အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူထားသည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဘန်ကောက်ကျေးရွာအနီး ယုဇနကုမ္ပဏီ၏ ပီလောပီနံစက်ရုံတွင် ယမန်နေ့ (ဧပြီ ၁) နံနက် အစောပိုင်းက ပေါက်ကွဲမှုတချို့ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ချက် ထွက်ပေါ်မလာသေးသော်လည်း ဤဖြစ်ရပ်သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ တိုက်ခိုက်မှုဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆနေကြသည်။
“မနေ့ညက နှစ်နာရီလောက်မှာ ဗုံးသံတွေ၊ မိုင်းသံတွေ ကြားတယ်။ မိုင်းသံက မြေကြီးတောင်ခါတယ်။ အဲဒီမှာ ယုဇနကုမ္ပဏီက စစ်သားတွေ၊ ပြည်သူ့စစ်တွေ ဝင်နေတယ်ဆိုတော့ KIA ဘက်ကနေ လိုက်ရှင်းလင်းတာနေမယ်။ အဲဒီ ယုဇနမှာ ရှိတဲ့ အလုပ်သမားတွေကတော့ မီးသတ်နေကြတယ် ကြားတယ်။ ထပ်ပြီးမှ စစ်သားနဲ့ ပြည်သူ့စစ်တွေ ပြန်ဝင်လာတယ်ကြားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ပီလောပီနံစက်ရုံဖြစ်ရပ်နှင့်ပတ်သက်ပြီး ယုဇနကုမ္ပဏီ၊ စစ်ကောင်စီ နှင့် KIA တို့ဘက်မှ တစ်စုံတစ်ရာတုံ့ပြန်မှု မရရှိသေးပေ။
ယုဇနကုမ္ပဏီသည် ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမတစ်လျှောက် ဒေသခံပြည်သူများပိုင်ဆိုင်သည့် မြေယာများအပါအဝင် ဖားကန့်နှင့် တနိုင်းမြို့နယ်ရှိမြေဧက နှစ်သိန်းကျော်ကို ၂၀၀၆ ကတည်းက သိမ်းယူခဲ့ခြင်း ဖြစ်သည်။
မြေသိမ်းသည့်ကုမ္ပဏီ ပစ်မှတ်ထားခံရသည့်အတွက် သဘောကျကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“စောစောတောင်မှ ရှင်းလိုက်ရမှာ။ ဒေသခံရဲ့ ခံစားချက်ပေါ့နော်။ ဘာပဲဖြစ်ဖြစ် နဂိုက ဌာနေတိုင်းရင်းသား ဒေသခံတွေနဲ့ တောင်သူတွေအကုန်လုံး ကိုယ့်မြေယာတွေ ပြန်ရဖို့ မျှော်လင့်တာပေါ့။ ယုဇနကုမ္ပဏီ မရှိရင် အရမ်းကောင်းမယ်”ဟု ၎င်းက ပြောသည်။
မြို့အသီးသီးတွင် ဆန္ဒပြသူများ ပစ်သတ်ခံရပြီး မကြာမီ အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းများ၊ ရဲတပ်ရင်းများအနက်မှ တချို့ကို KIA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီကလည်း KIA စခန်းတချို့ တည်ရှိသည့် နေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်နည်းဖြင့် တုံ့ပြန်နေသည်။
KIA နှင့် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်တို့ မတ် ၃၀ နံနက်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ်ရှိ ဒွန်ဘန်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တပ်စခန်းများကို KIA က မတ်လအတွင်း ဆက်တိုက် ထိုးစစ်ဆင်ခဲ့သည်။
ယမန်နေ့ ဧပြီ ၁ က ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ဒရူခကျေးရွာရှိ စစ်ကောင်စီတပ်ရင်း(၁၃၈)တပ်စခန်းကို KIA တပ်မဟာ(၁)လက်အောက်ခံ တပ်ရင်း(၁၀)မှ သွားရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကား၍ မြစ်ကြီးနားသတင်းဂျာနယ်တွင် ဖော်ပြထားသည်။