
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဖြစ်လာသည့် အသက် ၆၉ နှစ်အရွယ် ဦးကိုကိုလှိုင်သည် သူ၏ဘဝတလျှောက် ပုံစံမျိုးစုံဖြင့် လူသိများခဲ့သူဖြစ်သည်။
Sunday Talk ရုပ်မြင်သံကြားနိုင်ငံရေးစကားဝိုင်းတွင် နိုင်ငံတကာအရေးနှံ့စပ်သူ ဦးကိုကိုလှိုင်၊ စာရေးဆရာ ဦးကိုကိုလှိုင်၊ နိုင်ငံတကာသုတေသီကိုကိုလှိုင်၊ သမ္မတဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေးဦးကိုကိုလှိုင် စသဖြင့် ဂုဏ်ပုဒ်မျိုးစုံရှိသူဖြစ်သည်။
သို့သော်မည်သည့်အခြေအနေတွင်မဆို ဦးကိုကိုလှိုင်သည် စစ်တပ်နှင့် စစ်အုပ်ချုပ်ရေးအပေါ် သစ္စာခံခဲ့သူဖြစ်သည်။
ဦးကိုကိုလှိုင်သည်လွန်ခဲ့သည့် ၁၇ နှစ်ကကြုံခဲ့ရသည့် နာဂစ်မုန်တိုင်းတွင် နိုင်ငံတကာကပေးအပ်သည့် အရေးပေါ်ကယ်ဆယ်ရေးအကူအညီများကို ငြင်းပယ်ခဲ့သည့် စစ်အစိုးရ၏လုပ်ရပ်ကို ထောက်ခံကြောင်း သတင်းစာများတွင် ဖွဲ့နွဲ့ရေးသားခဲ့သဖြင့် ပြင်းထန်သည့်ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။
နာဂစ်မုန်တိုင်းတိုက်ခတ်အပြီး တစ်လခန့်အကြာ ၂၀၀၈ မေလ ၂၉တွင် မြန်မာ့အလင်းနှင့်ကြေးမုံသတင်းစာတို့တွင် ဦးကိုကိုလှိုင်က ‘လှိုင်အောင်’ ဆိုသည့်ကလောင်အမည်ဖြင့် “နှစ်အကူးမှာတော့ ပုရစ်ဖူးတို့ဝေကြပေလိမ့်မည်” ဆိုသည့် ဆောင်းပါးကိုရေးသားခဲ့သည်။

ထိုဆောင်းပါးတွင် နာဂစ်ဒုက္ခသည်များကို နိုင်ငံတကာအကူအညီမယူဘဲ ဖားရှာငါးရှာစားရန်၊ ငပိရည်နှင့် နိုင်ငံတကာအကူအညီလဲရန် စသဖြင့်ရေးသားခဲ့သည်။
ဆောင်းပါး၏အစတွင် ဦးကိုကိုလှိုင်က နာဂစ်မုန်တိုင်းကြောင့် သစ်ပင်များကြိုးကျခဲ့သဖြင့် ရွှေတိဂုံ၏စိန်ဖူးတော်ကို သူ၏အိမ်မှလှမ်းဖူးနိုင်သဖြင့် နာဂစ်ကို ကြံဖန်ကျေးဇူးတင်ရသည် အစချီထားသည်။
ထို့နောက်မုန်တိုင်းသင့်သူများအား နိုင်ငံတကာမှအရေးပေါ်အကူအညီပေးရန် ကမ်းလှမ်းမှုများကို ငြင်းပယ်ခဲ့သည့် စစ်အစိုးရ၏လုပ်ရပ်များကို ဆောင်းပါးတွင်ထောက်ခံရေးသားခဲ့သည်။
နိုင်ငံတကာအကူအညီများအနက် အမေရိကန်၏အကူအညီကို စစ်အစိုးရကငြင်းပယ်ခဲ့သည့် ဖြစ်ရပ်မှာ နာဂစ်တွင် အထူးခြားဆုံးဖြစ်ခဲ့သည်။ မုန်တိုင်းတိုက်အပြီး ၁၀ ရက်ခန့်အကြာ အမေရိကန်ရေတပ်မှ USS Essex စစ်သင်္ဘော လေးစင်းသည် မုန်တိုင်းသင့်ပြည်သူများကို အကူအညီပေးရန် ပင်လယ်ဝတွင်စောင့်ဆိုင်းနေခဲ့သည်။
ကယ်ဆယ်ရေးပစ္စည်းတန်ချိန် ၁၅၀၀၀၊ ရဟတ်ယာဉ် ၁၄စင်း နှင့် မရိန်းတပ်သား ၁၀၀၀ ပါဝင်လာသည့် အဆိုပါစစ်သင်္ဘောများသည် ကယ်ဆယ်ရေးလုပ်ရန်အတွက် မြန်မာ့ရေပိုင်နက်ထဲဝင်ခွင့်ရရန် စစ်အစိုးရကို ၁၅ ကြိမ်ထက်မနည်း တောင်းဆိုခဲ့သည်။
နေပြည်တော်မှစစ်ဗိုလ်ချုပ်များသည် ကမ်းကပ်ခွင့်ငြင်းပယ်ခဲ့သဖြင့် အမေရိကန်စစ်သင်္ဘောများသည် ကယ်ဆယ်ရေးမလုပ်နိုင်ဘဲ ပြန်လည်ထွက်ခွာသွားခဲ့ရသည်။
ကယ်ဆယ်ရေးလုပ်ငန်းများကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ပြုရန် တောင်းဆိုမှုများကို ဦးကိုကိုလှိုင်က စစ်အစိုးရနည်းတူ ကန့်ကွက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများလွတ်လပ်စွာလုပ်ကိုင်ရန် တောင်းဆိုမှုများသည် “အိမ်ခြံဝင်းတံခါး၊ အိမ်မကြီးတံခါး၊ အိပ်ခန်းတံခါး၊ မီးဖိုချောင်တံခါးအားလုံးကို ဖွင့်ပေးမှ ကျေနပ် မည့်အဆင့်မျိုးအထိ ရောက်ရှိသွားနိုင်သည်” ဟုဝေဖန်ရေးသားသည်။
“ဂျပန်ခေတ်ကပင် ငတ်၍သေခဲ့သူမရှိ” ဟုလည်း ဦးကိုကိုလှိုင်ကဆိုပြီး မုန်တိုင်းဒဏ်ခံခဲ့ရသည့် မြစ်ဝကျွန်းပေါ်မှ ဒေသခံများကို ဖားရှာ၊ငါးရှားစားကာ အသက်ရှင်အကြံပေးခဲ့သည်။
“…ဧရာဝတီသားတို့အတွက် လယ်ကြား၊ မြောင်းကြားမှဆောင်းအုပ်၊ ခနွဲပတ်၊ ကွန်ပစ် လိုက်ရုံဖြင့် ပရိုတိန်းဓာတ်အပြည့်ပါသော ငါးများဟင်းစားရနိုင်ပါသည်။ သုံးဦးစပ် ငါးပိရည်ကျိုကို ငါးပနော်မီးအုံးထည့်ပြီး လယ်စပ်မှာအလေ့ကျပေါက်နေသော မှိုနားတို၊ ကညွတ်၊ ထိကရုံး စသည့် ဟင်းသီးဟင်းရွက်ပင်များကို လတ်လတ်ဆတ်ဆတ်ခူးကာ တို့မြုပ်၍ စားရလျှင်ပင် မြန်မာလယ်သမားများ ထမင်းစားမြိန်သလို လိုအပ်သော အာဟာရဓာတ်များလည်း အပြည့်အစုံပါပြီးဖြစ်ပါသည်”
“မိုးဦး ကျမှာထွက်လာတတ်သည့် စားဖားဆူဆူကြီးများကိုလည်း ညအခါ မီးအုပ်ဆောင်းဖြင့် ထွက်၍ ရိုက်ဦးမလား၊ စားစရာတွေက ပေါလှ သည်။ နိုင်ငံတကာမှ လှူသည့် ချောကလက်တောင့်များ မစားရလျှင် လည်း ဧရာ၀တီသားကို ကိုယ်အားကိုယ်ကိုး ရှင်သန်နိုင်ပါသည်” စသဖြင့်ရေးသားခဲ့သည်။

နာဂစ်ကိုကိုလှိုင်မှသည် ဖယောင်းတိုင်ကိုကိုလှိုင်အဖြစ်သို့
နာဂစ်အပြီး ၂နှစ်အကြာ ၂၀၁၀ ရွေးကောက်ပွဲမှ တက်လာသည့် သမ္မတဦးသိန်းစိန်သည် သူ၏နိုင်ငံရေးအကြံပေးအဖြစ် ဦးကိုကိုလှိုင်ကိုခန့်အပ်ခဲ့သည်။
ဦးကိုကိုလှိုင်သည် ၁၉၇၂ တွင် မေမြို့ စစ်တက္ကသိုလ်တက်ခဲ့ပြီးနောက် ၃၂နှစ်ကြာစစ်မှုထမ်းခဲ့ပြီးနောက် ၂၀၀၄ တွင် ဒုဗိုလ်မှူးရာထူးဖြင့် အရပ်ဘက်ပြောင်းခဲ့သည်။ အာဏာရှင်ဟောင်းဗိုလ်ချုပ်သန်းရွှေက ဦးကိုကိုလှိုင်ကို စစ်အစိုးရက ပြန်ကြားရေးဌာနတွင် အကြံပေးအရာရှိရာထူးပေးခဲ့သည်။

သမ္မတဦးသိန်းစိန်၏ အကြံပေးအဖြစ်ရှိနေစဉ် ဖယောင်းတိုင်ကိုကိုလှိုင်ဆိုသည့် အမည်အသစ်ထပ်ရခဲ့ပြန်သည်။
၂၀၁၂ နွေရာသီကာလများတွင် ၂၄ နာရီ ၁ရက်တွင် ၆ နာရီခန့်သာ လျှပ်စစ်မီးရသည်ကို မကျေနပ်သူများက ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြသူများအား “…ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာ ကိုယ်ထွန်းပြီးတော့ မီးလေးပိတ်ထားလိုက်ကြပါ။ အားလုံးအဆင်ပြေသွားပါမယ်” ဟုပြောခဲ့သဖြင့် ဝေဖန်ခံခဲ့ရသည်။

ဦးကိုကိုလှိုင်သည် ၂၀၂၁ စစ်ကောင်စီအာဏာသိမ်းပြီးနောက် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးရာထူး ရခဲ့ပြီး သံတမန်များနှင့် ပြည်တွင်းပြည်ပ NGO အဖွဲ့အစည့်းများကို ကြီးကြပ်ရသူဖြစ်လာသည်။
သူသည် ရိုဟင်ဂျာများအပေါ်လူမျိုးတုံးသတ်ဖြတ်မှုနှင့် တရားရင်ဆိုင်နေရသည့် ICJ တွင် စစ်ကောင်စီ ကိုယ်စားလှယ်အဖြစ် သွားရောက်တရားရင်ဆိုင်နေသူလည်းဖြစ်သည်။