
ကိုးကန့်တပ်များ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးမှ ထွက်ခွာသွားပြီးနောက် ယနေ့ (ဧပြီ ၁၈ ) တွင် ဌာနဆိုင်ရာဝန်ထမ်းများလိုက်ပါလာသည့် စစ်ကောင်စီယာဉ်တန်းတစ်ခု ဝင်ရောက်လာကြောင်း ဒေသခံများထံက သိရသည်။
မိုင်းရယ်မြို့တွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်မှ စစ်ယာဉ်တန်းသည် နမ့်ပေါင်မြို့မှတဆင့် လားရှိုးမြို့တွင်း ယနေ့နံနက် ၁၁ နာရီခန့်က ဝင်ရောက်လာသည်ဟု အသက်၂၀ ကျော်အရွယ် လားရှိုး မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
ယနေ့ နံနက်အစောတွင် လားရှိုး-သီပေါလမ်းပိုင်းနှင့် မြို့တွင်းလမ်းတချို့ကို ကိုးကန့်တပ်က ခေတ္တပိတ် လိုက်ပြီး စစ်ကောင်စီယာဉ်တန်းဝင်ရောက်နိုင်ရေး ကူညီပေးခဲ့သည်ဟု ဒေသခံတချို့က ဆိုကြသည်။
“နမ့်ပေါင်ဘက်ကနေ ဝင်တာတဲ့။ ကိုးကန့်ကတော့ ကာကွယ်ပေးတာပေါ့။ တခြားအဖွဲ့တွေ တိုက်မှာစိုးလို့။ (စစ်ကောင်စီ)တပ်ကတော့ အလုံးအရင်းဝင်လာလို့ မရလောက်သေးဘူး။ အရာရှိတချို့တော့ ရောက်နေပြီ” ဟု အထက်ပါမြို့ခံ အမျိုးသမီးက ပြောသည်။
အဆိုပါစစ်ကောင်စီယာဉ်တန်းတွင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ လိုက်ပါလာကြသည်ဟု ဒေသအခြေစိုက် သျှမ်းသံတော်ဆင့်သတင်းဌာနက ရေးသားထားသည်။
လားရှိုးမြို့ထဲ စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာဝန်ထမ်းများ ပြန်ဝင်လာမည့်အတွက် “ဝ” တပ် – UWSAက ဧပြီ ၆ ရက်ကတည်းက ဟ်ိုယဂိတ်မှာ ကိုးကန့်တပ်များနှင့် ပူးတွဲပြီးလုံခြုံရေးယူပေးထားကြောင်း “ဝ” သတင်းများ ဖော်ပြနေသည့် Wa News Land က ဖော်ပြထားသည်။
လားရှိုးမြို့တွင်းသို့ ဝင်ရောက်လာသည့် ယာဉ်တန်းနှင့် ပတ်သက်ပြီး အသေးစိတ်အခြေအနေများကို Myanmar Now က အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။
စစ်ကောင်စီယာဉ်တန်း မြို့တွင်းသို့ ဝင်ရောက်လာပြီးနောက် လမ်းများအားလုံး ပုံမှန်အတိုင်း ပြန်ဖွင့်လိုက်ကြောင်း မြို့ခံများက ပြောသည်။
ယမန်နေ့က မူဆယ်မြို့မှ ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာသည့် စစ်ကောင်စီအရာရှိတချို့၊ MNDAA အရာရှိ တချို့နှင့် လားရှိုးမြို့ပေါ်တွင် ဆွေးနွေးခဲ့ပြီး တရုတ်အရာရှိများလည်း ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည်ဟု သတင်း ထွက်ပေါ်နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။
တစ်လကြာ တိုက်ယူခဲ့ရသည့် လားရှိုးမြို့
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ကစတင်ပြီး ကိုးကန့်တပ်နှင့် မဟာမိတ်များ “၁၀၂၇ စစ်ဆင်ရေး “ အမည်ဖြင့် စစ်ကောင်စီတပ်ကို အပြင်းအထန် ထိုးစစ်ဆင်ခဲ့ရာ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) ရှိသော လားရှိုးမြို့ကို ၂၀၂၄ ဩဂုတ်တွင် သိမ်းပိုက်နိုင်ခဲ့သည်။
မြို့ကြီးတစ်မြို့ဖြစ်သလို စစ်ဌာနချုပ်ရှိသော လားရှိုးမြို့သိမ်းတိုက်ပွဲသည် မလွယ်ကူခဲ့ဘဲ တစ်လနီးပါး တိုက်ယူခဲ့ရပြီး မြို့တွင်းတိုက်ပွဲကြောင့် အရပ်သားထိခိုက်သေဆုံးမှု များပြားသလို အဆက်သွယ်မရ ပျောက်ဆုံးခဲ့သူ အများအပြားရှိခဲ့သည်။ ထို့အတူ ကိုးကန့်နှင့်မဟာမိတ်တပ်များဘက်ကလည်း ထိခိုက်ကျ ဆုံးမှုများရှိခဲ့သည်။ မဟာမိတ်တပ်များက စစ်သုံ့ပန်းရာနှင့်ချီဖမ်းမိခဲ့သည်။

“၁၀၂၇” တွင် စစ်ရှုံးခဲ့သော စစ်ကောင်စီက ရှမ်းမြောက်တွင် မူဆယ်၊ မိုင်းရယ်နှင့် တန့်ယန်းမြို့မှ လွဲ၍ ကျန်ဒေသများကို လက်လွှတ်လိုက်ရပြီးနောက် ရမခဌာနချုပ်ကို တန့်ယန်းမြို့တွင်သာသာ အခြေစိုက်ဖွင့်လှစ် ထားရသည်။
ထို့နောက် ကိုးကန့်တပ်များက မြို့ပေါ်နေရာယူကာ အုပ်ချုပ်ရေးစတင်ခဲ့ကာ အထူးဒေသအတွင်း ထည့် သွင်းခဲ့သော်လည်း စစ်ကောင်စီလေတပ်က ကြိမ်ဖန်များစွာ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ထိခိုက်သေ ဆုံးမှု အများအပြား ရှိခဲ့သည်။
ယခုနှစ်ဆန်းတွင် တရုတ်နိုင်ငံ၏ ဖိအားပေးကြားဝင်မှုဖြင့် စစ်ကောင်စီ နှင့် ကိုးကန့်တပ် (MNDAA) တို့ အပစ်ရန်ရန် သဘောတူခဲ့ပြီးနောက် အပေးအယူအနေဖြင့် ကိုးကန့်တပ်များ လားရှိုးမြို့မှ အပြီးပိုင်ဆုတ် ခွာပေးရမည် ဖြစ်သည်။
ယခုနှစ်ဆန်း တွေ့ဆုံမှု၌ ကိုးကန့်တပ်များ လားရှိုးမှ ဇွန်လအတွင်း အသုတ်လိုက်ဆုတ်ခွာရန် သဘောတူ ခဲ့ရပြီး၊ မတ်လ ၂၂ ရက်နေ့ နှစ်ဖက် နောက်ဆုံးတွေ့ဆုံဆွေးနွေးမှုရလဒ်အဖြစ် သဘောတူထားသည်ထက် ပို၍စောကာ ဧပြီ ၂၁ ရက်နေ့ နောက်ဆုံးထား၍ ဆုတ်ခွာရန် ကိုးကန့်တပ်က သဘောတူခဲ့ရ သည်ဟု Myanmar Now က စုံစမ်းသိရှိထားသည်။
ထို့နောက် ဧပြီ ၃ ရက်နေ့မှ စတင်၍ လားရှိုးမြို့မှ ကိုးကန့်တပ်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ အသုတ်လိုက် စတင်ထွက်ခွာခဲ့ကြပြီး မြို့ပေါ်ရှိ လားရှိုးဆေးရုံကြီးနှင့် ဌာနဆိုင်ရာများ အားလုံးနီးပါး ပိတ်သိမ်းသွားပြီ ဖြစ်သည်။
မြို့ပေါ်တွင် ရပ်ကွက်အုပ်ချုပ်ရေးရုံးတချို့၊ ကိုးကန့်ဆက်ဆံရေးရုံးတစ်ခုနှင့် ရဲတပ်ဖွဲ့သာ ကျန်ရှိတော့ သည်ဟု လားရှိုးမြို့ခံ အသက် ၃၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးကလည်း ပြောသည်။
“MNDAA အဖွဲ့တွေရုံးထိုင်ထားတဲ့ ရပ်ကွက်ရုံးတွေအားလုံးကတော့ ပြန်ဆုတ်သွားတဲ့အတွက် ပိတ်သွား တယ်။ ဒီနေ့မနက်ကိုပဲ ပိတ်သွားတာ၊ ဆေးရုံကလည်း ဒီမနက်ပိတ်သွားပြီး။ တချို့ ရပ်ကွက်ရုံးအသေး လေးတွေ နယ်ခံရှိတဲ့ ရုံးလေးတွေပဲဖွင့်ထားတာ”
ဆေးရုံသုံးပစ္စည်းများအပြင် လျှပ်စစ်ထရန်စဖော်မာများနှင့် အခြားရုံးသုံးပစ္စည်းများအားလုံးကို သိန္နီနှင့် လောက်ကိုင်မြို့များသို့ သယ်ဆောင်သွားပြီး ဌာနဆိုင်ရာဝန်ထမ်းတချို့လည်း လိုက်ပါသွားကြသည်ဟု သိရသည်။
စစ်ကောင်စီတပ်များ ပြန်ရောက်လာမည်ဖြစ်၍ လားရှိုးမြို့ခံအများစုက စိုးရိမ်နေကြပြီး တချို့မှာ အခြား နေရာရွှေ့ပြောင်းသွားကြသည်ဟု ဆိုကြသည်။
စစ်ကောင်စီက အရပ်သားများကို ဖမ်းဆီးစစ်ဆေးခြင်း၊ စစ်သားသစ်စုဆောင်းခြင်းများ ပြုလုပ်လာနိုင်သဖြင့် တွေးပူ ထိတ်လန့်နေကြသည် ဟု လားရှိုးမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“စစ်ကောင်စီဝင်လာလို့ လုံခြုံမှုမပေးနိုင်တဲ့အပြင် ပြည်သူကို ပြန်ဖိနှိပ်ပြီး စစ်သားစုဆောင်းရေးလုပ်မှာ၊ စရဖ တွေဝင်လာပြီး ကျွန်တော်တို့ကို မကြာခဏခေါ်စစ်မှာတို့၊ ကျွန်တော်တို့ ဖုန်းတွေယူကြည့်မှာတို့လိုမျိုး Privacy ချိုးဖောက်ပြီး ကျွန်တော်တို့ နေ့စဉ်လူနေမှုဘဝတွေကို နှောက်ယှက်မှာစိုးရိမ်နေရတယ်” ဟု ၎င်း က ဆက်ပြောသည်။
လားရှိုးမြို့မှ စစ်ရှောင်သွားသူများ မြို့ပေါ်ပြန်ရောက်လာသော်လည်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာနိုင်သည်ဟု အထက်ပါ လားရှိုးမြို့ခံ အမျိုးသမီးက ပြောသည်။
“အရင်တုန်းက စကစ (စစ်ကောင်စီ)ရဲ့ဒဏ်ကိုလည်း ခံထားရဖူးတော့ စကစ အဖွဲ့တွေပြန်ရောက်လာရင် လက်ရှိ အဆင် ပြေနေတာတွေ ပြေပါ့မလားဆိုပြီးတော့ မေးခွန်းတွေလည်းရှိတယ်၊ နောက်ပြီးတော့ ပြန်ရောက်လာပြီးတဲ့ နောက်မှာ နောက်ထပ်အခြားအဖွဲ့အစည်းတွေကရော ထပ်ပြီးတော့ စစ်ဖြစ်ကြမလားဆိုတဲ့ ထိတ်လန့်မှု ပေါ့နော်။ အဲတစ်ခုကတော့ အရေးအကြီးဆုံးဖြစ်မယ်ထင်တယ်။ နောက်ထပ် စစ်မဖြစ်ချင်တာက အဓိကပါ” ဟု သူက ပြောသည်။
လားရှိုးမြို့ပေါ်တွင် ကိုးကန့်ရဲတပ်ဖွဲ့ ဆက်ရှိနေသေးသည့် အခြေအနေတွင် စစ်ကောင်စီက မြို့တွင်း၌ အုပ်ချုပ်ရေး လုပ်ငန်းများ မည်သို့စတင်လည်ပတ်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း မြို့ခံများက ပြောသည်။
မြောက်ပိုင်း ၃ ဖွဲ့အနက် ကိုးကန့်နှင့် စစ်ကောင်စီတို့သာ အပစ်ရပ်ရန် သဘောတူညီမှု ရယူထားကြသည်။ တအာင်း တပ် (TNLA)၊ ရခိုင်တပ် (AA) တို့နှင့် သဘောတူညီချက်မရသေးဘဲ တိုက်ပွဲများ၊ လေကြောင်း တိုက်ခိုက် မှုများ ဆက်ရှိနေသည်။
