နိုင်ငံရေးသတင်း

အမရပူရမြို့မရဲစခန်း တိုက်ခိုက်ခံရမှုတွင် ကလေးအပါအဝင် ၃ ဦး ဒဏ်ရာရ 

ယခုရက်ပိုင်းအတွင်း မန္တလေးမြို့တွင်းတိုက်ခိုက်မှုများတွင် အမျိုးသားတစ်ဦး သေဆုံးပြီး ကလေးတစ်ဦး အပါအဝင် ရဲဝန်ထမ်းတချို့ ဒဏ်ရာရကြောင်း မြို့ခံများနှင့် တော်လှန်ရေးအင်အားစုများဘက်က ပြောသည်။

မေ ၁ ရက် နံနက် ၆ နာရီကျော်ခန့်တွင် အမရပူရမြို့နယ်ရှိ မြို့မရဲစခန်းအနီး ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပြီး ရဲစခန်းအတွင်းမှ ကလေးတစ်ဦး အပါအဝင် ဒဏ်ရာရသူ အနည်းဆုံး ၃ ဦး ရှိကြောင်း ထိုနေရာအနီး နေထိုင်သူများက ပြောကြသည်။

ရဲစခန်း ဗုံးသီးချ တိုက်ခိုက်ခံရကြောင်း အမရပူရမြို့နယ်တွင် နေထိုင်သူ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

“ပထမတစ်ကြိမ် ပေါက်ကွဲတာတော့ ရဲစခန်းဘေးအိမ်မှာ ဖြစ်တာ။ ဒရုန်းနဲ့ ဗုံးပစ်တာလို့လည်း ပြောတယ်။ ပစ်တာကတော့ ရဲစခန်းကို၊ ဒါပေမဲ့ ဘေးအိမ်ပေါ် ကျတာ။ ခေါင်မိုးပေါက်သွားတာကလွဲပြီး လူအထိအခိုက် မရှိဘူး။ ဒုတိယအကြိမ်ကတော့ စခန်းထဲ ကျတာ။ ကလေးတစ်ဦးနဲ့ ရဲသုံးဦး ဒဏ်ရာရတယ်လို့တော့ ကြားတယ်။ လူနာတင်ယာဉ်တွေ စခန်းထဲကို ဝင်သွားတယ်” ဟု သူက ဆိုသည်။ 

အဆိုပါပေါက်ကွဲမှု ဖြစ်ပွားချိန်၌ ရဲစခန်းအနီး အလှူပွဲ ရှိနေကြောင်း၊ ပြင်းထန်သော ပေါက်ကွဲသံ ကြားရပြီးနောက် ရဲစခန်းအတွင်းမှ ရဲများက အနီးဝန်းကျင်ကို အချက် ၂၀ ခန့် ပစ်ခတ်ခဲ့ကြောင်း ဖြစ်စဉ်အနီးတွင် ရှိနေသူ အမျိုးသားတစ်ဦးကလည်း ပြောသည်။

“အလှူ မောင်ရင်လောင်း လှည့်နေတဲ့အချိန်ပေါ့။ (ပစ်ခတ်ပေါက်ကွဲသံ) အသံတွေကြောင့် ဆင်တွေပါ ပြေးကုန်တာ။ ဝရုန်းသုန်းကားပဲ” ဟု သူက ဆိုသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်များတွင် ၄၀ မမ ဗုံးသီးကို ဒရုန်းဖြင့် ကြဲချခဲ့၍ ရဲဝန်ထမ်းအိမ်ရာပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၆ နှစ်အရွယ် ကလေးတစ်ဦးနှင့် ရဲဝန်ထမ်းမိသားစုများ ဒဏ်ရာများ ရရှိခဲ့ကြောင်း ဖော်ပြထားကြသည်။ နေအိမ်ခေါင်မိုးတစ်ခု ပေါက်ထွက်နေပုံနှင့် သွေးအိုင်အတွင်း လဲနေသော ကလေးတစ်ဦးဓာတ်ပုံ ဖော်ပြထားသည်။ 

အဆိုပါတိုက်ခိုက်မှုကို မန္တလေးအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ အမရပူရရဲစခန်းမှ နယ်ထိန်းထွန်းနိုင်နှင့် အပေါင်းအပါများ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း တိုက်ခိုက်ရာမှာ ပါဝင်သည့် မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ Generation Z Power (GZP) က မေ ၂ ရက်တွင် ထုတ်ပြန်သည်။

၎င်းတို့နှင့်အတူ အမရပူရမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကျောက်ဆည်ခရိုင် ပကဖနှင့် Truth Keeping Force Amarapura (TKF_AMA )အစရှိသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်း၍ ၄၀ မမ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း ကလေးငယ်တစ်ဦး ဒဏ်ရာရရှိသည် ဟူသော စွပ်စွဲချက်နှင့် ပတ်သက်၍ တုံ့ ပြန်ချက် မပါမရှိပေ။

အထက်ပါကိစ္စနှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် GZP ကို ဆက်သွယ်နေသော်လည်း တုံ့ပြန်ချက် မရသေးပေ။  

ပါဝင်တိုက်ခိုက်ခဲ့သော Truth Keeping Force Amarapura(TKF-AMA) အမည်ရှိ အဖွဲ့က အရပ်သားပြည်သူ၏ နေအိမ်အပေါ် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက်လည်း တောင်းပန်ကြောင်း၊ အများပြည်သူများအနေဖြင့် စစ်ကောင်စီအဖွဲ့ဝင်များနှင့် ခပ်ခွာခွာ နေထိုင်ကြစေလိုကြောင်း ပြောထားသည်။

ထိုနေ့မတိုင်မီ ဧပြီ ၃၀ နေ့လယ်က ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၆ လမ်းနှင့် ၁၁၇ လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည့် အသက် ၃၅ နှစ်အရွယ်များဖြစ်သည့် စိုင်းအောင်ကျော်နှင့် ကိုလင်း (ခ) ဖိုးစီ ဆိုသူတို့ ကို ဆိုင်ကယ်ဖြင့် ရောက်လာသော သေနတ်သမားနှစ်ဦးက ပစ်ခတ်ခဲ့သည်။ 

ပစ်ခတ်ခံရသည့်နှစ်ဦးမှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်များ ဖြစ်သည်ဟု သိရကြောင်း အသက် ၄၀ အရွယ် မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“တစ်ဦးက ပွဲချင်းပြီးဆုံးတာ။ နောက်တစ်ဦးကတော့ ဒဏ်ရာပြင်းထန်ပဲ ကြားတယ်။ နှစ်ဦးစလုံးက ပျူစောထီးတွေလို့တော့ အရပ်ထဲ ပြောနေကြတယ်” ဟု သူက ပြောသည်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်များတွင် ကိုလင်း ဆိုသူမှာ ရင်ဘတ် ကျည်ထိမှန်ကာ သေဆုံးခဲ့ကြောင်း၊ နောက်တစ်ဦးမှာ ဦးခေါင်းနောက်စေ့ ရှပ်ထိဒဏ်ရာရရှိခဲ့ပြီး ဆေးကုသနေကြောင်း ဖော်ပြထားသည်။

ထိုတိုက်ခိုက်မှု ၎င်းတို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးအခြေစိုက် Ranger Urban Guerrillas Mdy (မြို့ပြ ပြောက်ကျား) တပ်ဖွဲ့က မေ ၂ တွင် ထုတ်ပြန်သည်။

သင်ပန်းကုန်းရပ်ကွက်နေထိုင်သူ စိုင်းအောင်ကျော်သည် စစ်ကောင်စီနှင့် ပူးပေါင်း၍ ရပ်ကွက်အတွင်း ဧည့်စာရင်းတိုင်ကြားသူများကို ငွေကြေးတောင်းခံခြင်း၊ ရပ်ကွက်နေပြည်သူများကို ရိုက်နှက်ဖမ်းဆီး ခိုင်းခြင်းများ ပြုလုပ်ခဲ့သလို ၎င်း၏ မိတ်ဆွေ ကိုလင်းမှာလည်း အလားတူဖြစ်၍ နှစ်ဦးလုံးကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုအဖွဲ့ဘက်က ဆိုသည်။

မေလ ၁ ရက်နေ့မှာပင် ပြည်ကြီးတံခွန်မြို့နယ်အတွင်း ကားဂိတ်တစ်ခုတွင် ရှိနေသည့် ပျူစောထီးခေါင်းဆောင်ဟု အမည်ထွက်သူ ကိုစံရှားနှင့် အပေါင်းအပါ သုံးဦး ဗုံးဖြင့် ပစ်ခတ်ခံရသလို နံနက် ၉ နာရီခန့်တွင် ပုသိမ်ကြီးမြို့နယ် မြေစာရင်းဦးစီးဌာန လက်ထောက်ဦးစီးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသည်၊ ထိုတိုက်ခိုက်မှုများတွင် ထိခိုက်သေဆုံးမှု ရှိမရှိ မသိရသေးပေ။ 

နံနက် ၆ နာရီခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ မင်္ဂလာလမ်း (၇၄ နှင့် ၇၅ လမ်း အကြား) ရှိ ကျောက်စိမ်းဖားကန့် ခရီးသည်ပို့ဆောင်ရေးကားဂိတ်ရှေ့တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အနက်ရောင်လက်ရှည် ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက လက်လုပ်မိုင်းဖြင့် ပစ်ခတ်သွားခြင်း ဖြစ်ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်တပ်လော်ဘီစာမျက်နှာများက ဖော်ပြသည်။

အသက် ၅၆ နှစ်အရွယ် ရန်ကင်းသာယာရပ်ကွက်နေထိုင်သူ မြေစာရင်းဌာနလက်ထောက်ဦးစီးမှူး ဦးသန်းဝင်း နေအိမ်၌ ထမင်းစားနေချိန် လက်နက်ကိုင်လူနှစ်ဦး ရောက်ရှိလာပြီး လက်လုပ်သေနတ်ဖြင့် ပစ်ခတ်သွားသည်ဟုလည်း ဖော်ပြထားကြသည်။

ပျူစောထီးခေါင်းဆောင် စံရှားဆိုသူကို ပစ်ခတ်ခဲ့မှုမှာ ၎င်းတို့ လက်ချက်ဟု Urban Guerrilla Force-MDY အဖွဲ့က ထုတ်ပြန်သည်။

ပျူစောထီးခေါင်းဆောင် စံရှားသည် မန္တလေးမြို့တွင် လူသတ်၊ လုယက်မှု၊ ငွေညှစ်မှုများနှင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သည့်နေရာများ၊ လောင်းကစားဝိုင်းနှင့် ပြည့်တန်ဆာခန်းများ၊ အရက်ဆိုင်များနှင့် ကေတီဗွီများ အစရှိသည်တို့ကို ချုပ်ကိုင်ထားပြီး တပည့်တပန်းများခန့်ကာ ဆက်ကြေးတောင်းနေသူဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ပြည်သူကို အနိုင်ကျင့်နေသူဖြစ်ကြောင်း Urban Guerrilla Force-Mdy ပြန်ကြားရေးတာဝန်ခံ အမျိုးသမီးက Myanmar Now ကို ပြောသည်။

ပစ်ခတ်မှုပြီးနောက် အထိအခိုက်အခြေအနေအသေးစိတ်ကိုမူ မသိရှိရသေးကြောင်း ၎င်းက ဆိုသည်။ 

မန္တလေးတွင် ပြီးခဲ့သည့် မတ်လဆန်းမှစ၍ ယခုလအထိ ပြောက်ကျားတိုက်ခိုက်မှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး စစ်သား၊ ရဲ၊ အုပ်ချုပ်ရေးမှူး စသည့် စစ်ကောင်စီ လက်အောက်ခံများ တိုက်ခိုက်ခံနေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button