အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၅၀၀ ကျော် ရှိလာ

စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲများကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ယမန်နေ့ မတ် ၃၀ ရက်နေ့ထိ  ကျဆုံးသူ ဆန္ဒပြပြည်သူ ၅၂၁ ဦး ရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ၏ အင်အားသုံးအကြမ်းဖက်ဖြိုခွင်းမှုကြောင့် မတ် ၃၀ တစ်ရက်တည်းတွင် ပြည်သူ ၈ ဦး ကျဆုံးခဲ့ရပြီး ကျဆုံးသူအရေအတွက် ထပ်တိုးလာနိုင်သည်ဟု AAPP က ထုတ်ပြန်သည်။

ပြည်သူများကို မောင်းပြန်သေနတ်၊ လက်ပစ်ဗုံး၊ လောင်ချာ စသည့် စစ်မြေပြင်သုံး လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း စသည့် ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်နည်းနာများကို ပြည်သူလူထုကြားတွင် အကြောက်တရားများ စိမ့်ဝင်လာစေရန် နေ့စဉ်ရက်ဆက် အသုံးပြုနေသည်ဟု AAPP က ထုတ်ပြန်သည်။

အချိန် ပိုမိုကြာမြင့်လာလေ ပြည်သူများ ပိုမိုအထိလာနိုင်ခြေရှိပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲများ အမြန်ဆုံးအဆုံးသတ်နိုင်ရန် ကြိုးပမ်းနေသည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရည်မွန်(ခ)မောင်တင်သစ်က Myanmar Now ကို ပြောသည်။

“တစ်ချိန်တည်းမှာပဲ ကိုယ့်ဘက်က ထိခိုက်ဆုံးရှုံးမှု အနည်းဆုံး ဖြစ်အောင်လည်း စီမံဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်တွင် စစ်ကောင်စီ လက်နက်ကိုင်တပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ရာ မတ် ၂၉နှင့် မတ် ၃၀ ရက်နေ့တို့တွင် ပြည်သူ ၂၁ ဦး ကျဆုံးခဲ့သည်ဟု Myanmar Now က အတည်ပြုနိုင်ခဲ့သည်။

တနင်္သာရီတိုင်း ကော့သောင်းမြို့တွင်လည်း လူနေရပ်ကွက်အတွင်း စစ်ကောင်စီ၏ လက်နက်ကိုင်များက မတ် ၃၀ နံနက်ပိုင်းတွင် လိုက်လံအကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦး ဦးခေါင်းကျည်သင့် သေဆုံးသွားပြီး နှစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့သည်။ 

မတ် ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့တွင်လည်း မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အရှိန်မြှင့်ခဲ့ကြသည်။ စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် မတ် ၂၇ နှင့် ၂၈ တို့တွင် ပြည်သူ ၁၆၉ ဦး အထိ ကျဆုံးခဲ့သည်။

အာဏာသိမ်းထားမှုကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် ဖမ်းဆီးချုပ်နှောင်ထားသူ ၂၆၀၈ ဦးအထိ ရှိလာပြီဖြစ်သည်ဟု AAPP ၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button