
လွန်ခဲ့သော ၁၇ နှစ် ၂၀၀၈ ခုနှစ် မေလတွင် မြို့တော်အသစ် နေပြည်တော်ရှိ ခမ်းနားလှသော ရုံးခန်းကြီးများတွင် စစ်ဗိုလ်ချုပ်ကြီးများသည် ယင်းတို့ကိုယ်တိုင် စိတ်တိုင်းကျရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ရန် အသင့် ဖြစ်နေပေလိမ့်မည်။
ဘုရင်ရူး ရူးသူများဟု အများက သမုတ်ကြသည့် စစ်ဗိုလ်ချုပ်များသည် ယင်းတို့ ရုံးစိုက်မည့်နေရာကို နေပြည်တော်ဟုပင် အမည်ပေးခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ရန်ကုန်မှ ပြောင်းရွှေ့သွားကြသည်။
သစ်လွင်ခမ်းနားနေမည့် ၃ နှစ်သားသာ ရှိသေးသော မြို့တော်သစ်ရောက် စစ်ဗိုလ်ချုပ်ကြီးများသည် မကြာမီ ပြည်သူ တစ်သိန်းကျော် သေဆုံးတော့မည့် မုန်တိုင်းအရေးကို ဂရုမစိုက်၊ ထည့်တွက်ကြမည် မဟုတ်ပေ။ သတင်းစာများ၏ မျက်နှာဖုံး၊ ကျောဖုံး၊ အတွင်းစာမျက်နှာများတွင် ဆောင်းပါး၊ သတင်း၊ အယ်ဒီတာ့အာဘော် စသဖြင့် စာလုံးမဲကြီးများသုံးကာ အခြေခံဥပဒေ အတည်ပြုရေးကိုသာ လှိုင်လှိုင်ကြီး ဝါဒဖြန့်နေခဲ့သည်။

၂၀၀၈ ခုနှစ် ဧပြီတစ်လလုံး ထုတ်ဝေခဲ့သည့် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများကို Myanmar Now က ပြန်လည်လေ့လာရာတွင် ဖွဲ့စည်းပုံ အတည်ပြုရေး၊ ထောက်ခံမဲပေးရေးနှင့်ပတ်သက်သည့် ဝါဒဖြန့် ရေးသားချက် ၅၀ ရာခိုင်နှုန်းနှင့်အထက် ဖော်ပြခဲ့သည်ကိုတွေ့ရသည်။
သို့သော် မုန်တိုင်း သတိပေးချက်သို့မဟုတ် မိုးလေဝသ ခန့်မှန်းချက်များကို ဖော်ပြရာတွင် တစ်လက်မခွဲ ပတ်လည် ကော်လံငယ်ဖြင့်သာ ဖော်ပြခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁ ရာခိုင်နှုန်း အောက်တွင်သာ ရှိသည်ကို တွေ့ရသည်။
နာဂစ်မုန်တိုင်း တိုက်ခတ်တော့မည့် တစ်ပတ်ခန့်အလို ဧပြီ ၂၃ ရက်ထုတ် သတင်းစာတွင်ပင် မန္တလေးနှင့် နေပြည်တော်တွင်သာယာပြီး ရန်ကုန်တွင် တိမ်အသင့်အတင့်ရှိမည်ဟု ထုတ်ပြန်ခဲ့သည်။ မုန်တိုင်းတိုက်ရန် ရက်ပိုင်းအလိုတွင် မိုးသက်လေပြင်းကျမည်၊ လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင် အတွင်းသာရှိမည်ဟု ထုတ်ပြန်ခဲ့သည်။
ဧပြီလ ၃၀ ရက်နှင့် မေလ ၁ ရက်နေ့များတွင်လည်း မုန်တိုင်းသည် ပိုအားကောင်းမလာဘဲ မိုးသက်လေပြင်းသာကျမည်၊ လေတိုက်နှုန်း တစ်နာရီမိုင် ၄၀ မှ ၄၅ မိုင်သာရှိမည်ဟု ၎င်းတို့၏ သတင်းစာတွင် ဖော်ပြခဲ့သည်။
သို့သော် အမေရိကန်ရေတပ် ရေကြောင်းခန့်မှန်းရေးဌာန၊ ပစိဖိတ်သမုဒ္ဒရာ ဟာဝိုင်အီကျွန်းတွင် အခြေစိုက်ထားသည့် တိုင်ဖွန်းမုန်တိုင်း သတိပေးစခန်း JTWC တို့၏ ၂၀၀၈ ခုနှစ်အတွက် နှစ်ပတ်လည် အစီရင်ခံစာတွင် နာဂစ်မုန်တိုင်းနှင့်ပတ်သက်၍ အကြိမ်ကြိမ်သတိပေးခဲ့ကြောင်း ဖော်ပြထားသည်။


ထိုအစီရင်ခံစာတွင် ဘင်္ဂလားပင်လယ်အော်အတွင်း ဧပြီလ ၂၅ ရက်နေ့တွင် မုန်တိုင်းငယ် စတင်ဖြစ်ပေါ်နေကြောင်း JTWC က အသိပေးခဲ့သည်။ ထို့နောက် ဧပြီ ၂၆ ရက်နေ့တွင် မုန်တိုင်းအဆင့်သို့ ကူးပြောင်းသွားကြောင်း ထပ်မံအသိပေးထုတ်ပြန်သည်။
ဧပြီ ၂၇ ရက်နေ့တွင် “ပထမဆုံး မုန်တိုင်းသတိပေးချက်”ကို ထပ်မံထုတ်ပြန်ပြီး ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသသို့ ဦးတည်နေကြောင်း JTWC က ဖော်ပြသည်။ JTWC သည် ဧပြီ ၂၅ မှ မုန်တိုင်းတိုက်ခတ်ပြီးချိန် မေ ၃ မွန်းလွဲပိုင်းအထိ စုစုပေါင်း သတိပေးထုတ်ပြန်ချက် ၂၅ ကြိမ် ထုတ်ပြန်ခဲ့သည်ဟု အထက်ပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
နိုင်ငံတကာ မိုးလေဝေသပညာရှင်များနှင့် ဖွဲ့စည်းထားသည့် JTWC က တစ်ပတ်ကြိုတင်လျက် မုန်တိုင်းအခြေအနေများ ထုတ်ပြန်နေပြီး အကြိမ်ကြိမ် သတိပေးနေခဲ့သည်။ သို့သော် ထိုစဉ်က နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရ သတင်းစာများတွင်မူ မုန်တိုင်းနှင့်ပတ်သက်၍ မိုးသက်လေပြင်းဟုသာ သုံးနှုန်းထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ထောက်ခံရေး ဝါဒဖြန့်လှိမ့်လုံးများသာ လွှမ်းမိုးထားခဲ့သည်ကို တွေ့မြင်ရသည်။

နူးညံ့သည့် ပန်းပွင့်လေးက ခြေမွသွားသည့် ဘဝများ
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းများကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်၊ မြန်မာ၊ အိုမန်၊ ပါကစ္စတန်၊ ထိုင်းနှင့် သီရိလင်္ကာနိုင်ငံများက အလှည့်ကျ နာမည်ပေးရပြီး အိန္ဒိယ မိုးလေဝသဌာနက မုန်တိုင်းနာမည်ကို အတည်ပြုထုတ်ပြန်ပေးရသည်။
၂၀၀၈ ခုနှစ် အတွင်းဖြစ်ပေါ်သည့် မုန်တိုင်းများအတွက် အလှည့်ကျ နာမည်ပေးရသည့်နိုင်ငံမှာ ပါကစ္စတန်ဖြစ်သည်။ မုန်တိုင်းအမည်ကို နူးညံ့သည့်ပန်းပွင့်လေးဟု အဓိပ္ပာယ်ရသော Nargis ဟု ပါကစ္စတန်နိုင်ငံက သတ်မှတ်ခဲ့သည်။ Nargis သည် မေလ ၂ ရက်နေ့ညဦးပိုင်းတွင် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ လပွတ္တာ၊ ဘိုကလေးမြို့များသို့ စတင်ဝင်ရောက်ခဲ့ပြီး နာမည်နှင့်မလိုက်အောင်ပင် လူအများအပြားကို သေဆုံးစေခဲ့သည်။
သေဆုံးသွားသူ တစ်သိန်းကျော်ထဲတွင် ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှ မရွှေဇင်၏ ဖခင်လည်း ပါဝင်သည်။ ဖခင်ဖြစ်သူသည် ရေဒီယို နားထောင်လေ့ရှိသူဖြစ်သော်လည်း စစ်တပ်ထိန်းချုပ်ထားသည့် ထိုစဉ်က မီဒီယာများတွင် မုန်တိုင်းသတင်းဖော်ပြချက်နှင့် အသိပေးချက် မရှိသလောက် အားနည်းခဲ့ခြင်းကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု မရွှေဇင်က ယူဆသည်။“ရွာထဲကလူတွေအကုန်လုံးက သိတယ်၊ မုန်တိုင်းလာမှာသိတယ်၊ ဒါပေမယ့် သာမန်နေ့လိုပဲပေါ့ကွယ်၊ အရမ်းကြီးတော့ သတိမထားမိဘူး” ဟု သူက ပြန်ပြောင်းပြောပြသည်။
ဓနိအမိုးကိုဖောက်ထွက်ကာ အိမ်ထဲသို့ အုန်းသီးများကြွေကျလာမှသာ မရွှေဇင်တို့ အသိဝင်လာတော့သည်။
“ရေက ရိပ်ရိပ်ရိပ်ရိပ်တက်လာတာ၊ ကြည့်နေရင်း စကားပြောနေရင်းနဲ့ ချက်ချင်းခြေသလုံး ရောက်လာတာ၊ အဲ့လိုဆိုတော့ … ဟယ် အပါး … ရေတွေလည်း တအားတက်လာတယ်နော်၊ မြန်လိုက်တာ၊ ဘယ်ဖြစ်တာလဲမသိဘူးပေါ့။ သားအဖတွေက အဲ့ဒီအချိန်မှ အိမ်ထဲကထွက်တာ” ဟု မရွှေဇင်က ပြောပြသည်။
ညမှောင်မှောင်တွင် သဲကြီးမဲကြီးရွာနေသည့် မိုးစက်မိုးပေါက်များကြား မရွှေဇင်တို့ ခိုနားစရာရှာရသည်။ ရွာအရှေ့ဘက် အဆောက်အဦးသစ်တစ်ခုတွင် ဖခင်၊ မောင်လေးနှင့် မရွှေစင်တို့ ဝင်ရောက်ခိုလှုံသည်။ သို့သော် ပိုကြီးလာသည့်မိုး၊ ပိုသန်လာသည့်ရေစီးတို့ကြောင့် ထိုအဆောက်အဦး ပြိုကျ ပျက်စီးသည့်အသံကိုကြားရပြီး ရေစီးနှင့်အတူ ထပ်မံ မျောပါသွားသည်ဟု မရွှေဇင်က ပြောပြသည်။
“ဝုန်းဝုန်းဆိုပြီး အဆောက်အဦးပြိုတာ၊ ကိုယ်ထင်တာပေါ့နော်၊ တကယ်တမ်းက အခုပြန်မှန်းပြီး ပြောနေရတာ၊ မဲမဲမဲမဲနဲ့ ဘာမှမသိဘူး။ အဲ့လိုပြိုတော့ ကျွန်မက ခုံပေါ်ကနေ ရေထဲကိုကျသွားတာ၊ ဒါပေမယ့် အနောက်ကနေ အလေးကြီးပိတဲ့ဟာ အဲ့ဒီမှာ ကျွန်မက ရုန်းထွက်တာ။ အဲ့ဒါနဲ့ အတင်းရုန်းထွက်တော့ ကျွန်မက လွတ်သွားတယ်”
ပေါင်ချိန် ၁၀၀ ခန့်ရှိသည့် မရွှေဇင် စက္ကူကဲ့သို့မျောပါသွားရာ ရွာရှိဆေးခန်း အဆောက်အဦသို့ ထပ်မံရောက်ရှိသွားသည်။ ထိုအဆောက်အဦမှ လူတစ်ဦးက လှမ်းဆွဲပြီး ကယ်ဆယ်လိုက်ခြင်းကြောင့် မရွှေဇင် သက်သာရာရသွားခြင်းဖြစ်သည်။
“လျှပ်စီးတစ်ချက်ချက် လက်ရင် မြင်ရတယ်၊ အဲ့ဒီအချိန်မှာ ကျွန်မက ပြတင်းပေါက်ဘောင်ကို လှမ်းဆွဲလိုက်၊ သူကလည်း လှမ်းဆွဲလိုက်တော့ ဆေးခန်းထဲရောက်သွားတာ” ဟု မရွှေဇင်က ပြောသည်။

ဆေးခန်းတွင်လည်း မုန်တိုင်းခိုလှုံသူ ၁၀၀ ခန့်ရှိနေသည်၊ နံနက်မိုးလင်းလုအချိန် ဆေးခန်းနှင့် မျက်နှာချင်းဆိုင် စာကြည့်တိုက်တွင် မောင်ဖြစ်သူကို မရွှေဇင်ပြန်တွေ့ရသည်။ သို့သော် ဖခင်ဖြစ်သူနှင့်မူ ထိုတစ်သက်ပြန်မတွေ့ရတော့ပေ။
“ဘေးပတ်ဝန်းကျင် အရမ်းမှောင်တာရယ်၊ ခေါ်မကြားအော်မကြား မိုးသံလေသံနဲ့ဆိုတော့ သူ့သားသမီးတွေ ဒီအောက်ပိသွားလာဆိုပြီး သူလိုက်ရှာတဲ့အခါမှာ နောက်ထပ် အဆောက်အဦးပြိုတဲ့အခါ သတိမထားမိဘဲ အသက်ဆုံးရှုံးသွားတာလို့ ထင်တယ်” ဟု ဖခင်ဖြစ်သူ သေဆုံးသွားပုံကို မှန်းဆပြောသည်။
၂၀၀၈ ခုနှစ် မေလထုတ် မြန်မာ့အလင်း၊ ကြေးမုံသတင်းစာများကို Myanmar Now က ပြန်လည်လေ့လာရာ လူသေဆုံးမှုအရေအတွက်ကို မေလ ၁၃ ရက်နေ့တွင် စတင်ဖော်ပြပြီး ၃၁,၀၀၀ ကျော် သေဆုံးသည်ဟု ဆိုသည်။ ထို့နောက် တစ်နေ့လျှင် သေဆုံးသူအရေအတွက် ၁၀,၀၀၀ ခန့် ထပ်တိုးဖော်ပြသည်။ မေလ ၁၇ ရက်ထုတ် သတင်းစာတွင် လူပေါင်း ၇၇,၇၃၈ သေဆုံးသည်ဟု နောက်ဆုံးဖော်ပြခဲ့သည်။
ထို့နောက် ဇွန်လ ၂၄ ရက်နေ့တွင် နအဖ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူနှင့် ကုလအဖွဲ့အစည်းများ၊ နိုင်ငံပေါင်းစုံမှ သံအမတ်များ၊ အာဆီယံခေါင်းဆောင်များ တွေ့ဆုံရာတွင် ၈၄,၅၃၇ ဦး သေဆုံး၊ ၅၃၈၃၆ ဦး ပျောက်ဆုံးနေသည်ဟု ပြောခဲ့သည်။ ထို့ကြောင့် နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ ၁၃၈,၃၇၃ ဦး သေဆုံးသည်ဟု သတင်းဌာနအများအပြားနှင့် ကုလအဖွဲ့အစည်းများက သတ်မှတ်ခဲ့ကြသည်။

ငွေအကူအညီသာလိုသည့် နအဖ
ထိုသို့ လူပေါင်း ၁၄၀,၀၀၀ နီးပါး သေဆုံးခဲ့သည့်ဖြစ်ရပ်တွင် နအဖ စစ်အစိုးရသည် ပြည်ပအကူအညီများ ဝင်ရောက်ကူညီခွင့် ၂ ပတ်ကြာသည်အထိ ခွင့်မပြုခြင်းကြောင့် အကြိမ်ကြိမ်ညှိနှိုင်းခဲ့ရသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mark Canning က ပြောသည်။
“ကယ်ဆယ်ရေးဝန်ထမ်းတွေ စေလွှတ်ဖို့ စတင်ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီမှာပဲ သူတို့ အတားအဆီးတွေ စတင်ကြုံတွေ့ရတယ်။ (နအဖ) အစိုးရအဖွဲ့က ငွေကို လိုချင်တယ်၊ အဲ့ဒီ အကူအညီကို လိုချင်တယ်၊ ဒါပေမဲ့ ပြည်ပအကူအညီ ပြည်တွင်းကို ဝင်လာတာကိုတော့ မလိုချင်ဘူး” ဟု သူက Myanmar Now ကို ပြောသည်။
ဗြိတိန်နိုင်ငံမှ အကူအညီများပေးနိုင်ရန် ထိုစဉ်က ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း (Gordon Brown) ကိုယ်တိုင် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာ ၃ ကြိမ်တိုင်ရေးသား တောင်းဆိုခဲ့ရသည်ဟု Mark Canning က ပြောသည်။
ပြည်ပအကူအညီများ ဝင်ရောက်ခွင့်ပြုရန် ထိုစဉ်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အာဆီယံနိုင်ငံများမှခေါင်းဆောင်များက အလားတူ ဆက်သွယ်ပြောဆို ခဲ့ရသည်ဟုလည်း သူက ဆိုသည်။
နောက်ဆုံးတွင် စစ်ခေါင်းဆောင်က ပြည်ပအကူအညီများကို နိုင်ငံတကာ၏ ဖိအားကြောင့် ခွင့်ပြုပေးခဲ့သည့်တိုင် လေယာဉ်များ မြန်မာ့လေပိုင်နက်အတွင်း ဆင်းခွင့်ရမရ စိုးရိမ်ခဲ့ရသည့် အခြေအနေဖြစ်သည်ဟုလည်း Mark Canning က ပြောသည်။
“ဗြိတိန် ကယ်ဆယ်ရေးလေယာဉ်တွေကို ကြိုဖို့ ကျွန်တော် လေဆိပ်ကို သွားခဲ့ရတာ မှတ်မိတယ်၊ ဘာလို့လဲဆိုတော့ သူတို့ ဆင်းခွင့်ရမလား၊ မရဘူးလားဆိုတာ မသေချာဘူး။ သိတဲ့အတိုင်းပဲ၊ လေဆိပ်မှာ ကျွန်တော် ရှိနေခြင်းက လေယာဉ်ပေါ် ပါလာတဲ့ ပစ္စည်းတွေ အောက်ရောက်ဖို့ အနည်းဆုံး ကူညီနိုင်မယ်” ဟု ပြောသည်။ ဗြိတိန်သည် လေဘေးအတွက် စတာလင်ပေါင် ၄၅ သန်းကူညီခဲ့သည်။
နိုင်ငံတကာအကူအညီများဝင်ခွင့်ပြုရန် စစ်ခေါင်းဆောင်တို့ တုံ့ဆိုင်းနေခဲ့ကြောင်း ထိုအချိန်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတာဝန်ခံ Shari Villarosa ကလည်း ပြောသည်။
“စစ်တပ်က ပြင်ပအကူအညီတွေကို ဝင်ခွင့်ပြုဖို့ တုံ့ဆိုင်းနေခဲ့ပါတယ်။ စစ်အစိုးရနဲ့ ပတ်သက်ပြီး ပြဿနာအချို့ ရှိခဲ့ပေမယ့် ယေဘုယျအားဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်တဲ့အခါ နိုင်ငံရေးကွဲပြားမှုတွေကို ဘေးဖယ်ထားပြီး ဘေးအန္တရာယ်ကို ကိုင်တွယ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ဒါက အစိုးရကို ကူညီတာမဟုတ်ဘဲ ပြည်သူတွေကို ကူညီတာဖြစ်လို့ပါ” ဟု သူက Myanmar Now ကို ပြောသည်။
အမေရိကန်သည် ဒေါ်လာ ၄၇.၂၄၅ သန်း ထောက်ပံ့ကူညီခဲ့သည်။


ထိုအချိန်တွင် စစ်ခေါင်းဆောင်များထဲမှ ဝန်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်နှင့် ၎င်းလက်အောက်ရှိ ဗိုလ်ချုပ်တစ်စု နာဂဏ်ဒဏ်ခံရသည့် ဧရာဝတီတိုင်းသို့ သွားရောက်ကြည့်ရှုပြီး ရိက္ခာ ဖြန့်ဝေပေးနေသည်ကို ထိုစဉ်က သတင်းစာများတွင်တွေ့ရသည်။ နှစ်ပတ်ကျော်ကြာမှသာ နိုင်ငံတကာအကူအညီများ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သတင်းစာများ မှတ်တမ်းများအရ သိရသည်။
ထိုအချိန်တွင် သန်းနှင့်ချီသော နာဂစ်ဒဏ်ခံ ပြည်သူများမှာ အိုးအိမ်မဲ့ စားစရာမဲ့ဖြစ်နေပြီး လောက်ငသည့် ထောက်ပံ့မှုများမရခဲ့ဟု နာဂစ်ကြောင့် ဖခင်ကို ဆုံးရှုံးလိုက်ရသူ မရွှေဇင်က ပြောသည်။
“အလှူရှင်တွေလာတာ ကျွန်မတို့အစိုးရက လက်မခံခဲ့ဘူး၊ အများကြီးပဲ၊ အဲ့ဒီအချိန်မှာကျွန်မတို့က စားစရာမရှိဘူး၊ အုန်းရေ သောက်နေရတဲ့အချိန်မှာ လက်မခံဘူးနော်၊ အလောင်းကောင်တွေ၊ အပုပ်တွေကြားထဲမှာနေပြီးတော့ စားစရာမရှိ ဆန်တွေပြန်တွေ့ရင် ဆန်တွေက ပုပ်နေ၊ အဲ့ဒါတွေကို ဆန်ကာနဲ့စစ် စားရတာ” ဟု မရွှေဇင်က ဆိုသည်။

မစာမနာ ဝါဒဖြန့်မှုများနှင့် လက်တွေ့ဒုက္ခများ
ထိုသို့ ပြည်သူအများ ဒုက္ခပင်လယ်ဝေချိန် စစ်ဗိုလ်ချုပ်များ၏ လွဲမှားသည့် ဝါဒဖြန့်မှုများကို သတင်းစာတွင် ဆက်တွေ့သည်။ ကလောင်အစုံဖြင့် ဖော်ပြခဲ့သည့် ဆောင်းပါးများတွင် နာဂစ်လေဘေးကိုခုတုံးလုပ်၍ နိုင်ငံရေးတွင်အသုံးချရန် ကြိုးပမ်းနေသူများရှိကြောင်း စွပ်စွဲသည်။
“အလှူရှင်ပြည်သူတွေထဲမှာလည်း သွေးရိုးသားရိုး စေတနာရှင်တွေရှိသလို နိုင်ငံရေး ပရောဂဝင်ပြီး မဟုတ်မဟတ် လုပ်ဇာတ်ခင်းချင်တဲ့အကြံနဲ့ လှူဒါန်းနေတဲ့သူတွေလည်း ပါမှာပါ” ဟု ကျော်ရဲမင်း ဆိုသူက ၂၀၀၈ ခုနှစ် မေလ ၂၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ရေးသည်။
ထိုစဉ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်များ၏ လှူဒါန်းမှုသည် မရိုးဖြောင့်ဘဲ နိုင်ငံရေးအရ အမြတ်ထုတ်ရန် ကြိုးပမ်းကြောင်း၊ ဆူပူမှုများဖြစ်အောင် သွေးထိုးလှုံ့ဆော်ကြောင်းလည်း သူက စွပ်စွဲထားသည်။
ယခု စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူပေါင်းဆောင်ရွက်ရေးဝန်ကြီးဖြစ်သည့် ဦးကိုကိုလှိုင်သည်လည်း မေလ ၂၉ ရက်ထုတ် ကြေးမုံသတင်းစာတွင် နာဂစ်ကြောင့် သစ်ပင်များလဲကျသွားရာ မြင်ကွင်းရှင်းသွားခြင်းကြောင့် ကျေးဇူးတင်ရသည်ဟု ရေးသားခဲ့သည်။
“မြင်ကွင်းရှင်းသွားသောကြောင့် အိမ်ဝရန်တာမှ လှမ်းမျှော်ကြည့်လိုက်လျှင် ရွှေရောင်တဝင်းဝင်းနှင့် ရွှေတိဂုံဘုရားကြီးကို အထက်ပစ္စယံအနားအထိ ဖူးမြော်ခွင့်ရခဲ့သည်။ ယခင်က ညအခါ ဆလိုက်မီးရောင်မျှသာမြင်ရပြီး ကံကောင်းမှ စိန်ဖူးတော်ကို မြင်ခွင့်ရခဲ့ရာမှ နာဂစ်ကျေးဇူးကြောင့် မပင်မပန်း ဘုရားဖူးရပေသည်” ဟု လှိုင်အောင် ကလောင်အမည်ဖြင့် သူက ရေးသားသည်။
အလှူရှင်များ၏ ချောကလက်မစားရသော်လည်း ဧရာဝတီသားတို့ ကိုယ့်အားကိုယ်ကိုး ရှင်သန်နိုင်သည်ဟု ဝါဒဖြန့်သည်။ မြစ်ဝကျွန်းပေါ်ရှိ ချောင်းများမြောင်းများတွင် လူသေအလောင်းများ ပြန့်ကျဲနေသည့်တိုင် ထိုချောင်းများ မြောင်းများတွင် ငါးရှာဖားရှာ စားနိုင်သည်ဟု ဦးကိုကိုလှိုင်က ရေးသားသည်။
လယ်ကြား၊ မြောင်းကြားမှ ဆောင်းအုပ်၊ ခနွှဲပက်၊ ကွန်ပစ်လိုက်ရုံဖြင့် ပရိုတိန်းဓာတ်အပြည့်ပါသော ငါးများဟင်းစားရနိုင်သည်၊ ငါးပိရည်ကျိုတွင် ငါးပနော် မီးအုံးထည့်ပြီး လယ်စပ်မှာ အလေ့ကျပေါက်နေသော မှိုနားတို၊ ကညွတ်၊ ထိကရုံး စသည့် ဟင်းသီးဟင်းရွက်များကို လတ်လတ်ဆတ်ဆတ်ခူးကာ တို့မြှုပ်၍ စားနိုင်သည်ဟု ရေးသားခဲ့သည်။


လူသေအလောင်းများဖြင့် သုသာန်တစပြင်ဖြစ်နေသည့် လယ်ကွင်းများကြား မည်သူက ငါးရှာဖားရှာထွက်နိုင်မည်နည်း။
ထိုစဉ်က လယ်ကွင်းများ၊ ချောင်းများတွင် အရောင်မည်းမည်း၊ ခရမ်းရောင်၊ လက်ကားယားခြေကားယား၊ ဖောင်းဖောင်းကားကား အလောင်းများကို မြင်တွေ့ခဲ့ရသည်ဟု မရွှေဇင်က ပြောပြသည်။
“လယ်ကွင်းထဲမှာဆိုလည်း အပြည့်ပဲ၊ ဟိုနားတယောက် ဒီနားတယောက် ခါးတွေလည်း ကိုင်းနေတယ်၊ လက်တွေကျိုးနေတာရှိတယ်၊ အဓိက ချောင်းထဲမှာ ကျွန်မတို့ မော်တော်သွားတဲ့အခါကျတော့ ထိုးဝါးနဲ့ ဖယ်ရတယ်” ဟု သူက ပြောသည်။
ထိုစဉ်က အစိုးရ၏ မည်သည့်အကူအညီမျှမရဟုလည်း ဆိုသည်။
“ကိုယ့်ဘာသာကိုယ်လုပ်ရတာ၊ ရွာလမ်းပြန်ဖို့ရတယ်၊ အပင်တွေရှင်းရတယ်၊ ပုပ်စော်နံနေတဲ့ အကောင်တွေကို မြေမြှုပ်ရတယ်၊ လူသေတွေ တိရိစ္ဆာန်တွေဆိုလည်း ဖယ်ရှားရတယ်၊ ရှင်းလင်းရေးက တဖြည်းဖြည်းလုပ်ရတာ နှစ်နဲ့တောင် ချီတယ်လို့ ပြောလို့ရတယ်၊ ပြီးရင် ချောင်းထဲမြောင်းထဲ ရှာစားနေကျလူတွေ ရှာမစားရဲတော့ဘူး” ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နာဂစ်ဖြစ်ပြီး ရက်ပေါင်း ၂၀ နီးပါး ကြာမှသာ ရန်ကုန်၊ ပုသိမ်တို့ကို သွားရောက်ခဲ့ကြောင်း ထိုစဉ်က သတင်းစာများတွင် ဖော်ပြခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးသည် မုန်တိုင်းကျရောက်ပြီးသည်နှင့်တစ်ပြိုင်နက် လေဘေးသင့် ဒေသများသို့ လာရောက်ရန်ရည်စူးခဲ့သည်၊ သို့သော်လည်း အရှိန်အဟုန်ဖြင့် ဆောက်ရွက်နေသာ ကယ်ဆယ်ရေးလုပ်ငန်းများကို ထောက်ထားပြီး လုပ်ငန်းများနိုင်နင်းသည့် အခြေအနေရောက်မှ လာရောက်နိုင်ခြင်းဖြစ်သည်ဟု ထိုစဉ်က စစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီး သူရရွှေမန်း ပြောဆိုခဲ့သည်ကို မေလ ၂၂ ရက်ထုတ် ကြေးမုံသတင်းစာတွင် တွေ့ရသည်။

အခြေခံဥပဒေအတည်ပြုရေးသာ နအဖအတွက် အခရာ
မြန်မာနိုင်ငံသမိုင်းတွင် အဆိုးရွားဆုံးသော သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိခဲ့သည့်တိုင် နအဖ စစ်အစိုးရသည် လေဘေးသင့်ပြည်သူများကို ရိက္ခာနှင့် ယာယီတဲများ ထောက်ပံ့သည်မှအပ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ပြင်ဆင်မှုအားနည်းခဲ့သည်ကို ထိုစဉ်က သတင်းစာများတွင် ပြန်လည်လေ့လာပါက တွေ့နိုင်သည်။
နအဖ ဦးစားပေး လုပ်ဆောင်နေသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး လူထုဆန္ဒခံယူပွဲ ကျင်းပရန်ပင်ဖြစ်သည်။ နအဖ ထိန်းချုပ်ထားသည့် သတင်းစာများတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံမဲပေးကြရန် အကြီးအကျယ်ဝါဒဖြန့် လှုံ့ဆော်ခဲ့သည်ကို တွေ့ရသည်။

နာဂစ်ဖြစ်ပြီး မေ ၆ ရက်အကြာတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဆက်လုပ်မည်ဟု ကြေညာခဲ့သည်။ မေလ ၁၀ ရက်နေ့တွင် ဆန္ဒခံယူပွဲဆက်လုပ်ခဲ့ကြရာ နောင်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နာဂစ် အခြေခံဥပဒေဟု အများအပြားက သမုတ်ခဲ့ကြသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် မေ ၁၀ တွင် ယင်း၏လက်ထောက်များနှင့်အတူ အခြေခံဥပဒေအတည်ပြုရေး မဲပေးခဲ့သည်ကိုတွေ့ရသည်။
နအဖ စစ်အစိုးရသည် နာဂစ်ပြန်လည်ထူထောင်ရေးထက် အခြေခံဥပဒေ အတည်ပြုရေးသာ လုံးပမ်းနေခဲ့သည်ဟု ထိုစဉ်က မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mark Canning က ဝေဖန်သည်။“အဲဒီအချိန်မှာ အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒခံယူပွဲအတွက် ပြင်ဆင်မှုတွေ ပေါ့ပေါ့ပါးပါးပဲ ဆက်လုပ်နေခဲ့တယ်။ သိတဲ့အတိုင်းပဲ၊ ဒါက အတော်လေးကို အံ့ဩစရာကောင်းခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတကာအကူအညီတွေ ဝင်ရောက်ဖို့ လုပ်ငန်းစဉ်က အရမ်း နှေးကွေးခဲ့တယ်” ဟု သူက Myanmar Now ကို ပြောသည်။
သို့တိုင်အောင် နအဖ စစ်အစိုးရသည် ယင်းတို့ရေးဆွဲထားသည့် အခြေခံဥပဒေကို ပြည်သူ ၉၂ ရာခိုင်နှုန်းက ထောက်ခံကြောင်း ဝါဒဖြန့်ခဲ့ကြသည်။ ထိုစဉ်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံက Shari Villarosa “မသမာမှုနှင့် အဓိပ္ပာယ်မရှိသည့်လုပ်ရပ်” ဟု Myanmar Now ကို ပြောသည်။
“ဒါက ပြည်သူတွေလိုချင်တဲ့အရာမဟုတ်ပါဘူး၊ ဒါ အမှန်တရား မဟုတ်ဘူးဆိုတာ လူတိုင်းသိကြပါတယ်၊ စစ်တပ်က အလုံးစုံထိန်းချုပ်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်တွေကို ပြည်သူအားလုံးက မလိုချင်ပါဘူး” ဟု Shari Villarosa က ပြောသည်။ဆန္ဒခံယူပွဲလုပ်ပြီးသော စစ်ခေါင်းဆောင်များသည် နာဂစ်တွင်သေဆုံးသွားသူတို့အတွက် ဝမ်းနည်းခြင်းကာလ ၃ ရက် သတ်မှတ်ကြောင်း မေလ ၂၀ ရက်နေ့ သတင်းစာများတွင် ကြေညာခဲ့သည်ကိုလည်း တွေ့ရသည်။

နာဂစ်နှင့်အတူ မွေးဖွားလာသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် စစ်တပ်ကို လုပ်ပိုင်ခွင့် များစွာ ပေးထားခဲ့ပြီး ထိုစစ်တပ်က ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းကာ တိုင်းပြည်တစ်ပြည်လုံးကို စစ်ပွဲမုန်တိုင်းထဲ စတင်ဆွဲသွင်းခဲ့သည်။
ယခု အာဏာရှင်လက်သစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ယင်း၏ လက်ဦးဆရာများ၏ လမ်းစဉ်အတိုင်း ပြီးခဲ့သည့် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးနောက်ပိုင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ရန်ထက် ရွေးကောက်ပွဲတစ်ခု စိတ်ကြိုက် စီစဉ်ကျင်းပကာ နိုင်ငံရေးထွက်ပေါက်ရှာရန် ပြင်ဆင်နေသည်။

လာမည့် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် နှစ်ဦးပိုင်းတွင် ရွေးကောက်ပွဲလုပ်မည်ဟု သူက ယမန်နေ့ (ဧပြီ ၃၀ ရက်) မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့အထူး ညီလာခံတွင် ထပ်မံပြောဆိုသည်။
ထိုရွေးကောက်ပွဲသည်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲကဲ့သို့ပင် ယုံကြည်ဖွယ်မရှိဟု Shari Villarosa က ဆိုသည်။
ငလျင်အပျက်အစီးများကို ကိုယ်ထူကိုယ်ထ ရှင်းလင်းနေရပြီး မည်သည့်အကူအညီမျှမပေးသည့် စစ်တပ်၏ လုပ်ရပ်ကိုကြည့်ပါက တိုင်းပြည်အပေါ်ထားသည့် စေတနာကို သိနိုင်သည်ဟု Shari Villarosa က ပြောသည်။
“သာမန်အရပ်သားတွေက လူတွေကို ကယ်ဖို့ အပျက်အစီးတွေ ဖယ်ရှားဖို့ ကြိုးစားနေကြတယ်။ ဒါပေမဲ့ တီဗီမှာတော့ စစ်သားတွေ ဘာမှမလုပ်ဘဲ မတ်တပ်ရပ်နေကြတာပဲ။ သူတို့က ကူညီဖို့တောင် မကြိုးစားခဲ့ကြဘူး။ ဒီအခြေအနေက စစ်တပ်ဟာ ပြည်သူကို ကူညီဖို့မရှိဘူးဆိုတာ အတည်ပြုလိုက်တာပဲ” ဟု Shari Villarosa က ဆိုသည်။
အခြေခံဥပဒေတွင် စစ်တပ်ကို နိုင်ငံရေးတွင် ဦးဆောင်ခွင့်၊ ရွေးကောက်ခံမဟုတ်သည့် စစ်သားများ လွှတ်တော်တွင်း အလိုအလျောက် ဝင်ရောက်နေရာယူခွင့်၊ အချိန်မရွေး လက်နက်ပြ အာဏာသိမ်းနိုင်ခွင့်များ ပေးထားသည်။
ထိုအခြေခံဥပဒေကို စစ်ခေါင်းဆောင်က ဖက်တွယ်ကာ ရွေးကောက်ပွဲလုပ်မည်၊ စစ်တပ်ကို အနာဂတ်မြန်မာ့နိုင်ငံရေးတွင် ဆက်ရှင်သန်နိုင်ရန် ရွေးကောက်ပွဲလမ်းကို ဖောက်ထားသည်။ သို့သော် ထိုလမ်းသည် နာဂစ်မုန်တိုင်းကဲ့သို့ပင် ပြည်သူများ၏ အသက်အိုးအိမ်များကို ဖျက်ဆီးပြီး တိုင်းပြည်ကို အဆိုးသံသရာထဲသို့ တွန်းပို့မည့်လမ်း ဖြစ်နေပေလိမ့်မည်။