
ကိုးကန့်တပ် (MNDAA) က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ယနေ့ (ဧပြီ ၂၁) နောက်ဆုံးထား၍ ဆုတ်ခွာပေးရမည်ဖြစ်ရာ တရုတ်အထူးကိုယ်စားလှယ်က ဦးဆောင်၍ နှစ်ဖက်တပ်များ စတင်ဆွေးနွေး နေကြပြီး ကိုးကန့်အလံနှင့် အထူးဒေသ(၁) အလံများ မြို့ပေါ်မှ ဖြုတ်သိမ်းထားသည်ဟု သိရသည်။
မြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် ဆွေးနွေးနေသည်ဟု မြို့ခံများက ပြောကြသော်လည်း ဆွေးနွေးပွဲအခြေအနေကို မသိရသေးပေ။
ယနေ့ နံနက်ပိုင်းတွင် လားရှိုးမြို့ပေါ်၌ လူအသွားအလာအနည်းငယ် နည်းပါးသွားသော်လည်း ဈေးများ ပုံမှန်အတိုင်းဖွင့်လှစ်ထားဆဲဖြစ်ကာ ကိုးကန့်များကို သိပ်မတွေ့ရတော့ကြောင်း၊ မြို့ပေါ် တွင် မြန်မာနိုင်ငံအလံသာရှိတော့ကြောင်း လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“အဝိုင်းပတ်မှာ အလံ ၃ ခုထောင်ထားတယ်မလား၊ မြန်မာနိုင်ငံအလံပဲ ကျန်တော့တယ်၊ အထူးဒေသ(၁ ) အလံနဲ့ ကိုးကန့်အလံတော့ သိမ်းလိုက်ပြီ၊ မြို့ထဲမှာ လူတွေလည်း ကျဲနေတယ်” ဟု ၎င်းက ဆိုသည်။
ကိုးကန့်တပ်များ ကားကြီးများပေါ်တွင် အသုံးအဆောင်ပစ္စည်းများတင်ကာ လားရှိုးမြို့ပေါ်မှ ထွက်ခွာသွားနေသည်၊ ဧပြီ ၃ ရက်မှ စတင်ကာ အသုတ်လိုက် ထွက်ခွာသွားမှုများရှိခဲ့သည်ဟု သိရသည်။
သို့သော်လည်း မြို့ထဲတွင် ကိုးကန့်ရဲတချို့ကျန်နေသည်၊ မြို့တွင်းဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့နှင့် တရုတ်အစိုးရ၏အပစ်ရပ်စောင့်ကြည့်ရေးအဖွဲ့က မြို့ပေါ်တွင် ယနေ့ လှည့်လည် စစ်ဆေးနေသည်ဟု မြို့ခံများက ပြောသည်။

ယမန်နေ့ကလည်း လားရှိုးလေယာဉ်ကွင်းအနီး အမှတ် (၂) ရပ်ကွက်ဘက်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်တချို့ ကင်းလှည့်နေသည်ကို မြင်ခဲ့ရကြောင်း လားရှိုးမြို့ခံတချို့က ပြောသည်။
ကိုးကန့်တပ်၏ ဆက်ဆံရေးရုံးတစ်ခု လားရှိုးတွင် ရှိနေမည်ဟု သိရသည်။
ထို့ပြင် ကိုးကန့်တပ်က မြို့မြောက်ဘက်ရှိ လားရှိုးထောင်တွင် ထိန်းသိမ်းထားသူများကို ယနေ့ လွှတ်ပေးခဲ့သည် ဟု သိရသည်။
“ထောင်ရယ်၊ အချုပ်ရယ်ကို ခါလိုက်ပါတယ်။ အကျဉ်းသား၊ အချုပ်သားတွေလွတ်လာတယ် ကြားတယ်။ စစ်သုံ့ပန်းတချို့ပါတယ်” ဟု ကိုးကန့်တပ်နှင့် နီးစပ်သူ မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
သို့သော် အကျဉ်းသားအားလုံး မလွတ်မြောက်သေးသည့်အတွက် မိသားစုဝင်အချို့ အကျဉ်းထောင်ရှေ့ တွင် ညနေအထိစောင့်ဆိုင်းနေကြဆဲဖြစ်သည်ဟု သိရသည်။
ယခင်ရက်များမှစတင်ကာ စစ်သုံ့ပန်းတချို့ ပြန်လွှတ်ပေးသည်၊ အကျဉ်းသားတချို့နှင့်သုံ့ပန်းတချို့ကို သိန္နီနှင့် လောက်ကိုင်မြို့သို့ ပို့ဆောင်လိုက်သည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။
လားရှိုးမှ ဆုတ်ခွာခြင်း
ယခုနှစ် ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံ၏ ညှိနှိုင်းမှုဖြင့် စစ်ကောင်စီနှင့် ကိုးကန့်အဖွဲ့တို့ ဆွေးနွေးခဲ့ကြ ပြီးနောက် လားရှိုးမြို့မှ ကိုးကန့်တပ်များ ဧပြီ ၂၁ ရက်နေ့နောက်ဆုံးထားပြီး ဆုတ်ခွာပေးရန် သဘောတူ ခဲ့ကြသည်။
မြို့မှ ထိုသို့ဆုတ်ခွာပေးရမည်ဖြစ်ကြောင်း ကိုးကန့်၊ တရုတ်၊ စစ်ကောင်စီတို့က သတင်းထုတ်ပြန်ခြင်း မရှိကြသေးပေ။
သို့သော်လည်း ဧပြီ ၂၁ ရက်နေ့က ပြုလုပ်သော တရုတ်၏ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် လားရှိုးမြို့ ပြန်ပေးရေးမှာ တရုတ်နိုင်ငံ၏ဖိအားကြောင့်ဖြစ်သည်ဟု ပြောဆိုနေမှုများအပေါ် AFP သတင်းဌာနက မေးမြန်းခဲ့ရာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အခြားနိုင်ငံ၏ ပြည်တွင်းရေး မစွက်ဖက်ရေးမူဝါဒအား လိုက်နာ၍ အိမ်နီးချင်းနိုင်ငံကို ကူညီပံ့ပိုးပေးမှုများ ဆောင်ရွက်ပေးခြင်းသာ ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
ကိုးကန့်တပ်က ဧပြီ ၃ ရက်နေ့မှ စတင်ကာ မြို့ပေါ်ရှိ ၎င်းတို့တပ်များနှင့် ဌာနဆိုင်ရာပစ္စည်းများကို စတင်ပြောင်းရွှေ့သည်။
ဧပြီ ၁၉ ရက်နေ့တွင် စစ်ကောင်စီအရာရှိများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းတချို့သည် တန့်ယန်းမြို့မှတဆင့် လားရှိုးမြို့ကို ရောက်ရှိလာသလို နောက်တစ်ရက် (ဧပြီ ၂၀) တွင် မြန်မာပြည်ဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းဦးဆောင်သည့် တရုတ်အဖွဲ့နှင့် စစ်ကောင်စီတပ်ဝန်ထမ်းများ ယာဉ်တန်းများနှင့် ဝင်ရောက်လာခဲ့သည်။

ထိုအခြေအနေတွင် မြို့ခံများက မြို့အုပ်ချုပ်ရေးမည်သူ ဦးဆောင်မည်ဆိုသည်ကို မသိကြရပေ။
စစ်ကောင်စီတပ် ပြန်ဝင်လာပြီး ရမ်းကားနှိပ်စက်မည်ကို စိုးရိမ်နေကြသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
“အခုလတ်တလောကတော့ ပုံမှန်ပဲ၊ ဘယ်လိုဆက်ဖြစ်မလဲ မသိသေးဘူး။ စကစ (စစ်ကောင်စီ) ကလည်း အဲဒီလောက် အာဏာမပြသေးဘူး၊ ရုပ်လုံးမပြသေးဘူး။ ညီမအနေနဲ့ကတော့ ငြိမ်းငြိမ်းချမ်းချမ်းနေရရင် အဆင်ပြေပါတယ်။ စစ်ရှောင်ရတဲ့ ခံစားချက်ကို သိဖူးတော့ ထပ်တော့ စစ်မဖြစ်စေချင်တော့ဘူး” ဟု အထက်ပါမြို့ခံအမျိုးသမီးက ဆိုသည်။
စစ်ကောင်စီတပ်ရင်းများတွင် စစ်တပ်မိသားစုများပါ ပြန်ရောက်နေ
တန့်ယန်းမြို့မှလာသော စစ်ကောင်စီတပ်၏တပ်ရင်းတချို့ကလည်း ကားများနှင့် ယခုရက်ပိုင်းအတွင်း ရောက်ရှိလာကြပြီး တပ်မိသားစုတချို့ပါ တပ်ရင်းနေရာများသို့ ပြန်လည်ရောက်ရှိနေသည်ဟု အထက်ပါ ကိုးကန့်တပ်နှင့်နီးစပ်သူ လားရှိုးမြို့ခံအမျိုးသားက ပြောသည်။
“တပ်ရင်းလိုက်ပါ (ခလရ)၄၁ တပ်၊ (ထောက်ပံ့ရေးတပ်)၆၂၆ တပ်တွေမှာ စစ်တပ်မိသားစုတွေပါ ရောက် နေတာပါ။ စစ်တပ်ထဲ ရှင်းပြီး စနေနေပါပြီ”
ထို့ပြင် စစ်ကောင်စီတပ်နှင့်အတူ ပါလာသည့် လူဝင်မှုကြီးကြပ်ရေးနှင့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်း များလည်း နေရာယူကာ ရုံးလုပ်ငန်းများလည်ပတ်ရန် ပြင်ဆင်နေသည်ဟု ၎င်းက ဆက်ပြောသည်။
ကိုးကန့်တပ်အုပ်ချုပ်စဉ်က ရှိခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးရုံးများ အားလုံးပိတ်သိမ်းသွားပြီဖြစ်သလို မြို့ပေါ်ရပ်ကွက် ၁၂ ခုမှ ဆုတ်ခွာသွားသော ကိုးကန့်တပ်များသည် မြို့ပြင်ကျေးရွာများတွင် တပ်စွဲထား သည်ဟု လားရှိုးမြို့ခံအမျိုးသားနောက်တစ်ဦးက ပြောသည်။
လားရှိုးမြို့မြောက်ဘက် ၃ မိုင်ခန့်အကွာ သိန္နီမြို့သို့ ဦးတည်သွားသည့် လမ်းမကြီးပေါ်ရှိ အေဒီတံတား၏ မြောက်ဘက်ခြမ်းမှစတင်ပြီးတပ်စွဲထားခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“အေဒီတံတားရဲ့ ဟိုဘက်ခြမ်းကို ကိုးကန့်ယူထားတယ်၊ အဲဒီထဲမှာ ဘာပါလဲဆိုတော့ ဆုန်ကွယ်ရွာ ကချင်ကုန်းပေါ့ အဲဒီမှာ စစ်ကောင်စီရဲ့ ဝန်တင်တပ်ရှိတယ်။ အဲဒီဘက်ခြမ်းကို ကိုးကန့်ယူထားတယ် ။ တံတားရဲ့ ဒီဘက် ရပ်ကွက် ၁၂ ကို စစ်ကောင်စီကိုပေးလိုက်တယ်” ဟု အဆိုပါ မြို့ခံ အမျိုးသားက ပြောသည်။
ထို့ပြင် မြို့အနောက်ဘက် နမ္မတူမြို့သို့ သွားသည့်လမ်းတွင်လည်း အီနိုင်းတံတား၏ အနောက်ဘက်ခြမ်း အီနိုင်းရွာနှင့် အနောက်ဘက် မယ်ဟန်ရွာအထိ ကိုးကန့်တပ်များက တပ်စွဲထားကြသည်ဟု ဆိုသည်။
အဆိုပါကျေးရွာများမှာ လားရှိုးမြို့နှင့် မိုင်အနည်းငယ်သာဝေးပြီး ထိုရွာများတွင်နေရာယူကာ လားရှိုးကို ဝန်းရံပိတ်ဆို့ထားသည့် သဘောရှိသည်ဟု အဆိုပါ အမျိုးသားက ယူဆသည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် မြို့ပေါ်ရပ်ကွက် ၁၂ ခု အလယ်ကိုပဲ ပေးထားလိုက်တဲ့သဘောပဲ၊ မြို့ပေါ် ရပ်ကွက်လောက်ပဲ ပေးထားလိုက်တဲ့ သဘောပဲ။ ကျန်တာပတ်ပတ်လည် အကုန်လုံးက သူ (ကိုးကန့်) ယူထားတယ်။ ဆုန်ကွယ်ရွာတို့ဆိုရင်လည်း ကုန်းတွေရှိတာ၊ အဲဒီကုန်းတွေမှာတပ်စွဲထားတယ်၊ ဟိုဘက် မိုင်းယော်ဘက်ဆိုရင်လည်း မြို့အထွက် ပတ်ပတ်လည်မှာကို တပ်စွဲထားတယ်”

စစ်ကောင်စီတပ်နှင့်ကိုးကန့်တပ်တို့ နီးကပ်စွာစစ်ဆိုင်ထားမှုက တိုက်ပွဲများ အချိန်မရွေးပြန် ဖြစ်ပွားနိုင်သည်ဟုလည်း မြို့ခံများက သုံးသပ်နေကြသည်။
ခက်ခက်ခဲခဲ တိုက်ယူခဲ့ရပြီးနောက် တရုတ်၏ ဖိအားကြောင့် မြို့ပေါ်မှ ဆုတ်သွားရသည့် ကိုးကန့်တပ်မှာ စစ်သုံးပစ္စည်းများသာမက မြို့ပေါ်ရှိ ဌာနဆိုင်ရာများမှ အသုံးအဆောင်ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများနှင့် မီးရထားစက်ခေါင်းများကအစ သယ်ယူသွားသည်ဟု မြို့ခံတချို့က ပြောကြသည်။
ကိုးကန့်တပ် စတင်အုပ်ချုပ်စဉ်က ဆေးရုံနှင့် ဌာနဆိုင်ရာများအတွက် လိုအပ်သည့်အသုံးအဆောင်များကို မြို့ခံများ၏လှူဒါန်းမှုဖြင့် ဖြည့်တင်းခဲ့ပြီး ၎င်းတို့ တပ်ဆုတ်သွားချိန်တွင် အကုန်သယ်ယူသွားသည့်အတွက် မြို့ခံတချို့က ဝေဖန်နေကြသည်ဟု အဆိုပါအမျိုးသားက ပြောသည်။
စစ်ကောင်စီသည် စစ်ဌာနချုပ်တစ်ခုနှင့်တပ်ရင်းတပ်ဖွဲ့အများအပြား လက်လွှတ်လိုက်ရပြီး စစ်ရှုံးခဲ့သည့် ရှမ်းမြောက်တွင် လားရှိုးမြို့ကို တရုတ်အကူအညီဖြင့် ကျည်တစ်ချက်မဖောက်ဘဲ ပြန်ရယူခဲ့ခြင်းလည်း ဖြစ်သည်။
ထို့ကြောင့် ကိုးကန့်တပ်နှင့် လက်တွဲတိုက်ခိုက်ခဲ့ သည့် ဒေသကာကွယ်ရေးတပ်တချို့ကလည်း မကျေမနပ် ဖြစ်နေသည်ဟု မြို့ခံတချို့က ဆိုကြသည်။
သို့သော် ကိုးကန့်တပ်များက မဆုတ်ခွာခင် လားရှိုးမြို့စစ်ပွဲအတွင်း ပျက်စီးခဲ့သော နေအိမ်များအတွက် တစ်အိမ်ထောင်လျှင် ကျပ်သိန်း ၅၀ နှုန်းဖြင့် နေအိမ် ၃၀၉ လုံးအတွက် ကျပ်သိန်းတစ်သောင်းကျော် ဧပြီ ၉ ရက်နေ့က ပေးခဲ့သည်ဟု ကိုးကန့်သတင်းများဖော်ပြနေသော The Kokang က ထုတ်ပြန်ထား သည်။
စစ်ကောင်စီတပ်ကို တအာင်းတပ်(TNLA)၊ ကိုးကန့်တပ်နှင့် အာရက္ခတပ်တော်(AA) ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်တပ်များက ၂၀၂၃ အောက်တိုဘာလတွင် “ ၁၀၂၇ စစ်ဆင်ရေး” အမည်ဖြင့် တိုက်ခိုက်ခဲ့ကြရာ ရခိုင်ပြည်နယ်ရှိ မြို့အများစုကို AA က သိမ်းပိုက်နိုင်ခဲ့သလို TNLA ကလည်း ရှမ်းမြောက်ရှိ မြို့ပေါင်း ၁၀ မြို့ကျော်ကို သိမ်းပိုက်နိုင်ခဲ့သည်။
ကိုးကန့်တပ်က ၂၀၀၉ ခုနှစ်တွင် ၎င်းတို့ ဆုံးရှုံးခဲ့သည့် ကိုးကန့်ဒေသတစ်ခုလုံးအပါအဝင် သိန္နီ၊ ကွမ်းလုံနှင့် လားရှိုးမြို့လို မြို့ကြီးတချို့ကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါ ၃ ဖွဲ့တွင် ကိုးကန့်တစ်ဖွဲ့သာ တရုတ်နိုင်ငံ၏ ဖိအားကြောင့် စစ်ကောင်စီတပ်နှင့် အပစ်ရပ်ထားရပြီး ကျန် ၂ ဖွဲ့မှာ စစ်ကောင်စီနှင့် ယနေ့အထိ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။