စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းသပိတ်စခန်းကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက ယမန်နေ့ (မတ် ၂၈) ရက်နေ့တွင် အင်အားသုံးပစ်ခတ်ဖြိုခွဲခဲ့၍ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးအပါအဝင် ငါးဦး ကျဆုံးခဲ့သည်။
ပစ်ခတ်ဖြိုခွဲမှုကြောင့် Women for Justice (WJ) အဖွဲ့ခေါင်းဆောင် အသက် ၃၇ နှစ်အရွယ် ဒေါ်အားခူ၊ အသက် ၃၀ နှစ်အရွယ် ကိုမင်းညို၊ အသက် ၂၅ နှစ်အရွယ် ကိုအားချစ်၊ အသက် ၂၇ နှစ် အရွယ် ကိုထန်ဟောမ်လျန်န်၊ အသက် ၂၀ နှစ်အရွယ် ကိုဆန်းသဲရာတို့ ကျဆုံးခဲ့သည်။
တာဟန်းသပိတ်စခန်းကို စစ်ကောင်စီ၏ လက်နက်ကိုင်များက မွန်းလွဲ ၂ နာရီဝန်းကျင်ကတည်းက ညပိုင်းအထိ အသံဗုံးများ၊ လက်ပစ်ဗုံးများ၊ စက်သေနတ်များ အသုံးပြုဖြိုခွဲခဲ့ပြီး အရပ်သားပြည်သူ ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၆ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု ဆန္ဒပြပွဲတွင် ပါဝင်နေသူတစ်ဦးက ပြောသည်။
ဗိုလ်ချုပ်လမ်းမပေါ်ရှိ တာဟန်းသပိတ်စခန်းအတွင်းမှ ဆန္ဒပြပြည်သူများကလည်း လေသေနတ်များ၊ အမဲလိုက်ရာတွင် အသုံးပြုသည့် တူမီးသေနတ်များဖြင့် ပြန်လည်ခုခံသည့်အတွက် လက်နက်ကိုင်တပ်များလည်း ထိခိုက်ကျဆုံးမှုများရှိသည်ဟု ဒေသခံများက ပြောသည်။
လက်နက်ကိုင်များ၏ သေဆုံး၊ ထိခိုက်ဒဏ်ရာရသူ အရေအတွက်နှင့် ပတ်သက်ပြီး Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယမန်နေ့က အပြင်းအထန်ပစ်ခတ်ဖြိုခွဲခံရသည့် တာဟန်းသပိတ်ခံတပ်ကို ဆန္ဒပြပြည်သူများက ယနေ့ နံနက်ပိုင်းတွင် ပြန်လည်တည်ဆောက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြလျက်ရှိသည်။



