သတင်း

ကရင်ပြည်နယ်တွင် လေကြောင်းမှ ဗုံးကြဲ၊ ရွာသား ၆ ဦး သေဆုံး 

ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်၊ ထီးဖဒိုကျေးရွာအတွင်း ယနေ့ မတ် ၃၀ ညနေ ၃ နာရီတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် အရပ်သား ၆ ဦး သေဆုံးကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားသည်။ 

ထို့အပြင် KNU တပ်မဟာ ၅ နယ်မြေရှိ မူတြော်ခရိုင်၊ မဲဝိုင်ဒေသတွင်လည်း ယနေ့  တစ်ရက်တည်းတွင် နှစ်ကြိမ် လာရောက်ဗုံးကြဲခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကရင်ပြည်နယ်၊ မူတရော်ခရိုင်အတွင်းရှိ စစ်ကောင်စီလက်နက်ကိုင်များ၏ သီးမူထာစစ်စခန်းကို မတ်လ ၂၇ နံနက်တွင် ဝင်ရောက်သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်မှ ညနေပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

မတ် ၂၇ နှင့်  ၂၈ ရက်နေ့  လေကြောင်းမှ တိုက်ခိုက်မှုတို့တွင်လည်း ကျေးလက် ဒေသခံ  ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ အပြင်းအထန်ရသွားသည်ဟု KNU ၏ ၂၉ ရက်နေ့ ရက်စွဲတပ် သတင်းထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။ 

ဖက်ဆစ်တော်လှန်ရေးနေ့ မတ် ၂၇ မှစ၍ အာဏာသိမ်းစစ်အုပ်စုက ကရင်လူမျိုးများနေထိုင်ရာ ရွာများနှင့် ကျောင်းများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သည့်အတွက်  ပြင်းထန်စွာ ရှုတ်ချကြောင်း KNU က  မတ် ၂၉ နှင့် ၃၀ ရက်နေ့ ရက်စွဲများဖြင့် ထုတ်ပြန်ထားသည်။ 

အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု KNU ၏ ထုတ်ပြန်ချက်က ဆိုသည်။  

နယ်စပ်ဖြတ်ကျော်တိမ်းရှောင်သူ သုံးထောင်ကျော် အနက် သုံးပုံနှစ်ပုံကို ထိုင်းအာဏာပိုင်များက အတင်းအဓမ္မပြန်ပို့ခဲ့ကြောင်း KNU က ပြောကြားထားသည်။

ထိုင်းအစိုးရအပါအဝင် နိုင်ငံတကာလူမှုအသိုင်းအဝိုင်းအနေဖြင့် နေရပ်စွန့်ခွာထွက်ပြေးလာရသူများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် အကာအကွယ်ပေးရန် တောင်းဆိုကြောင်း KNU တပ်မဟာ ၅ က မတ် ၃၀ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ထားသည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အာဏာသိမ်းစစ်အုပ်စုကို အသိအမှတ်မပြုရန်၊ စစ်ရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ ပတ်သက်မှုများကို ဖြတ်တောက်ပစ်ရန်နှင့် အရပ်သားများအပေါ် စစ်ဘက်ဆိုင်ရာ လက်နက်များအသုံးပြု တိုက်ခိုက်နေခြင်းအား ချက်ချင်းရပ်တန့်ရေး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်အုပ်စုအပေါ် ဖိအားပေးရန်လည်း KNU တပ်မဟာ ၅ က တိုက်တွန်းထားသည်။ 

လတ်တလောတွင် အာဏာသိမ်းစစ်တပ်သည် အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် KNU၊ KIA တို့နှင့် တိုက်ပွဲများဖြစ်ပွားလျက် ရှိသည်။ 

KNU နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/ SSA) တို့က စစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပြီး KIA က ဆန္ဒပြပြည်သူများကို ကာကွယ်သွားမည်ဟု ပြောထားသည်။ 

ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော စစ်တပ်၏လုပ်ရပ်များကြောင့် အပစ်ရပ်စဲထားမှုအပေါ် ပြန်သုံးသပ်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ကိုးကန့်တပ် (MNDAA) တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က  ယနေ့ (မတ် ၃၀)တွင်  ထုတ်ပြန်ခဲ့သည်။

Show More

Related Articles

Back to top button