အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လားရှိုးမြို့အတွင်း စစ်ကားအများအပြား ဝင်ရောက်နေရာယူ

တရုတ်၏ ကြားဝင်မှုဖြင့် စစ်ရေးအရ ဗျူဟာကျပြီး ရှမ်းပြည်မြောက်ပိုင်း၏မြို့တော် လားရှိုးကို ရသွား သော စစ်ကောင်စီတပ်က ယနေ့ (ဧပြီ ၂၂) အရှေ့မြောက်ပိုင်းတိုင်းအလံများ လွှင့်ထားသော စစ်ယာဉ်တန်း များဖြင့် မြို့တွင်းဝင်ရောက်နေရာယူထားသည် ဟု မြို့ခံများက ပြောကြသည်။

တရုတ်၏ ကြားဝင်မှုဖြင့် စစ်ရေးအရ ဗျူဟာကျပြီး ရှမ်းပြည်မြောက်ပိုင်း၏မြို့တော် လားရှိုးကို ရသွား သော စစ်ကောင်စီတပ်က ယနေ့ (ဧပြီ ၂၂) အရှေ့မြောက်ပိုင်းတိုင်းအလံများ လွှင့်ထားသော စစ်ယာဉ်တန်း များဖြင့် မြို့တွင်းဝင်ရောက်နေရာယူထားသည် ဟု မြို့ခံများက ပြောကြသည်။

တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် အပစ်ရပ်ရန် သဘောတူညီခဲ့ကြပြီးနောက် လားရှိုးမြို့မှ ကိုးကန့်တပ်များ သည် ဇွန်လနောက်ဆုံးထားကာ ဆုတ်ခွာရန် သဘောတူခဲ့ရပြီး ဒုတိယအကြိမ် တွေ့ဆုံအပြီး သတ်မှတ် ကာလထက်စောကာ ဧပြီ ၂၁ ရက်နေ့ နောက်ဆုံးထား၍ ထွက်ခွာရမည်ဖြစ်သည်။

ယနေ့ နံနက် ၉ နာရီခန့်တွင် မိုးကာအုပ် စစ်ကောင်စီထရပ်ကား အစီးရေ ဆယ်နှင့်ချီသည် လားရှိုးမြို့တွင်း ဝင်လာပြီး စစ်သားအများအပြားလည်းလိုက်ပါလာကြသည်ဟု မြို့ခံများက ပြောသည်။

“မြို့အဝိုင်းပတ်နားမှာ ရပ်ထားတာတွေ့တယ်၊ တပ်တွေထဲလည်း ဝင်သွားကြတယ်၊ အစီးရေတော့ အတိ အကျ မသိဘူး။ အခုထိလည်း မြို့ပေါ်မှာ စစ်ကားတွေတွေ့နေရတယ်၊ စစ်သားတွေလည်း အပြည့်ပါတယ်” ဟု မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လားရှိုးမြို့တောင်ဘက် မိုင် ၇၀ ခန့်အကွာ တန့်ယန်းမြို့တွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်မှ စစ်ကားများသည် လားရှိုး-မိုင်းရယ်လမ်းပိုင်းမှတဆင့် ဝင်ရောက်လာပြီး မြို့နေရာတချို့တွင် ယာဉ်များ ရပ်နားထားသည်ဟု ဆိုသည်။

အဆိုပါစစ်ကောင်စီယာဉ်တန်း လားရှိုးမြို့တွင်း ဝင်ရောက်လာသည့် ရုပ်သံဖိုင်များလည်း လူမှုကွန်ရက် တွင် ပျံ့နှံ့နေပြီး စစ်ကောင်စီယာဉ်အစီးရေများစွာ တွေ့ရသည်။

ကား အစီးရေ ၇၀ ကျော်ခန့် ပါဝင်ပြီး ယနေ့ နံနက် ၉ နာရီခန့်က လားရှိုးမြို့ မြို့တော်ခန်းမအနီး ရပ်နား ထားသည်ဟု လားရှိုးမြို့ခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။

“ရပ်ကွက် ၂၊ ကွတ်ခိုင်လမ်းမပေါ်မြို့တော်ခန်းမနားမှာ အားလုံးတန်းစီပြီးတော့ ရပ်ထားတယ်။ အမျိုး သမီးရဲမေတွေ များတယ်။ ယူနီဖောင်းဝတ်တွေနဲ့ အားလုံးလက်နက်ကိုင်ထားကြတယ်။ အမျိုးသား တပ်သားတွေတော့ရှိပေမယ့် နည်းတယ်” ဟု အဆိုပါ အမျိုးသားက ဆိုသည်။

ကားပေါ်တွင် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်မှာ အင်အား ၃၀၀ ခန့်ရှိပြီး မြို့တွင်း၌ တပ်ဖြန့်ရန် ပြင်ဆင်နေခြင်းဖြစ်နိုင်သည်ဟု ၎င်းက ဆက်ပြောသည်။

လားရှိုးသို့ဝင်လာသည့် စစ်ကောင်စီကားတစ်စီး။

ကိုးကန့်တပ်နှင့် နီးစပ်သည့် လားရှိုးမြို့ခံအမျိုးသားတစ်ဦးက လားရှိုးမြို့တွင်းသို့ စစ်ကောင်စီတပ်အချို့ ပြီးခဲ့သည့် ရက်အနည်းငယ်မှ စရောက်နေခြင်းဖြစ်ပြီး ခြေလျင်တပ်ရင်း ခလရ(၄၁)နှင့် ထောက်ပံ့ရေးတပ် ထပရ(၆၂၆)တပ်များတွင် ရောက်ရှိနေကြသည်ဟု ဆိုသည်။

ထို့ပြင် ရပ်ကွက်အုပ်ချုပ်ရေးရုံးများတွင်လည်း စစ်တပ်အုပ်ချုပ်ရေး ပြန်လည်လည်ပတ်ရန် ပြင်ဆင်နေ ကြသည်ဟု ၎င်းက ပြောသည်။

တရုတ်အထူးကိုယ်စားလှယ်၊ စစ်ကောင်စီနှင့် ကိုးကန့်အဖွဲ့ လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ် ဆွေးနွေးပွဲ မှာ ယမန်နေ့နှင့်ယနေ့ ဆွေးနွေးခဲ့ကြပြီး ထိုပွဲတွင် နှစ်ဖက်သဘောတူညီချက်များရရှိခဲ့သည့်သတင်းများ ထွက်ပေါ်နေသော်လည်း အသေးစိတ် မသိရပေ။

နှစ်ဖက်တပ်များက သတင်းမထုတ်ပြန်ကြသော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက လားရှိုးအရေးတွင် တရုတ်ဖိအားပေးနေသည် ဆိုသောစကားများကို ငြင်းဆန်ခဲ့သည်။

ဧပြီ ၂၁ ရက်နေ့က ပြုလုပ်သော တရုတ်၏ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် AFP သတင်းဌာနက မေးမြန်း မှုအပေါ် အခြားနိုင်ငံ၏ ပြည်တွင်းရေး မစွက်ဖက်ရေးမူဝါဒအား လိုက်နာ၍ အိမ်နီးချင်းနိုင်ငံကို ကူညီပံ့ပိုး ပေးမှုများ ဆောင်ရွက်ပေးခြင်းသာ ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ခဲ့သည်။

ကိုးကန့်တပ်များကလည်း လောက်ကိုင်မြို့ဘက်သို့ သိန္နီမှတဆင့် ထွက်ခွာသွားကြသည် ဟု လူမှု ကွန်ရက် နှင့် စစ်တပ်ဝါဒဖြန့်မီဒီယာများက ဖော်ပြထားကြသော်လည်း သီးခြားအတည်မပြုနိုင်ပေ။

သို့သော် မြို့ပေါ်တွင် ကိုးကန့်ရဲများမှာ ယနေ့နံနက်အထိ ဆက်ရှိနေပြီး အပစ်ရပ်စောင့်ကြည့်ရေး တရုတ် အဖွဲ့များလည်း ကိုးကန့်၊ “ဝ” တပ်ဖွဲ့များ၏ လုံခြုံရေးကို ယူပြီး မြို့တွင်း၌ လှည့်လည်သွားလာနေဆဲဖြစ် သည်ဟု သိရသည်။

“မြို့တော်ခန်းမနဲ့ မျက်စောင်းထိုး ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ ရဲစခန်းမှာ ကိုးကန့်ရဲတွေရှိနေတယ်။ နီးနီး လေးပဲ။ တရုတ်အဖွဲ့ကလည်း လားရှိုးမှာ ဆက်ရှိနေတယ်။ ဒီမနက်လည်း တရုတ်ယာဉ်တန်းတွေ မြို့ထဲမှာ ပတ်နေတာတွေ့လိုက်သေးတယ်” ဟု အဆိုပါ မြို့ခံ အမျိုးသားက ပြောသည်။

စစ်ကောင်စီယာဉ်တန်းဝင်ရောက်လာမှုကြောင့် မြို့ခံတချို့မှာ တိမ်းရှောင်သွားသည်ဟု သတင်းများ ထွက် ပေါ်နေပြီး အများစုကမူ စစ်ကောင်စီဝင်ရောက်လာသည့်အတွက် စိုးရိမ်နေကြသည်ဟု ပြောသည်။

ရွေးကောက်ပွဲ အကြောင်းပြကာ လူဦးရေစာရင်းကောက်ယူပြီး စစ်မှုထမ်းစုဆောင်းမည်ကို မြို့ခံများက စိုးရိမ်နေကြသည်ဟု အထက်ပါမြို့ခံ အမျိုးသမီးက ပြောသည်။

“လူငယ်၊ လူလတ်ပိုင်းရှိတဲ့ မိသားစုအချို့ဆိုရင် ကြောက်နေကြတယ်၊ ရှောင်ကြမလား ဆက်နေရမလား မဆုံးဖြတ်နိုင်ဘူးဖြစ်နေကြတယ် စစ်ကောင်စီက စစ်သားစုဆောင်းမှာကို ကြောက်ကြတာ”

လားရှိုးမြို့ကို “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယအကျော့စတင်ပြီးနောက် ကိုးကန့်နှင့် ပူးပေါင်းတပ်များကို ယမန်နှစ် ဩဂုတ် ၃ ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီး ကိုးကန့်တပ် (MNDAA) က အထူးဒေသ (၁) ၌ ထည့်သွင်း ကာ အုပ်ချုပ်ရေးစတင်ခဲ့ခြင်းဖြစ်သည်။

တအာင်းတပ်(TNLA)၊ ကိုးကန့်တပ် (MNDAA)နှင့် အာရက္ခတပ်တော် (AA) တို့ ဦးဆောင်သည့် မြောက်ပိုင်း မဟာမိတ်တပ်များက ၂၀၂၃ အောက်တိုဘာလတွင် “ ၁၀၂၇ စစ်ဆင်ရေး” အမည်ဖြင့် ထိုးစစ်ဆင်ခဲ့ရာ တန့်ယန်း၊ မိုင်းရယ်၊ မူဆယ် ၃ မြို့မှအပ ရှမ်းမြောက်တစ်ခုလုံးကို စစ်ကောင်စီ လက်လွှတ်ခဲ့ရသည်။

ထိုစစ်ဆင်ရေးကြောင့် ကိုးကန့်တပ်က ၎င်းတို့လက်လွှတ်ခဲ့ရသည့် ကိုးကန့်ဒေသတစ်ခုလုံးသာမက သိန္နီ၊ လားရှိုးကဲ့သို့သော မြို့ကြီးများကိုပါ ရရှိခဲ့သည်။

လားရှိုးမြို့နှင့်အနီးဝန်းကျင်ပြမြေပုံ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button