ရေး ၎င်းတို့က The Kokang Facebook Page နှင့် Youtube တို့မှတဆင့် ထုတ်ပြန်နေသည်။
လားရှိုးမြို့ပေါ်ရပ်ကွက်များတွင် MNDAA တပ်ဖွဲ့တာဝန်ရှိသူများက လူထုတွေ့ဆုံပွဲများပြုလုပ်နေပြီး ဈေးတချို့ ဖွင့်လှစ်နေကာ ၎င်းတို့ဘက်မှ မြို့နေလူထု အခြေခံလိုအပ်ချက်များအတွက် ဆောင်ရွက်နေပြီဖြစ်ကြောင်း MNDAA သတင်းများ အမြဲဖော်ပြနေသော ကိုးကန့်သတင်းအေဂျင်စီ (The Kokang) တွင် အမြဲလိုလိုထုတ်ပြန်နေသည်။
ဆင်းရဲနွမ်းပါးသူများကို အစားအသောက်နှင့်ကယ်ဆယ်ရေးပစ္စည်းတွေ ဝေငှခဲ့ခြင်း၊ လားရှိုး ရေလှောင်ကန်သို့ သွားရောက်၍ ဝန်ထမ်းများအတွက် ဆောင်ရွက်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း ၊ လျှပ်စစ်မီး ပြန် ရရေး၊ မှုခင်းလျော့ပါးအောင် ဆောင်ရွက်နေခြင်းများ အပါအဝင် ကိစ္စရပ်များကို MNDAA က လုပ်ဆောင်နေသည်ဟု ဖော်ပြထားသည်။
တိုက်ပွဲများအတွင်း ပျက်စီးခဲ့သော လားရှိုးမြို့ရှိ ဓာတ်အားပေးစက်ရုံများ၊ လိုင်းများပြုပြင်နေမှုသည် နောက်ဆုံး အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း MNDAA က ကြေညာထားရာ မကြာမီ လျှပ်စစ်မီး ပြန်ရနိုင်တော့မည်ဟု ယူဆရသည်။
လက်ရှိ မြို့ပေါ်ရပ်ကွက်နေရာတချို့ဖုန်းလိုင်း ရရှိနေပြီး MNDAA က ရပ်ကွက်အလိုက် အင်တာနက် Wifi များ တပ်ဆင်ပေးထားသည်။
လျှပ်စစ်မီးရရှိရေး အမြန်ဆုံးပြုပြင်နေသည် ဆိုသော်လည်း တစ်မြို့လုံး မီးရရန် အချိန်ယူရဦးမည် ဖြစ်ကြောင်း မြို့ခံများက သုံးသပ်ကြသည်။
“ နောက်တစ်ရက် နှစ်ရက်နေရင် ရပ်ကွက် (၇) ဘက်မှာ (လျှပ်စစ်) မီးပြန်ရနိုင်တယ်။ ရပ်ကွက် (၇) ဘက်က ဓါတ်တိုင်တွေ ပျက်စီးတာသိပ်မရှိဘူး” ဟု အထက်ပါ ကွတ်ခိုင်ရောက် လားရှိုးမြို့ခံက ပြောသည်။
လားရှိုးမြို့အုပ်ချုပ်ရေးလုပ်ငန်းများအတွက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သူများကို သြဂုတ် ၁၃ ရက်နေ့ကစပြီး တာဝန်ထမ်းဆောင်ရန် စာရင်းကောက်ခံနေပြီး တခြားမြို့မှ CDM များကိုပါ လက်ခံနေကြောင်း သိရသည်။
လက်ရှိတွင် လားရှိုးမြို့၌ တာဝန်ထမ်းဆောင်ရန်စာရင်းပေးထားသူများမှာ ဌာန ၂၀ ကျော်မှ CDM ဝန်ထမ်း ၂၇၀ ကျော်ရှိပြီဟု MNDAA ထုတ်ပြန်ချက်အရ သိရသည်။
မြို့ခံများ၏ အဆိုအရ မြို့လူဦးရေ၏ ၂၅ ရာခိုင်နှုန်းခန့်သာ ပြန်နေထိုင်လျက်ရှိပြီး အများစုက နေအိမ် ဖောက်ထွင်းခံရမှုများရှိသည့်အတွက် ၎င်းတို့၏ နေအိမ်များကို ခဏပြန်လာကြည့်ရှုကြခြင်း ဖြစ်သည်ဟု ပြောကြသည်။
တိုက်ပွဲကြောင့် ထိခိုက်နေသော အပျက်အစီးများ ဖယ်ရှား၍ မြို့ပြန်ထူထောင်ရေးလုပ်နေသော်လည်း စစ်တပ်၏ လေကြောင်းရန် စိတ်ချမှသာ ပြန်လည်နေထိုင်နိုင်ကြမည်ဖြစ်သည်ဟု မြို့ခံအများစုက ယူဆကြသည်။
ကလေးပညာရေးအတွက်ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ဆက်လက်ခိုလှုံနေထိုင်ရန် ဆုံးဖြတ်ထားကြောင်း လားရှိုးမြို့ ရပ်ကွက် (၁) မှ အမျိုးသမီးတစ်ဦးက ပြောသည်။
“လောလောဆယ် အိမ်ရှင်းနေတာ၊ ချောင်းရေလည်းတက်နေတော့။ နောက် ၃ ရက်လောက်နေရင်တော့ တောင်ကြီး ပြန်မယ်” ဟု လားရှိုးမြို့သို့ ခေတ္တလာရောက်စဉ် အခြေအနေကို အထက်ပါ အမျိုးသမီးက ပြန်ပြောပြသည်။
လားရှိုးမြို့မစျေးမှာ ပိတ်ထားဆဲဖြစ်ကာ စျေးမျက်နှာစာရှိ ဆိုင်ခန်းတချို့ နာရီပိုင်းခန့်သာဖွင့်ထားပြီး တချို့မှာ ဆိုင်ရှိပစ္စည်းများကို သိမ်းဆည်းနေကြသည်ကိုလည်း တွေ့ရသည်ဟု သူက ဆိုသည်။
ရပ်ကွက် (၄) နှင့် (၅) တို့တွင် ပြန်နေထိုင်ကြသူများပြီး အများစုမှာ ဗမာလူမျိုးများဖြစ်သည်၊ ဌာနဆိုင်ရာ ဝန်ထမ်းအများစု နေထိုင်သည့် ရပ်ကွက်(၁)တွင် နေထိုင်သူနည်းပါးသည်ဟု မြို့ခံ နောက်တစ်ဦးက ပြောသည်။
“ ရပ်ကွက် (၄) မှာက လက်လုပ်လက်စားတွေ များတယ်။ လောလောဆယ်တော့ အလုပ်တွေ မရှိသေးဘူး။ တချို့က စျေးထွက်ရောင်း၊ ဆိုင်ကယ်နဲ့ ထမင်းတွေဘာတွေ ရောင်းတာတွေရှိတယ်။ တချို့လည်း ရှာလို့ရတဲ့ အလုပ်လေးတွေ သွားလုပ်ကြတယ်”
လားရှိုးမြို့တွင် ပြန်နေထိုင်သူ နည်းပါးနေသေးသော်လည်း MNDAA က ကျန်းမာရေးနှင့်အုပ်ချုပ်ရေးကို လည်ပတ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဌာန စတင်လည်ပတ်နေသည်၊ ပညာရေးဌာန လုပ်ငန်းလည်ပတ်ရန် ဆက်လက်ဆောင်ရွက်နေသည်ဟု MNDAA ဘက်က ပြောထားသည်။
“ ပြန်လာတဲ့အရပ်သားတချို့ကို နယ်မြေမှူး၊ ဥက္ကဋ္ဌတွေ ခန့်ပြီးတော့ သူတို့ရဲ့မူဝါဒတွေကို ချပြတယ်။ အရပ်ဘက်အုပ်ချုပ်ရေးဘက်ကို ဦးတည်နေတာမျိုးကို တွေ့ရတယ်” ဟု ကွတ်ခိုင်မြို့ရောက် လားရှိုးမြို့ခံ အမျိုးသားက ပြောသည်။
ကိုးကန့် ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲများနှင့် လုံခြုံရေးအဖွဲ့များဖွဲ့စည်းထားပြီး မြို့အဝင်အထွက်နှင့် မြို့တွင်း တွင် ကား၊ ဆိုင်ကယ်များနှင့် နေ့ရောညပါ ကင်းလှည့်ကာ လုံခြုံရေး ဆောင်ရွက်နေသည်ဟု သိရသည်။
“သူခိုးတွေ ဖမ်းထားတာ ရာနဲ့ချီတယ်လို့ကြားတယ်။ ဘယ်လိုမျိုးအရေးယူမလဲတော့ သေချာမသိဘူး” ဟု အထက်ပါဒေသခံက ဆက်ပြောသည်။
အထူးဒေသ(၁)၏ ရဲတပ်ဖွဲ့မှ ရဲအရာရှိအများအပြားကို လားရှိုးမြို့သို့ စေလွှတ်ပြီး ဒေသတည်ငြိမ်ရေး ကြိုးပမ်းနေ သည် ဟု MNDAA က ဆိုသည်။
အထူးသဖြင့် မှုခင်းများသည် ရပ်ကွက် (၅)၊ (၉) ၊ (၁၀)၊ (၁၂) တို့တွင် အဖြစ်များပြီး ထိုနေရာများကို ပစ်မှတ်ထားကာ ကင်းလှည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း MNDAA အထူးဒေသ (၁) ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည့် ရုပ်သံမှတ်တမ်းကို ဩဂုတ်လနောက်ဆုံးပတ်တွင် The Kokang ယူကျု့တွင် ထုတ်လွှင့်ခဲ့သည်။
“လူအများစုက အိမ်နဲ့ဝေးကွာနေကြပြီး သူတို့ရဲ့အိမ်တွေကို စောင့်ရှောက်ပေးမဲ့သူ မရှိကြပါဘူး။ ဒါကြောင့် ခိုးမှုတွေ ရော မူးယစ်ဆေးဝါးသုံးစွဲမှုတွေလည်း ပိုများလာပါတယ်။ ဒါပေမဲ့ အလုံးစုံကို ထိန်းချုပ်နိုင်ဆဲ ဖြစ်ပါတယ်” ဟု ထိုအရာရှိက ဆိုသည်။
တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်သောကြောင့် ၎င်းတို့၏ အခက်အခဲတစ်ခုမှာ ဘာသာစကား ဖြစ်ကြောင်း၊ ဆက်သွယ်ပြောဆိုရေး အခက်အခဲရှိကြောင်း ပြောထားသည်။
သို့သော်လည်း လားရှိုးမြို့တွင်း ထိခိုက်ပျက်စီးသည့် အဆောက်အဦးများကို ယနေ့အထိ ပြန်လည် ပြင်ဆင်မွမ်းမံခြင်း မပြုလုပ်နိုင်သည့်အတွက် စစ်ပွဲ၏ ထိခိုက်မှုအခြေအနေများကို မြင်တွေ့နေရသည်။
“ကျွန်တော့အိမ်အနောက်ဖက်မှာလည်း ၁၂ပေ ပတ်လည် ကျင်းကြီးဖြစ်သွားတယ်။ အခုထိတောင် (လက်နက်ကြီး) အခွံလည်း မထုတ်ရသေးဘူး” ဟု ရပ်ကွက် (၁) တွင် ပြန်နေထိုင်သည့် မြို့ခံအမျိုးသား တစ်ဦးက ပြောသည်။
အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်စခန်းနှင့် နီးသော လားရှိုးမိုတယ်၊ လားရှိုးတက္ကသိုလ်တို့တွင် ထိခိုက်ပျက်စီးမှုအကြီးမားဆုံးဖြစ်ပြီး ရပ်ကွက် (၈) မန်ဆူပလာဇာနှင့် အခြား အထပ်မြင့်အဆောက်အဦးများ၌ ထိခိုက်ပျက်စီးမှုများ ရှိနေဆဲ ဖြစ်သည်ဟု လားရှိုးမြို့ခံများ က ဆိုသည်။
ရပ်ကွက် ၁၂ ခု ရှိသော လားရှိုးမြို့ပေါ် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များ အခြေစိုက်သောကြောင့် မြို့တွင်းတိုက်ပွဲ ပြင်းထန်ပြီး အပျက်အစီး များပြားခဲ့သည်။
သို့သော်လည်း မြို့ဧရိယာကျယ်ပြန့်မှုကြောင့် ရှမ်းမြောက်ရှိ တခြားစစ်ဘေးသင့်မြို့များနှင့် နှိုင်းယှဉ်လျှင် ထိခိုက်ပျက်စီးမှု နည်းသည်ဟုလည်း မြို့ခံများက ဆိုကြသည်။
လက်ရှိတွင် လျှပ်စစ်မီးနှင့် အခြေခံလူနေမှုဘဝ လိုအပ်ချက်များကို ပြန်လည်ထူထောင်ရန်ကျန်ရှိနေသည့် အပြင် စာသင်ကျောင်းများ လတ်တလောပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။
လူပြန်နေထိုင်မှုနည်းပါးသည့် လားရှိုးမြို့တွင် ကုန်စျေးနှုန်းမြှင့်တက်မှုနှင့် စားဝတ်နေရေးအခက်အခဲများ ကြောင့်လည်း နေရပ်ပြန်ရေးတုံ့ဆိုင်းနေကြသည်ဟုလည်း ကွတ်ခိုင်မြို့တွင် ဆက်နေထိုင်ဆဲ ဖြစ်သည့် လားရှိုးမြို့ခံက မှတ်ချက်ပြုသည်။
“ကျွန်တော်တို့ အစကနေ ဘယ်လိုပြန်စပြီး ထူထောင်ရမလဲ၊ ဘာလုပ်ကိုင်စားသောက်ရမလဲဆိုတဲ့အရာက အဖြေ မတွေ့ဘူး။ ဘာလုပ်ကိုင်စားရမလဲဆိုတာ တွေးလို့မရဘူး”ဟု ၎င်းက ပြောသည်။MNDAA သည် လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိသော စစ်သုံ့ပန်းနှင့် မိသားစုဝင်များကို ၇ ကြိမ် ပြန်လွှတ်ပေးခဲ့သည်၊ ပြန်လွှတ်သွားသူ အရေအတွက် ၂၀၀၀ ကျော်သည်ဟု သိရသည်။