နိုင်ငံတွင် သဘာဝကပ်ဘေးကြီးများ ကြုံရတိုင်း စစ်ဗိုလ်ချုပ်များ၏ တစ်ခုတည်းသော ကြိုးပမ်းအားထုတ်မှုမှာ ၎င်းတို့၏ အာဏာအခြေခံအဆောက်အအုံ ယိုင်နဲ့သွားသလား၊ သို့တည်းမဟုတ် စိန်ခေါ်ခံနေရပြီလား ဆိုသည့် အချက်ကို အပြေးအလွှား ဆန်းစစ်ကြပြီး၊ ပြန်လည်ခိုင်မာတောင့်တင်းအောင် တည်ဆောက်ခြင်း ဖြစ်သည်။
ထိုအချက်ကို မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းငလျင်နောက်ပိုင်း တွေ့ရှိခဲ့ရသလို၊ လွန်ခဲ့သော ၁၇ နှစ်ကာလ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ မြန်မာ့သမိုင်းတွင် ဖျက်အားအပြင်းဆုံး နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြီး တိုက်ခိုက်ပြီးနောက် မြန်မာပြည်သူများ တွေ့ကြုံခဲ့ဖူးသည်။
နာဂစ်မုန်တိုင်းကြောင့် ပြည်သူ တစ်သိန်းကျော် သေဆုံးပြီး၊ နှစ်သန်းခွဲခန့် အိုးမဲ့အိမ်မဲ့ အတိဒုက္ခရောက်နေသည့်ကြားမှ အာဏာရှင်ဟောင်း သန်းရွှေသည် တိုင်းပြည်အာဏာကို စစ်ဗိုလ်ချုပ်များကသာ ရာသက်ပန် ထိန်းချုပ် ကြိုးကိုင်ခွင့်ရမည့် အာဏာအုတ်မြစ်ချပွဲကြီး ဖြစ်သော “နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေ” ပြည်သူ့ဆန္ဒခံယူပွဲကို မေလ (၁၀) ရက်နေ့တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
မေလ ၂၆ ရက်နေ့တွင် တစ်နိုင်ငံလုံးလူဦးရေ ၅၇.၅သန်းထဲမှ ဆန္ဒမဲလာရောက်ပေးကြသူ ၉၈.၁၂ ရာခိုင်နှုန်းရှိပြီး၊ ထောက်ခံမဲပေးသူ ၉၂.၄၈ ရာခိုင်နှုန်းရှိသည်ဟု ဆန္ဒခံယူပွဲရလဒ်ကို စစ်အစိုးရ ထုတ်ပြန် ခဲ့သည်။
နာဂစ်မုန်တိုင်းအလွန် တစ်ပတ်အကြာ တစ်နိုင်ငံလုံး ပူဆွေးသောကဖြစ်နေချိန် မုန်တိုင်းဘေးကို အသုံးချပြီး သန်းရွှေသည် ၎င်း၏ အာဏာအုတ်မြစ်ချပွဲကို ရွှေ့ဆိုင်းခြင်းမရှိဘဲ ဆင်းရဲဒုက္ခပင်လယ်ဝေနေကြသော ပြည်သူ များကို အတင်းအကျပ် မဲထည့်ခိုင်းပြီး ကမ္ဘာပေါ်တွင် ဘယ်နိုင်ငံမှာမှ မရှိဖူးသော ရာခိုင်နှုန်းများကို ထုတ်ပြန် ကြေညာခဲ့သည်။ တနည်းအားဖြင့် မဲဆန္ဒရှင် ၁၀၀ လျှင် ၉၂ ဦးက ၎င်းတို့ကို ထောက်ခံသည် ဟု မျက်နှာပြောင်တိုက် ကြေညာရဲသော အာဏာရှင်၏ အရှက်သိက္ခာမဲ့မှုအတွက် ပြည်သူများအကြား ပြောစရာ စကားပင်မရှိ ဖြစ်ခဲ့ရသည်။
မကောင်းဆိုးဝါး စစ်ဗိုလ်ချုပ်များ၏ အာဏာရမ္မက် ပြင်းပြမှုကို လူတစ်သိန်းကျော်သေသော နာဂစ်မုန်တိုင်းကာလ၊ ပြင်းထန်သော ၂၀၂၅ ငလျင်ကာလတို့တွင် ထင်ထင်ရှားရှား တွေ့ရမည် ဖြစ်သည်။
သဘာဝဘေးထက်ဆိုးရွားသော စစ်ဗိုလ်ချုပ်များ၏ နာဂစ်ဖွဲ့စည်းပုံ သို့မဟုတ် သဘာဝဘေးထက်ဆိုးရွားသော လူသတ်ယန္တယားကြီးအကြောင်း ဆောင်းပါးရှင် ‘သုတဇော်’ ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။



