ဆောင်းပါးအတွေးအမြင်

နာဂစ်ဖွဲ့စည်းပုံ သို့မဟုတ် သဘာဝဘေးထက်ဆိုးရွားသော လူသတ်ယန္တရားကြီး

မကောင်းဆိုးဝါး စစ်ဗိုလ်ချုပ်များ၏ အာဏာရမ္မက် ပြင်းပြမှုကို လူတစ်သိန်းကျော်သေသော နာဂစ်မုန်တိုင်းကာလ၊ ပြင်းထန်သော ၂၀၂၅ ငလျင်ကာလတို့တွင် ထင်ထင်ရှားရှား တွေ့ရမည် ဖြစ်သည်။

နိုင်ငံတွင် သဘာဝကပ်ဘေးကြီးများ ကြုံရတိုင်း စစ်ဗိုလ်ချုပ်များ၏ တစ်ခုတည်းသော ကြိုးပမ်းအားထုတ်မှုမှာ ၎င်းတို့၏ အာဏာအခြေခံအဆောက်အအုံ ယိုင်နဲ့သွားသလား၊ သို့တည်းမဟုတ် စိန်ခေါ်ခံနေရပြီလား ဆိုသည့် အချက်ကို အပြေးအလွှား ဆန်းစစ်ကြပြီး၊  ပြန်လည်ခိုင်မာတောင့်တင်းအောင် တည်ဆောက်ခြင်း ဖြစ်သည်။ 

ထိုအချက်ကို မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းငလျင်နောက်ပိုင်း တွေ့ရှိခဲ့ရသလို၊ လွန်ခဲ့သော ၁၇ နှစ်ကာလ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ မြန်မာ့သမိုင်းတွင် ဖျက်အားအပြင်းဆုံး နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြီး တိုက်ခိုက်ပြီးနောက် မြန်မာပြည်သူများ တွေ့ကြုံခဲ့ဖူးသည်။ 

နာဂစ်မုန်တိုင်းကြောင့် ပြည်သူ တစ်သိန်းကျော် သေဆုံးပြီး၊ နှစ်သန်းခွဲခန့် အိုးမဲ့အိမ်မဲ့ အတိဒုက္ခရောက်နေသည့်ကြားမှ အာဏာရှင်ဟောင်း သန်းရွှေသည် တိုင်းပြည်အာဏာကို စစ်ဗိုလ်ချုပ်များကသာ ရာသက်ပန် ထိန်းချုပ် ကြိုးကိုင်ခွင့်ရမည့် အာဏာအုတ်မြစ်ချပွဲကြီး ဖြစ်သော “နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေ” ပြည်သူ့ဆန္ဒခံယူပွဲကို မေလ (၁၀) ရက်နေ့တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ 

သိန်းနှင့်ချီ သေဆုံးသူများ၏ ရက်လည်နာရေးကျင်းပနေကြချိန် မေလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သော ထိုဆန္ဒခံယူပွဲကို နာဂစ်မုန်တိုင်းဘေးဒဏ် ခံစားရသောမြို့နယ်ကို ချန်လှပ်ခဲ့ပြီး ၂၇၈ မြို့နယ်တွင် ကျင်းပခဲ့သော်လည်း၊  နာဂစ်မုန်တိုင်း အပြီး ရက်သတ္တပတ် ၃ပတ်အကြာ မေလ ၂၄ ရက်နေ့သို့ ရောက်သောအခါ မုန်တိုင်းဘေးဒဏ်ခံ ၄၇ မြို့နယ်တွင် ထပ်မံ ကျင်းပခဲ့သည်။ 

မေလ ၂၆ ရက်နေ့တွင် တစ်နိုင်ငံလုံးလူဦးရေ ၅၇.၅သန်းထဲမှ ဆန္ဒမဲလာရောက်ပေးကြသူ ၉၈.၁၂ ရာခိုင်နှုန်းရှိပြီး၊ ထောက်ခံမဲပေးသူ ၉၂.၄၈ ရာခိုင်နှုန်းရှိသည်ဟု ဆန္ဒခံယူပွဲရလဒ်ကို စစ်အစိုးရ ထုတ်ပြန် ခဲ့သည်။ 

နာဂစ်မုန်တိုင်းအလွန် တစ်ပတ်အကြာ တစ်နိုင်ငံလုံး ပူဆွေးသောကဖြစ်နေချိန် မုန်တိုင်းဘေးကို အသုံးချပြီး သန်းရွှေသည် ၎င်း၏ အာဏာအုတ်မြစ်ချပွဲကို ရွှေ့ဆိုင်းခြင်းမရှိဘဲ ဆင်းရဲဒုက္ခပင်လယ်ဝေနေကြသော ပြည်သူ များကို အတင်းအကျပ် မဲထည့်ခိုင်းပြီး ကမ္ဘာပေါ်တွင် ဘယ်နိုင်ငံမှာမှ မရှိဖူးသော ရာခိုင်နှုန်းများကို ထုတ်ပြန် ကြေညာခဲ့သည်။ တနည်းအားဖြင့်   မဲဆန္ဒရှင် ၁၀၀ လျှင် ၉၂ ဦးက ၎င်းတို့ကို ထောက်ခံသည် ဟု မျက်နှာပြောင်တိုက် ကြေညာရဲသော အာဏာရှင်၏ အရှက်သိက္ခာမဲ့မှုအတွက် ပြည်သူများအကြား ပြောစရာ စကားပင်မရှိ ဖြစ်ခဲ့ရသည်။ 

စစ်အုပ်ချုပ်ရေးလက်ထက်တွင် ဝန်ကြီးချုပ်ဖြစ်နေသူ ဗိုလ်ချုပ်ကြီး သိန်းစိန် မေလ ၃ ရက် ၂၀၀၈ တွင် ဖွဲ့စည်းပုံဆန္ဒခံယူပွဲမဲထည့်နေပုံ (AFP)

နောင် ၆နှစ်အကြာ ၂၀၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအချက်အလက်များကို ကုလသမဂ္ဂအကူအညီဖြင့် သိန်းစိန်အစိုးရက ကောက်ခံလိုက်ရာ နိုင်ငံလူဦးရေ ၅၁.၄၉ သန်းရှိကြောင်း ကြေညာခဲ့သည်။ နာဂစ်ခြေ/ဥကို ဆန္ဒခံယူပွဲလုပ်စဥ်က လူဦးရေထက် ၆.၀၁သန်းကျော် ပျောက်ဆုံးနေသည်။ ထိုအချိန်ကျမှ သန်းရွှေ၏ အလိမ် အညာများ ဗူးပေါ်သလို ပေါ်လာသည်။ စစ်ဗိုလ်ချုပ်များ တိတ်ဆိတ်နေကြသည်၊ အရပ်သား လွှတ်တော်အမတ်တချို့ လွှတ်တော်အတွင်း မေးခွန်းထုတ်သံသဲ့သဲ့ ကြားဖူးပြီး တိတ်ဆိတ်သွားသည်။ ပြည်သူများက သိကြ သော်လည်း မည်သို့မျှမတတ်နိုင်ပေ။ 

သို့သော် စစ်ဗိုလ်ဟောင်းတချို့က ထိုကာလအတွင်း နိုင်ငံသားတချို့ ပြည်ပထွက်ခွာ အလုပ်လုပ်ကြ၍ဟု ဆင်ခြေပေးကြသည်။ သို့သော် မြန်မာနိုင်ငံ၏ လူဦးရေသည် ဆယ်စုနှစ်ပေါင်းများစွာ မပြောင်းမလဲ တိုးပွားနေပြီး၊ လူဦးရေကျဆင်းသော နိုင်ငံအမျိုးအစား မဟုတ်ပေ။ သန်းရွှေသက်ရှိထင်ရှား ရှိနေသေးသည်၊ လူ ၆.၀၁သန်း ပျောက်ဆုံးသွားသည့်ကိစ္စ ဖြေရှင်းရန် တာဝန်အရှိဆုံးသူမှာ သန်းရွှေဖြစ်သည်။ သန်းရွှေကို ဆက်ခံသူ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နာဂစ်ခြေ/ဥအကြောင်းပြောတိုင်း ပြည်သူ ၉၂.၄၈ ရာခိုင်နှုန်း ထောက်ခံထားသော ခြေ/ဥ ဖြစ်ကြောင်း အကြိမ်ကြိမ်ရွတ်ဖတ်နေလေတော့သည်။ သူဆရာ လိမ်ခဲ့သည့်အတိုင်း ထပ်ခါ ထပ်ခါ လိမ်နေသူ ဖြစ်သည်။

အာဏာရှင်ဟောင်း သန်းရွှေ၏ စိတ်နေစိတ်ထားသည် စစ်ဗိုလ်ချုပ်များ၏ စိတ်နေစိတ်ထားကို အမှန်ကန်ဆုံး လေ့လာအကဲဖြတ်နိုင်သည့် “စံပြုသင်ခန်းစာ” (A textbook example of the generals’ mindset) ဖြစ်သည်။ ၎င်း၏ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေသည် သဘာဝဘေးထက် ဆိုးရွားသော လူသတ်ယန္တရားကြီး ဖြစ်လာခြင်းကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့်အတူ ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရပြီ ဖြစ်သည်။ 

၂၀၀၈ နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အကြီးအကျယ် ပျက်စီးပြီး လူပေါင်း တစ်သိန်းကျော် အသေအပျောက် ရှိခဲ့သည်။  (ဓာတ်ပုံ – AFP)

ဒေါ်အောင်ဆန်းစုကြည်ထံမှ အာဏာလုရန် နာဂစ်ခြေ/ဥ ကို ကုလားဖန်ထိုးခဲ့သော မင်းအောင်လှိုင် 

အာဏာရှင်ဟောင်း သန်းရွှေသည် နာဂစ်ခြေ/ဥကို အသက်သွင်းပြီးသည့်အခါ ၎င်းကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် နောက်ကြောင်းပြန် တရားစွဲ ဖမ်းဆီးထောင်ကျမည့် အန္တရာယ်မှ လွတ်မြောက်ခဲ့ပြီး၊ နာဂစ်ခြေ/ဥ ၏ အပြည့်အဝကာကွယ်မှုကို ရရှိသွားခဲ့သည်။ ယင်းသည် သန်းရွှေ၏ နာဂစ်ကပ်ဘေးကို အသုံးချပြီး ၎င်း၏ အကျိုးစီးပွားကို ကာကွယ်ရန် လုပ်ဆောင်ခဲ့သော သက်သေပင် ဖြစ်သည်။

ထို့ကြောင့် သန်းရွှေသည် ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကို အမှားအယွင်းမရှိ သေချာစီစဥ်ကာ ၎င်း၏စစ်အစိုးရ အဖွဲ့ဝင်များကို လူဝတ်လဲ၍ အရပ်သားနိုင်ငံရေးသမားများအသွင် ဖန်ဆင်းပြီး၊ တိုင်းပြည်ကို ဆက်လက် ဦးဆောင်စေခဲ့သည်။ ၎င်းကိုယ်တိုင်နှင့် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတချို့သာ ရာထူးမှ အနားယူခဲ့သည်။ 

သန့်ရွှေသည် စစ်ဖက်နှင့် အရပ်ဖက် အာဏာအခြေခံအဆောက်အုံများကို နှစ်ရှည်လများ စိတ်တိုင်းကျ စီစဥ်ခဲ့ပြီး၊ အာဏာဖြန့်ခွဲမှုများပြုလုပ်လျက် ၎င်း၏ လက်အောက်ငယ်သား စစ်ဗိုလ်ချုပ်များကို အာဏာခွဲပေးခဲ့သည်။ သမ္မတအာဏာရရှိသွားသော သိန်းစိန်သည် စစ်အစိုးရတွင် ဝန်ကြီးချုပ်တာဝန်ကို ယူခဲ့သူဖြစ်ပြီး၊ ၎င်းတို့၏ လက်ထဲ အာဏာခိုင်မြဲသွားပြီဟု ယူဆကာ ဒေါ်အောင်ဆန်းစုကြည်ကို နယ်ရုပ်တစ်ခုလို ကစားရန် ကြံစည်ခဲ့သည်။

နာဂစ်ဘေးသင့်နေသည့် ကော့မှုးမြို့နယ်တွင် ဖွဲ့စည်းပုံအခြေခံဥပေဒ ဆန္ဒခံယူပွဲလုပ်နေပုံ (AFP)

သို့သော် သိန်းစိန်၏ ခြေလှမ်းတစ်ချက်အမှားက ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ခွက်ခွက်လန်ရှုံးနိမ့်မှုနှင့် ရင်ဆိုင်လိုက်ရပြီး၊ မလွှဲပေးချင်သောအာဏာကို လွှဲပေးခဲ့ရလေသည်။ ထိုအချိန်ကစ၍ ကြံ့ခိုင်ရေးပါတီအတွင်းရှိ စစ်ဗိုလ်ချုပ်ဟောင်းများ ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ပြီး ၆လ အတွင်း အာဏာပြန်ယူမည်ဟု ကြိမ်းဝါးခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုအရည်အချင်းကြောင့် အခွင့်မသာခဲ့ကြပါ။ 

ဤသို့ဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရာသီ ရောက်ရှိလာခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကပ်ဘေးကို မြန်မာနိုင်ငံတွင်လည်း စတင်ရင်ဆိုင်လာရချိန် ဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်နေပြီ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံ အရပ်သားအစိုးရက အရှေ့တောင်အာရှတွင် ထိုကပ်ဘေးကို အကောင်းဆုံး တုံ့ပြန်ဆောင်ရွက်နေခြင်းကြောင့် နိုင်ငံတကာ၏ ချီးကျူးခြင်း ခံနေရချိန်လည်း ဖြစ်သည်။ 

ကိုဗစ်-၁၉ ကပ်ဘေးကို ဦးဆောင်မှုပေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲတွင် ပြည်သူများက မဲအပြတ်အသတ်ဖြင့် ထပ်မံရွေးချယ်ကြလိမ့်မည်ဖြစ်ကြောင်း စစ်ဗိုလ်ချုပ်များ အထင်အရှား တွေ့မြင်လာရသည်။ ထို့ကြောင့် စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ဗိုလ်ချုပ်ဟောင်းများက ရွေးကောက်ပွဲ ရွှေ့ဆိုင်းရေး ကျယ်ကျယ်လောင်လောင် ဟစ်ကြွေးကြသည်။ 

စင်စစ် ထိုလုပ်ရပ်သည် ဖျက်အားပြင်းမုန်တိုင်းကြောင့် တိုင်းပြည်ဒုက္ခ အကြီးအကျယ်ကျရောက်ခဲ့သည့် အချိန်တွင် ပြည်သူဆန္ဒခံယူပွဲကို မရွှေ့ဆိုင်းခဲ့ဘဲ အတင်းအကျပ်လုပ်ခဲ့သော စစ်ဗိုလ်ချုပ်များ၏ “မိချောင်းမျက်ရည်” ဖြစ်ပြီး၊ အတိတ်မေ့လွယ်ကြသော နိုင်ငံရေးပါတီများက ထောက်ခံခဲ့ကြသည်ကိုလည်း မမေ့အပ်ပါ။  

ရွေးကောက်ပွဲတွင် ရှုံးနိမ့်လျှင် အာဏာသိမ်းရန် အစီအစဥ်ရေးဆွဲထားသော မင်းအောင်လှိုင်သည် ထိုအချက်ကို အာဏာသိမ်းခဲ့ရသည့် အကြောင်းတရားတစ်ခုအဖြစ် အသုံးချခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီအစည်းအဝေးများတွင် မကြာခဏ ထုတ်ဖော်ပြောဆိုခဲ့မှုများက သက်သေခံနေသည်။

နိုင်ငံတော်အာဏာကို ၁၉၆၂ ခုနှစ်ကတည်းက နည်းလမ်းအမျိုးမျိုးဖြင့် ထိန်းချုပ်ထားသော စစ်ဗိုလ်ချုပ်တို့၏ အလိမ်အညာများကို ယုံစားကြသူများထဲ နိုင်ငံတကာအသိုက်အဝန်းထဲမှ အစိုးရခေါင်းဆောင်များ၊ သံတမန်များ၊ ပညာရှင်များလည်း ခေတ်အဆက်ဆက် အများအပြား ပါဝင်ခဲ့ကြသည်။

အာဏာမှလွဲ၍ မည်သည့်အရာကိုမျှ အလေးမထားတတ်သော မြန်မာစစ်ဗိုလ်ချုပ်များနှင့် ထိတွေ့ဆက်ဆံမှသာ မြန်မာ့ပြဿနာကို အဖြေရှာနိုင်မည်ဟု ထိုသူများအကြား ယနေ့အချိန်ထိ ယုံကြည်နေကြဆဲ ဖြစ်သည်မှာ အံ့ဩဖွယ်အတိပင်။ ၎င်းတို့အထဲ အရှေ့တောင်အာရှနိုင်ငံများအသင်း၏ ခေတ်အဆက်ဆက် ခေါင်းဆောင်များ ထိပ်ဆုံးမှ ပါဝင်သည်။ ယနေ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင် အထိ နိုင်ငံတကာအသိုက်အဝန်းသည် စစ်ဗိုလ်ချုပ်များထံမှ မျှော်လင့်နေဆဲပင်။  အာဏာမှလွဲ၍ မည်သည့် အရာမျှ ဂရုမစိုက်သော  စစ်ဗိုလ်ချုပ်များ၏ အဇ္စတ္တစိတ်ရိုင်းကို မှန်ကန်စွာရှုမြင် သင်ခန်းစာယူနိုင်ခြင်း မရှိသည်ကိုလည်း မျက်မြင်တွေ့နေရသည်။

စစ်ဗိုလ်ချုပ်တို့၏ အဇ္စတ္တစိတ်ရိုင်း နမူနာများ

ယခုအခါ စစ်ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) ဝန်ကြီးအဖြစ် တာဝန်ယူထားသူ၊ မင်းအောင်လှိုင် ယုံကြည့်စိတ် ချရသော လူနည်းစုထဲမှ တစ်ဦးဖြစ်သူ စစ်ဗိုလ်ဟောင်း ကိုကိုလှိုင်၏ လွန်ခဲ့သော (၁၇) နှစ် နာဂစ်သဘာဝဘေး အန္တရာယ်ကြီးကျရောက်ချိန် တုံ့ပြန်ပုံစိတ်နေစိတ်ထားနှင့် မင်းအောင်လှိုင်ကိုယ်တိုင် စစ်ကိုင်းငလျင်ဘေးကျရောက်ချိန် တုံ့ပြန်ပုံစိတ်နေစိတ်ထားများကို Myanmar Now က  လေ့လာခဲ့ပါသည်။ 

ထိုဆရာတပည့်နှစ်ဦး၏ တုံ့ပြန်မှုများမှတစ်ဆင့် မြန်မာစစ်ဗိုလ်ချုပ်များ၏ စိတ်နေစိတ်ထားကို အကောင်းဆုံး ထင်ဟပ်နိုင်သော နောက်ထပ် စံနမူနာအဖြစ် ပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်းကို ပြန်လည်ဖော်ထုတ် တင်ပြလိုပါသည်။

ပထမ ဦးစွာ ကိုကိုလှိုင် မည်သူဖြစ်သည်ကို သိထားရန် လိုပါသည်။ ၁၉၇၆ ခုနှစ် စစ်တက္ကသိုလ်ကျောင်းဆင်းပြီး ပြန်တမ်းဝင် စစ်အရာရှိဖြစ်လာသော ကိုကိုလှိုင်သည် အာဏာရှင်ဟောင်း သန်းရွှေလက်ထက်  စစ်ဗိုလ် အသိုင်းအဝိုင်းတွင် ရှားရှားပါးပါး စစ်ဗိုလ် သုတေသနပညာရှင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂၀၀၄ ခုနှစ်တွင် အရပ်ဖက်ရာထူးဖြင့် ပြန်ကြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေခဲ့သူဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ဗိုလ်ချုပ် ကြီးဟောင်းမှ သမ္မတဖြစ်လာသူ သိန်းစိန်အစိုးရ၏ သမ္မတအကြံပေးအဖွဲ့ဝင်ဖြစ်လာသည်အထိ စစ်ခေါင်းဆောင်များ၏ ယုံကြည်မှုကို အဆင့်ဆင့် တည်ဆောက်ယူနိုင်ခဲ့သူ ဖြစ်သည်။ သန်းရွှေစစ်အစိုးရလက်ထက် ကလောင်ဝှက် အမျိုးမျိုးဖြင့် သတင်းစာများတွင် ဝါဒဖြန့်ဆောင်းပါးများရေးသားခဲ့သူလည်း ဖြစ်သည်။

၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ နာဂစ်မုန်တိုင်း တိုက်ခိုက်အပြီး၊ မေလ ၂၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ကိုကိုလှိုင်သည် “လှိုင်အောင်” ကလောင်အမည်ဖြင့် “နှစ်အကူးမှာတော့ ပုရစ်ဖူးတို့ ဝေကြပေလိမ့်မည်” ဆိုသည့် ဆောင်းပါးကို ရေးသားခဲ့သည်။

ထိုဆောင်းပါးအဖွင့် ပထမစာပိုဒ်တွင် “မကောင်းဆိုးရွား မုန်တိုင်းကိုပင် ကြံဖန်ကျေးဇူးတင်ရသည်” ဟူသော ကိုကိုလှိုင်၏ ရေးသားချက်သည် ပြည်သူ ၁၄၀,၀၀၀ ကျော် ဖြုတ်ခနဲ  ရေနစ်သေဆုံးခဲ့ရပြီး၊ ဘေး ဒုက္ခဆိုးကြီးမှ ရှင်သန်ကျန်ရစ်သူများ ဝမ်းနည်းပူဆွေးသောကရောက်နေချိန် စစ်ဗိုလ်ချုပ်တို့၏ အဇ္စတ္တစိတ် ကို အမှန်ကန်ဆုံး ဖော်ပြခဲ့သော “စံပြုသင်ခန်းစာ” ဖြစ်ပေသည်။

ထိုစာပိုဒ် အပြည့်အစုံမှာ “နာဂစ်မုန်တိုင်းကြောင့် အိမ်ရှေ့မှ သစ်ပင်ကြီးတစ်ပင် လဲကျသွားခဲ့သောကြောင့် လည်းကောင်း၊ ဘုရားငါးဆူကုန်းပေါ်မှ သစ်ပင်များ လေဒဏ်ခံရ၍ ရှိသမျှ သစ်ရွက်သစ်ခက်များ လေနောက်ပါ သွားကာ အရိုးပြိုင်းပြိုင်း ဖြစ်ကုန်ကြ၍ လည်းကောင်း၊ မြင်ကွင်းရှင်းသွားခြင်းကြောင့် အိမ်ဝရန်တာမှ လှမ်း မျှော်ကြည့်လိုက်လျှင် ရွှေရောင်တဝင်းဝင်းနှင့် ရွှေတိဂုံဘုရားကြီးကို အထက်ပစ္စယံအနားအထိ ဖူးမျှော်ခွင့်ရခဲ့သည်။ ယခင်က ညအခါ ဆလိုက်မီးရောင်မျှသာ မြင်ရပြီး ကံကောင်း၍ စိန်ဖူးတော်ကို မြင်ခွင့်ရခဲ့ရာမှ နာဂစ် ကျေးဇူးကြောင့် မပင်မပန်းဘုရားဖူးရပေသည်ဟု မကောင်းဆိုးရွား မုန်တိုင်းကိုပင် ကြံဖန်ကျေးဇူးတင်ရသည်” ဟု ဖြစ်သည်။   

ထိုစာကို ကိုကိုလှိုင် မည်သည့်စိတ်ထားဖြင့် ရေးသားနိုင်ခဲ့သနည်း။ ထိုအချိန်က ကိုကိုလှိုင်သည် အာဏာရှင် ဟောင်း သန်းရွှေအစိုးရ၏ ပြည်သူများကို ငြိမ်ဝပ်ပိပြားစေရန် ဝါဒဖြန့်မှိုင်းတိုက်မှုမျိုးစုံကို တာဝန်ယူလုပ် ဆောင်နေသော စစ်အရာရှိတစ်ဦး ဖြစ်သည်ကို မမေ့အပ်ပေ။  

ကိုကိုလှိုင် ဆောင်းပါးကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာကြည့်သည်အခါ ကိုကိုလှိုင်သည် ၎င်း၏ အတ္တစိတ်ကို “အကောင်းမြင်စိတ်” ရှိလေဟန် ထိုဆောင်းပါးတွင် ဖော်ကျူးထားသည်၊ မုန်တိုင်းဘေးဆိုးကြီး ကျရောက်ခဲ့သည့်တိုင် စစ်ဗိုလ်များ၏ ဘာသာသာသနာအရေး မည်မျှကိုင်းရှိုင်းကြောင်း သူမတူအောင် ကြွားလုံးထုတ်မှုကိုလည်း တွေ့ရပေလိမ့်မည်။ 

သို့သော် စစ်ဗိုလ်ချုပ်များ ပြည်သူတို့အပေါ် လူသားစာနာစိတ် ကင်းမဲ့မှု၊ လူသားတစ်ဦးတွင် ရှိအပ် သော လူသားဆန်သောစိတ်ထားများ ပျောက်ဆုံးနေမှုများကို ထိုစာပိုဒ်က ရှင်းရှင်းလင်းလင်း တွေ့မြင်နေရ သည်။  ယခုအခါ ကိုကိုလှိုင် အရှင်သခင်ဖြစ်သူ မင်းအောင်လှိုင်၏ စစ်ကိုင်းငလျင်ဘေးကြီးအပြီး တုံ့ပြန်ပုံကလည်း အလားတူ ဖြစ်သည်ကို  လေ့လာတွေ့ရှိရသည်။ 

မုန်တိုင်းကြောင့် အိုးအိမ်ပျက်စီးသွားသည့် ဧရာဝတီတိုင်း လပ္ပတ္တာမြို့နယ်မှ ဒေသခံမိသားတစ်စု။ (ဓာတ်ပုံ - AFP)
မုန်တိုင်းကြောင့် အိုးအိမ်ပျက်စီးသွားသည့် ဧရာဝတီတိုင်း လပ္ပတ္တာမြို့နယ်မှ ဒေသခံမိသားတစ်စု။ (ဓာတ်ပုံ – AFP)

မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီး ၄ ရက်အကြာတွင် စစ်ခေါင်းဆောင် မင်းအောင် လှိုင်က မာရဝိဇယ စကျင်ကျောက်ဆင်းတုကြီး ငလျင်ဘေးသင့်မသင့် သွားရောက်စစ်ဆေးကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာတွင် ဖော်ပြခဲ့သည်။

ထိုကျောက်ဆင်းတုကြီး ငလျင်ဘေး လုံးဝမသင့်ခဲ့ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အစီရင်ခံကြရာတွင် မင်းအောင်လှိုင် က ထိုကျောက်ဆင်းတုကြီး စတင်တည်ဆောက်စဥ်ကပင် “လေပြင်းတိုက်ခတ်မှုဒဏ် ခံနိုင်ရေး၊ မြေငလျင်ဒဏ်ခံနိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်များမှ ခံနိုင်မှုရှိစေရေး စနစ်တကျတွက်ချက်တည် ဆောက်ခဲ့မှုနှင့် ခေတ်မီနည်းပညာများ အသုံးပြုတည်ဆောက်ခဲ့မှုကြောင့် ယခုကဲ့သို့ ပြင်းထန်ငလျင်ဖြစ်ပေါ်ခဲ့ သည့်အချိန်တွင်…တိမ်စောင်းခြင်း၊ နိမ့်ကျခြင်း၊ တွဲဆက်ထားသည့်အပိုင်းများ ကွဲအက်ခြင်းတို့ (လုံး၀) မရှိခဲ့ ခြင်း ဖြစ်ကြောင်း” ကြွားလုံးထုတ်ခဲ့သည်။  

မင်းအောင်လှိုင်နှင့် ကိုကိုလှိုင် ဆရာတပည့်နှစ်ဦး နာဂစ်မုန်တိုင်းနှင့် စစ်ကိုင်းငလျင်အလွန် ၎င်းတို့၏ ဘာသာရေးကိုင်းရှိုင်းပုံ ကြွားလုံးအသီးသီး ထုတ်ကြခြင်းက ရှားရှားပါးပါး တိုက်ဆိုင်မှု မဟုတ်ပါ။ ယင်းသည် စစ်ဗိုလ်ချုပ်များ၏ အဇ္စတ္တအတွင်း အာဏာရမ္မက်ခိုးများ ပြည့်လျှံကိန်းအောင်းနေသော မာရ်နတ်၏ မကောင်း ဆိုးရွားစိတ်ဓာတ်ကို အများပြည်သူရှေ့မှောက်တွင် ဘာသာရေးကိုင်းရှိုင်းလေဟန် ပုံဖော်ထားခြင်း ဖြစ်သည်။

နာဂစ်ကို ကျေးဇူးတင်ခဲ့သော ကိုကိုလှိုင်သည် စစ်ကိုင်းငလျင်ဘေးကြီးကျရောက်ခဲ့ပြီး လူ့အသက် ထောင်နှင့်ချီ သေကြေခဲ့ရချိန်၊ အိုးအိမ်ပေါင်း သောင်းနှင့်ချီ ပြိုကျပျက်စီးခဲ့ရချိန်၊ ပြည်သူပေါင်း သိန်းနှင့်ချီ နေ့ခြင်းညခြင်း လမ်းဘေးတွင် တဲထိုး၍ ဒုက္ခဆင်းရဲခံစားနေရချိန်တွင် မင်းအောင်လှိုင်၏ စစ်ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီး (၂) ဖြစ်နေပြီး၊ အာဆီယံလူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး စင်တာ (ASEAN Humanitarian Assistance Center – AHA Center) မှ အကူအညီပေးရေးလုပ်ငန်းများတွင် စစ်ကောင်စီဖက်မှ တာဝန်ယူဆောင်ရွက်နေသူ တစ်ဦးလည်း ဖြစ်နေသည်။

ဒုက္ခဆင်းရဲတွင်းထဲ ရောက်နေသော မြန်မာပြည်သူများအဖို့ရာ သဘာဝဘေးအန္တရာယ်ကြီးများ ကျရောက်တိုင်း၊ ထောင်သောင်းချီသော ပြည်သူများ အသက်သေဆုံးကြရ၊ အိုးအိမ်စည်းစိမ်များ ဆုံးရှုံးကြရတိုင်း၊ နိုင်ငံတကာအသိုက်အဝန်းကြီးက အပြေးရောက် ရှိလာပြီး ဝိုင်းဝန်းကူညီ ဖေးမကြသဖြင့် “ငါတို့ကို ကူညီမယ့်သူတွေ ရှိပါသေးလား” ဟု ဆိုကာ  ဘဝများ ပြန်လည်ထူထောင်နိုင်ရေး စိတ်ခွန်အား ရရှိစေပါသည်။ 

သို့သော် မင်းအောင်လှိုင်နှင့် ကိုကိုလှိုင်တို့ကဲ့သို့ စစ်ဗိုလ်ချုပ်များ၏ ပြည်သူကို စစ်ခင်း၊ ဗုံးကြဲသတ်ဖြတ်နေ ခြင်းကြောင့် ပြည်သူများ ပို၍ဆင်းရဲဒုက္ခရောက်ကြရသည်မှာ သဘာဝဘေးဒုက္ခထက် အဆများစွာ ဆိုးရွားပြီး၊ မဆုံးနိုင်သော ထိုစစ်ဘေးဒုက္ခကို နိုင်ငံတကာအသိုက်အဝန်းက လွန်ခဲ့သော ၄ နှစ်လုံးလုံး လက်ပိုက်ကြည့်နေခဲ့ သည်မှာ ကျင့်ဝတ်သိက္ခာကင်းမဲ့လွန်းလှသည်။ 

ယခုအခါ နာဂစ်ခြေ/ဥသည် လူသတ်ယန္တရားကြီးဖြစ်နေပြီး ထိုယန္တရားကြီးကို ဖြိုချပြီး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ပြည်သူအားဖြင့် ဆက်လက်တိုက်ပွဲဝင်ကြရမည် ဖြစ်ကြောင်း နာဂစ်နှစ်ပတ်လည်နေ့တွင် သုံးသပ်တင်ပြလိုက်ရပါသည်။ 

Related Articles

Back to top button