
ဒဏ်ရာရရှိသူ သုံးဦးကို ဆေးကုသပေးပြီးသည့်အခါ မသဉ္ဇာဟိန်းတို့ သူငယ်ချင်းနှစ်ဦး မောမောပန်းပန်း ထိုင်ချပစ်လိုက်သည်။ သေနတ်သံ တဒိုင်းဒိုင်းကြားမှာ ပုန်းခိုလိုက်၊ ဆေးကုလိုက်နှင့် နားရသည် မရှိသေး။
၎င်းတို့နှစ်ဦးသည် မုံရွာမြို့ ဆေးအကူအဖွဲ့ဝင်များဖြစ်ပြီး ပစ်ခတ်နေသည့်ကြားမှ လူနေရပ်ကွက်များအတွင်း အရောက်သွားကာ ထိခိုက်ဒဏ်ရာရရှိနေသူများ၊ လူနာအလောင်းများကို သယ်ဆောင်ကောက်ယူနေကြပြီး ထိုအလုပ်ကို ပေးအပ်ထားသော တာဝန်ကဲ့သို့ နိစ္စဓူဝ လုပ်ဆောင်နေကြသည်။
ထိခိုက်ဒဏ်ရာရနေသူများ၊ ရုပ်အလောင်းများ သွားရောက်သယ်ယူလျှင် စစ်ကောင်စီ၏ လက်မရွံ့တပ်သားများက ပစ်ခတ်နှောင့်ယှက်တတ်သည်ကို ဆန္ဒပြပြည်သူများနှင့် ကယ်ဆယ်ရေးသမားများ သိရှိပြီးသားဖြစ်သည်။
လူသတ်ကွင်းပြင်တွင် တရွေ့ရွေ့ကုန်ဆုံးနေသော စက္ကန့်တိုင်းသည် ကျည်ထိသေဆုံးဖို့ရာ နီးကပ်လာခြင်းမျိုးလည်း ဖြစ်နိုင်သည်။
ပြုစုကုသနေစဉ် ကျဆုံးသွားပါက ရုပ်အလောင်းကို ခက်ခက်ခဲခဲကောက်မနေဘဲ အခြားဒဏ်ရာရသူများကို ကူညီပေးပါဟု ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သူ၊ သူနာပြု မသဉ္ဇာဟိန်းအတွက် မတ် ၂၈ တွင် ဒဏ်ရာရ လူနာသုံးဦးကို ပြုစုမှုက သူ့အတွက် နောက်ဆုံးကုသမှုပေးခြင်း ဖြစ်ခဲ့ရသည်။
“အစ်မရေ ထမင်းမစားချင်ဘူး။ ဖျော်ရည်အေးအေးလေးပဲ သောက်ချင်တယ်” ဟု မသဉ္ဇာဟိန်း၏ နောက်ဆုံးထွက်သက် မရပ်ခင် နောက်ဆုံးစကားများတွင် သူမှတ်မိသည်ကို သူငယ်ချင်းအေးအေး (အမည်လွှဲ) က ပြန်ပြောပြသည်။
ပြီးခဲ့သည့် မတ် ၂၈ က ရတနာပုံရပ်ကွက်တွင် ပစ်ခတ်နေသည်ဟု ကြားရသဖြင့် ၎င်းတို့ ဆေးအကူအဖွဲ့ သွားရောက်ကုသပေးပြီးနောက် ထမင်းစားနားချိန်တွင် အိမ်ရှေ့ သစ်ပင်အရိပ်အောက် အုတ်ခုံများကို အကာအကွယ်ယူ၍ အအေး သောက်နေစဉ် လူသတ်လက်နက်ကိုင်အဖွဲ့ ရောက်လာကာ တရစပ်ပစ်ခတ်တော့သည်။
ပစ်ခတ်မှုကြောင့် မသဥ္ဇာဟိန်း၏ ခေါင်းကို ကျည်ထိမှန်သွားသည်။ ဘေးနားရှိ သူငယ်ချင်းအေးအေးမှာ ပခုံးကို ကျည်ဆန် ထုတ်ချင်းပေါက်ထိမှန်သွားသည်။
မြေပြင်ပေါ်လှိမ့်၍ စွန့်စားသွားရောက်ပြီး မသဉ္ဇာဟိန်းခန္ဓာကိုယ်ကို ဆွဲယူကာ လမ်းဘေးကို ပြန်လှိမ့်ချ၍ ကယ်ဆယ်ခဲ့ရသည်ဟု ဆေးအကူတပ်မှ အမျိုးသားတစ်ဦးက ပြောသည်။
ထိုသို့ ခက်ခက်ခဲခဲကယ်ရပြီး ထမ်းပြေး၍ ပရဟိတဆေးခန်းသို့ ပို့ဆောင်ပေးခဲ့သော်လည်း အများအတွက်ကူညီလိုသူ အသက် ၂၀ ဝန်းကျင်အရွယ် သူနာပြုဆရာမလေး မသဉ္ဇာဟိန်း ဒဏ်ရာပြင်းထန်လွန်းသဖြင့် အသက်ဆုံးရှုံးခဲ့ရသည်။
အရေးကြီးချိန်တွင် ဆေးအဖွဲ့ ဖွဲ့သူ
မသဉ္ဇာဟိန်းမှာ မုံရွာမြို့တွင် သူနာပြုပညာရပ် သင်ကြားနေသူဖြစ်ပြီး ဒုတိယနှစ်တက်နေသူ ဖြစ်သည်။
မိသားစုအသိုင်းအဝိုင်းက ကန့်ကွက်သည့် ကြားက မုံရွာကို တစ်ယောက်တည်းထွက်လာပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ကာ တော်လှန်ရေးတွင် ပါဝင်နေသည်ဟု “၂” ငါးလုံး အထွေထွေသပိတ်နေ့တွင် မုံရွာမြို့ နာရီစင်ရှေ့ အထိုင်သပိတ်၌ သူ မိန့်ခွန်းပြောကြားဖူးသည်။
“အနာဂတ်မှာ ကိုယ်က ဒီတိုက်ပွဲမှာ မဝင်ခဲ့ဘဲနဲ့ ဝင်ခဲ့ပါတယ်လို့ ပြောရမှာကိုပဲ ရှက်ကြ” ဟု သူက ပြောကြားခဲ့ပြီး CDM မလုပ်သည့် သူနာပြုကျောင်းမှ ဆရာ၊ ဆရာမများကို မလေးစားနိုင်တော့ဘူးဟု ထည့်သွင်းပြောခဲ့သည်။
မသဉ္ဇာဟိန်းသည် မုံရွာမြို့ အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကြောင်းတစ်ခုတွင် အသက် ၂၅ နှစ်အရွယ် အေးအေးနှင့် တွေ့ဆုံခင်မင်သွားကြသည်ဟု အေးအေးက ပြောသည်။ မသဉ္ဇာဟိန်း၏ သပိတ်ကြောင်းမိန့်ခွန်းများကို နားထောင်ဖူးသည်။

ပြည်ခိုင်ဖြိုးပါတီဝင် ဖခင်ဖြစ်သူထံမှ ထွက်ပြေးကာ အာဏာရှင်ကို တော်လှန်နေသည်ဆိုသော မသဉ္ဇာဟိန်း နေထိုင်စရာမရှိသည့်အခါ သူ့အဆောင်တွင် ခေါ်ထားသည်။ အရေးပေါ်ဆေးကုသနည်းကို မသဉ္ဇာဟိန်းထံမှ သင်ယူကာ နှစ်ဦးသား မုံရွာမြို့ရှိ ပစ်ခတ်ခံရသည့် နေရာများကို အရောက်သွားကာ ပြုစုကုပေးကြသည်။
မတ် ၃ ရက်တွင် ၎င်းတို့မျက်စိရှေ့တွင်ပင် ပေါင်ကို ကျည်ထိမှန်သည့် လူတစ်ဦးမှာ ကုသမှု အချိန်မီမရသဖြင့် ဆုံးပါးခဲ့သည်။ ထို့နောက် ဆေးအကူလိုအပ်ချက်ကို ဖြည့်ဆည်းရေးအတွက် Medical Cover Team ခေါ် ဆေးအဖွဲ့ ဖွဲ့ရန် ပြင်ဆင်ကြသည်။ နီးစပ်ရာအဖွဲ့များကို ဆက်သွယ်ကာ ရန်ပုံငွေရှာပြီး ဆေးပစ္စည်းစုဆောင်းကြသည်။
ဆေးပညာနှင့် မရင်းနှီးသော်လည်း ကူညီကယ်ဆေးရေးလုပ်ငန်း စိတ်ဝင်စားသူများကို အယောက်နှစ်ဆယ်စီ ခွဲ၍ သဉ္ဇာဟိန်းက စုစည်းကာ အရေးပေါ်ဆေးကုသနည်းများကို သင်ကြားပေးသည်ဟု အေးအေးက ဆိုသည်။
“သူက တော်တော်လေးကို စိတ်အားထက်သန်တယ်။ မုံရွာမှာ ပေါင်ထိပြီးဆုံးတဲ့ လူနာက ညီမရယ်၊ သူရယ် ပုန်းနေတဲ့ အိမ်ထဲမှာ ဖြစ်သွားတာ။ ဖြစ်သွားတဲ့အချိန်မှာ ဆေးတွေပါရင်တော့ အဲ့ဒီလူကို ကယ်နိုင်တယ်။ အဲဒီနေ့မှာ ဘာမှမပါတော့ အဲဒီလူကို ဆုံးရှုံးလိုက်လို့ဆိုပြီးတော့ နောင်တစ်ချိန်ကျရင် ပစ်မှာ၊ ခတ်မှာပဲ တဲ့။ ညီမတို့ ဆေးအိတ်လေးတွေ ထုပ်ပြီးတော့ Medical Team တစ်ခုဖွဲ့မယ်တဲ့။ အရိုးကျိုးတာလောက်ထိကို ရအောင် သင်ပေးမယ်ဆိုပြီးတော့ ဖွဲ့လိုက်တာ” ဟု ဆိုသည်။
ကျဆုံးသွားသူ မသဉ္ဇာဟိန်းအကြောင်းကို အေးအေးသည် ပခုံးတွင် ဖောက်ဝင်သွားသည့် ကျည်ဆန်ဒဏ်ရာကို ကုသမှုခံယူအပြီး ခွဲခန်းမှ ထွက်ထွက်ချင်း Myanmar Now ကို ဖုန်းဆက် ပြောပြခဲ့ခြင်းဖြစ်သည်။
မသဉ္ဇာဟိန်းကမူ “အကောင်းအတိုင်း ပြန်လာမယ်လို့ အာမမခံနိုင်တဲ့ ခရီးကို သွားရတဲ့အခါ နှောင်ကြိုးတွေက ခွင့်လွှတ်ပေးပါ” ဟု ၎င်း၏ ဖေ့ဘွတ်လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့ပြီးနောက် မတ် ၂၈ ရက်နေ့ မုံရွာ ရတနာပုံရပ်ကွက်မှ ကျည်သင့်ပြည်သူများကို ကုသပေးရင်း ၎င်းကိုယ်တိုင် ကျည်ဆန်အစစ် ခေါင်းကို ထိမှန်သွားခြင်း ဖြစ်သည်။
လူနာလု၊ အလောင်းလုရသည့် မြို့ပြစစ်မြေပြင်
မသဉ္ဇာဟိန်းကဲ့သို့ပင် လူ့အသက်တစ်ချောင်းပဲ ကယ်နိုင်ပါစေ ကယ်မည်ဟူသော စိတ်ဓာတ်ဖြင့် မြို့အသီးသီးမှ ဆေးပညာတတ်ကျွမ်းသူများ၊ ပရဟိတကယ်ဆယ်ရေးအဖွဲ့များသည် လူသတ်ကွင်းပြင်သို့ နေ့စဉ် သွားရောက်လျက်ရှိသည်။
လူသတ်ကွင်း၌ ကယ်ဆယ်ရေးအဖွဲ့သည် တစ်ခါတစ်ရံ လက်နက်ကိုင်တပ်ဖွဲ့နှင့်အပြိုင် အလောင်းလုနေရသည်ဟု မန္တလေးရှိ ဆေးအကူအဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအသင်းများက ပြောသည်။
နံနက် ၅ နာရီခွဲခန့်မှစ၍ ဆရာဝန်များနှင့် ကယ်ဆယ်ရေးသမားများ လူနာလိုက်ကောက်ရကြောင်း၊ အထူးသဖြင့် ညပိုင်းပစ်ခတ်မှုဖြစ်ခဲ့သည့် နေရာများတွင် အလောင်းလုခံရမည်စိုးခြင်းနှင့် ပစ်ခတ်ခဲ့သည့် နေရာသို့ပင် မကျေပွဲ ပြန်လာနွှဲတတ်ခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။
“မလုပ်သင့်ဘူး။ နိုင်ငံတကာစစ်ပွဲတွေတောင်မှ ကယ်ဆယ်ရေးသမားတွေကို မလုပ်ကြဘူးလေ။ အခုဟာက သူတို့လုပ်ရပ်တွေ သိမှာစိုးတော့ ပစ်တယ်။ လူနာလည်း သယ်သွားတယ်။ အလောင်းလည်း သယ်သွားတယ်။ သူတို့ယုတ်မာတာကို နိုင်ငံတကာက သိမှာကြောက်နေတာ ယုတ်မာတာတော့ နှိုင်းပြစရာတောင်မရှိဘူး” ဟု ဆရာဝန်တစ်ဦးက ပြောသည်။

နေ့ဘက်တွင် အချို့သော လူနာများကို နာရီနှင့်ချီ ကြာသည်အထိ အလောင်းမကောက်နိုင်ဘဲ စောင့်ဆိုင်းကြရသည်။ မုံရွာမြို့ဆေးအကူအဖွဲ့ဝင်တို့က မတ် ၂၈ ရက်တွင် ကျည်ထိထားသော အသက် ၃၀ ခန့် အရွယ်ရှိသည့် အမျိုးသားတစ်ဦး လမ်းပေါ်တွင် ညည်းတွားနေသည်ကို တွေ့ကြသော်လည်း မလှမ်းမကမ်းတွင် လက်မရွံ့တပ်သားများ ရှိနေသေး၍ စောင့်ဆိုင်းနေရကြောင်း၊ နောက် ၃ နာရီခန့်အကြာ လူနာသေသွားပြီး လက်နက်ကိုင်များထွက်ခွာသွားကြောင်း ပြောပြသည်။
“အုတ်တံတိုင်းကြီးကို ကျော်တာတောင် ကောက်လို့ မရနိုင်ဘူး။ သူ့အသက် သေမှပဲ ကောက်လို့ ရလိုက်တာ” ဟု လမ်းပိတ်ထားသည့်တိုင် အုတ်တံတိုင်းကို ကျော်တက်၍ ကယ်ရန် ကြိုးစားခဲ့သည့် ဆေးအကူအဖွဲ့ဝင်တစ်ဦးက ပြန်လည်ပြောပြသည်။
မန္တလေးရှိ မြေပြင်ကယ်ဆယ်ရေးအဖွဲ့မှ ဆရာဝန်တစ်ဦးကလည်း “အနီးအနားတွေမှာပဲ စောင့်ကြည့်နေရတဲ့ အချိန်တွေတိုင်း ရင်နာရတယ်၊ သွေးထွက်နေတဲ့လူနာအတွက်က စက္ကန့်မိနစ်တိုင်းက အသက်တွေပါ” ဟု သူ့အတွေ့အကြုံကို ပြောပြသည်။
ကျည်သင့်လူနာကို ခပ်လှမ်းလှမ်းမှ ကြည့်နေရသည်မှာ ရင်နာဖွယ်ကောင်းသည်ဟု မန္တလေးမြို့ လူမှုကယ်ဆယ်ရေးအသင်းတစ်ခုမှ လုပ်အားပေးတစ်ဦးက ပြောသည်။
“အဆိုးရွားဆုံးက မြို့သစ်ပိုင်း အောင်ပင်လယ်ကယ်ဆယ်ရေးပဲ။ ကားတွေပါ ပစ်ပြေးပြီး လူနာတွေထားခဲ့ပြီး ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရတယ်။ အလောင်းတွေ မကောက်နိုင်ခဲ့ဘူး၊ တချို့ဆို ဒီအတိုင်း သွေးထွက်လွန်ပြီး မသေသင့်တဲ့ဒဏ်ရာနဲ့ သေကြရရှာတာ၊ ၆ နာရီနီးပါးလောက် လဲကျနေတာကို မြင်နေရက် ကြည့်နေခဲ့ရတယ်။ ဘာမှမတတ်နိုင်ခဲ့ဘူး။ စိတ်မကောင်းစရာမြင်ကွင်းတွေပါပဲ” ဟု ၎င်းက ဆိုသည်။
သူတို့၏ အဖွဲ့ဝင်တစ်ဦးမှာလည်း ကယ်ဆယ်ရေးလုပ်ငန်းလုပ်ကိုင်စဉ် ကျဆုံးကာ အလောင်းပြန်မရခဲ့ကြောင်း ဆက်လက်ပြောသည်။
ပစ်ခတ်မှုငြိမ်သွားပါက ကျည်သင့်ဆန္ဒပြသူတို့ကို ကုသပေးသည့် အထိုင်ဆေးကုခန်းအသီးသီးသို့ မိသားစုဝင်များ ရောက်လာတတ်သည်။ အိမ်ပြန်မရောက်သေးသည့် ကိုယ့်လူပါမပါ၊ သေသွားတာ ဘယ်သူလဲ ဟု ငိုယိုကာ လာမေးလေ့ရှိကြောင်း ပြောသည်။ ကျည်သင့်လူနာတချို့မှာ နာရီအတန်ကြာ ပုန်းခိုနေရသဖြင့် အနာပိုဆိုးလာချိန်မှ လာရောက်ပြသနိုင်ကြကြောင်း ဆိုသည်။
Myanmar Now က တစ်နိုင်ငံလုံး အနှံ့ဖြစ်ပွားနေသော ဖြိုခွဲပစ်ခတ်ခံရမှုများကို သတင်းယူတိုင်းတွင် ပရဟိတသမားများ၊ ယာဉ်များကို ပစ်ခတ်ခံနေရသဖြင့် လူနာကောက်၍မရကြောင်း ဆရာဝန်၊ ကယ်ဆယ်ရေးသမား၊ ဒေသခံများက ပြောပြလေ့ရှိသည်။
ပြီးခဲ့သည့် မတ် ၁၅ မန္တလေး၊ မြင်းခြံမြို့ ဖြိုခွင်းခံရမှုတွင် ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ၃ ဦး အလောင်းကိုသာ ကယ်ဆယ်ရေးအဖွဲ့က ကောက်ယူနိုင်သည်။ ကျန်ရုပ်အလောင်းများကောက်ယူရန် ကြိုးပမ်းချိန်တွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က ပစ်သတ်မည်ဟု ခြိမ်းခြောက်သဖြင့် မကောက်ရဲဘဲ လှည့်ပြန်ခဲ့ရသည်ဟု ဆရာဝန်တစ်ဦးက မတ် ၁၅ ညတွင် Myanmar Now ကို ပြောခဲ့သည်။
“တစ်ယောက်တော့ ဝင်ကောက်တာ ပရဟိတကားကို သေနတ်နဲ့ အပစ်ခံရတယ်” ဟု ၎င်းက ဆိုသည်။
စစ်တပ်က သက်သေမှတ်တမ်း မကျန်စေလိုသဖြင့် အလောင်းဖျောက်ရန် ကြိုးစားခြင်းဖြစ်သည်ဟု ၎င်းက ယူဆသည်။
လူမှုကယ်ဆယ်ရေးလည်းမချန် ရိုက်နှက်
အကြမ်းဖက်လက်နက်ကိုင်များက လူမှုကယ်ဆယ်ရေးသမားတို့ကို ဖိနှိပ်လာမှုမှာ သတင်းမှတ်တမ်းများအရဆိုလျှင် မတ်လ ၃ ရန်ကုန်၊ မြောက်ဥက္ကလာမြို့နယ်ဖြိုခွင်းခံရမှုမှ စတင်လာသည်။
လူ ၁၃ ဦး ကျည်ထိမှန်သေဆုံးခဲ့သည့် ယင်းဖြိုခွဲမှုတွင် လက်နက်ကိုင်တို့က လူမှုကယ်ဆယ်ရေးဝတ်စုံပြည့် ဝတ်ထားသူ ကိုကျော်မင်းလွင်၊ ကိုသန့်ဇင်ဦး၊ ကိုမင်းဦးနှင့် ကိုစိုးထက်အောင်တို့ ၄ ဦးကို လူနာတင်ယာဉ်ထဲမှ ခေါ်ထုတ်ပြီး အပြင်းအထန်ကန်ကျောက်၊ ရိုက်နှက်၊ သေနတ်ဒင်ဖြင့် ထုနေပုံကို တွေ့နိုင်သည့် CCTV ရုပ်သံမှတ်တမ်းမှာ အွန်လိုင်းမှတစ်ဆင့် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့ခဲ့သည်။
မွန်မြတ်စိတ်ထားဘိုးဘွားစောင့်ရှောက်ရေးအသင်းမှ ထိုလူငယ်များကို တစ်နိုင်ငံလုံး အသံတိတ်ဆန္ဒပြပွဲပြုလုပ်သည့် မတ်၂၄ တွင်မှ အကျဉ်းသား ၇၀၀ ဝန်းကျင်နှင့်အတူ အင်းစိန်ထောင်မှ ပြန်လွှတ်ပေးခဲ့သည်။
ထို့အပြင် ရန်ကုန်၊ လှိုင်သာယာသပိတ်ကို စစ်တပ်က ဖြိုခွင်းရာတွင် လှုမှုကယ်ဆယ်ရေးအသင်းဝင်များကို ပစ်ခတ်သဖြင့် လူနာကယ်ဆယ်သည့် ပရဟိတသမား ကိုဝေဖြိုးအောင် ကျဆုံးခဲ့ရသည်။
မုံရွာတွင် ခေါင်းကျည်ထိသေဆုံးသူ သူငယ်ချင်း မသဉ္ဇာဟိန်းထံမှ အရေးပေါ်ဆေးကုသနည်း သင်ယူခဲ့သော အေးအေးက “ဒဏ်ရာပျောက်သွားလည်း ပြန်ပြီးတိုက်မယ့်ထဲ ပါမှာပဲ။ Medical Team ကတော့ ဆက်လုပ်သွားမှာပါ” ဟု သူ့ ပခုံး၌ ကျည်ဆန်ထုတ်ချင်းပေါက်ဒဏ်ရာကို ခွဲစိတ်အပြီးတွင် Myanmar Now ကို ပြောသည်။