
ငလျင်ဘေးကြောင့် ယာယီ အပစ်ရပ်ကြေညာထားသော်လည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေရာ ယမန်နေ့ (ဧပြီ ၁၀) တစ်ရက်တည်းတွင် နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းမှ အရပ်သား ၂ ဦးသေဆုံးခဲ့သည်။
ယမန်နေ့ နေ့လယ်က စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့အရှေ့ဘက် ၉ မိုင်ခန့်အကွာ အင်ပင်လှရွာ စာသင်ကျောင်းနှင့် အနီးဝန်းကျင်ကို လေယာဉ်က ဗုံးနှစ်လုံးကြဲခဲ့ရာ အသက် ၁၃ နှစ်အရွယ် မိန်းကလေး ပွဲချင်းပြီးသေဆုံးခဲ့သည်။
စစ်ဘေးရှောင်မိသားစုတချို့ခိုလှုံနေသည့် စာသင် ကျောင်းနှင့် ထိုကျောင်းအနီးရှိ နေအိမ်များ ဝန်းကျင်တွင် ကျရောက်ပေါက်ကွဲမှုကြောင့် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည့်အနက် ၁ ဦးမှာ စိုးရိမ်ရသည်ဟု ဒေသခံများက ဆိုသည်။
“ စာသင်ကျောင်းမှာ ချိုတဲ့မိသားစုတွေက နေကြရတာလေ။ ဖိုက်တာက အဲ့ကျောင်းကိုပစ်တော့ ထိခိုက် သေဆုံးရတာပဲ။ ဘာအကြောင်းမှမရှိဘူး။ သူ့ဘာသာသူနေနေတဲ့ စစ်ရှောင်တွေ” ဟု ကောလင်းဒေသ အခြေစိုက်သတင်းများကို ဖော်ပြပေးနေသည့် Kawlin Info အွန်လိုင်းစာမျက်နှာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဗုံးထိ၍ စာသင်ကျောင်းမှာ ကျောင်းဆောင်နံရံတချို့သာကျန်ရစ်သည်ကို Kawlin Info နှင့် ကောလင်း မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (KLPDF) တို့မှ လူမှုကွန်ရက်မှာ ထုတ်ပြန်ထားသည့် ဓာတ်ပုံများတွင် တွေ့ရသည်။
ယနေ့ (ဧပြီ ၁၁) နံနက် ၃း၄၀ ဝန်းကျင်တွင်လည်း အင်ပင်လှရွာနှင့် ၄ မိုင်ခန့်အကွာ ရွှေဘို – မြစ်ကြီးနားလမ်းဘေးရှိ သဲချောင်းရွာသစ်အနီးကို ဗုံး ၂ လုံး ကြဲချခဲ့သည်။
တစ်လုံးမှာ မပေါက်ကွဲသေးကြောင်း၊ နောက်တစ်လုံးမှာ ရွာအနီး လယ်ကွင်းထဲ ကျရောက်ပေါက်ကွဲကြောင်း KLPDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ကောလင်းမြို့ကို တော်လှန်ရေးအင်အားစုက သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး သုံးလအကြာ ၂၀၂၄ နှစ်ဆန်းပိုင်းတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ကာ မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သော်လည်း ကျေးလက်ဒေသများကို တော်လှန်ရေးတပ်များက နယ်မြေစိုးမိုးထား သည်။
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်ရှိ အင်းတော်မြို့ရှိ စစ်စခန်းများကို တော်လှန်ရေးအင်အားစုက ၈ လကျော် ကြာထိုးစစ်ဆင်တိုက်ခိုက်ကာ ဧပြီ ၇ ရက်တွင် အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် အနီးဝန်းကျင်ရှိ ဝန်းသိုနှင့် ကောလင်းနယ်ထဲသို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်လာခြင်းဖြစ် သည်။
ဧပြီ ၉ ရက်နေ့လယ်က ဝန်းသိုမြို့ အရှေ့မြောက်ဘက် နမ်းခမ်းရွာ လူစည်ကားရာ ဈေးဆိုင်တန်းကို လေတပ်က တိုက်ခိုက်စဉ် ကလေးငယ်များ အပါအဝင် ၂၅ ဦး သေဆုံးခဲ့သည်၊ ထိုစဉ်က ဒဏ်ရာရသွားသူများထဲမှ ဆေးကုသနေသူ ၁ ဦး ယမန်နေ့က သေဆုံးသွားသည်။
ဒဏ်ရာရသူလည်း ၂၅ ဦးအထိရှိလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ဝန်းသိုမြို့နယ် ပအဖ တာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောသည်။
လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးသူများ၏ အသေးစိတ် အချက်အလက်များကို စုဆောင်းနေဆဲဖြစ်သည်ဟု ဆိုသည်။
လူနှစ်ဒါဇင်ကျော် သေဆုံးခဲ့ရသည့် လေကြောင်းတိုက်ခိုက်မှုအပြီး ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေပြီး လေကြောင်းသတိပေးသံကြားတိုင်း ဘေးလွတ်ရာ ရှောင်ပုန်းနေရသည်ဟု ၎င်းကဆက်ပြောသည်။
“လေကြောင်းအန္တရာယ်ကြောင့် နမ်းခမ်းရယ်၊ ဂျိုးတောင်ရယ်က ဈေးတွေကိုပိတ်ခိုင်းထားတယ်။ လူတွေကိုလည်း လူစုကွဲအောင် ဖြန့်ပြီးတော့ ရွာထဲမှာ မနေကြဖို့လည်း စီစဉ်ထားပါတယ်”
မတ္တရာ တိုက်ခိုက်မှု
မတ္တရာမြို့နယ်အနောက်ခြမ်း ကျေးရွာတစ်ရွာကိုလည်း ယမန်နေ့ နံနက် ၁၁ နာရီကျော်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၁ ဦးသေဆုံးခဲ့ပြီး နေအိမ် ၁ လုံးလည်းပျက်စီးသွားကြောင်း ဒေသတွင်း အခြေအနေများကို ဖော်ပြပေးနေသည့် Wetlet Information Network က ထုတ်ပြန်သည်။
မန္တလေးမြို့၏ မြောက်ဘက်ရှိ မတ္တရာမြို့နယ် အနောက်ခြမ်းကို စစ်တပ်က ထိန်းချုပ်ထားသည်။ တော်လှန်ရေးအင်အားစု နယ်မြေစိုးမိုးထားသော မြို့အရှေ့ဘက်ခြမ်း ကျေးရွာများကို စစ်တပ်က မကြာခဏ လေကြောင်းတိုက်ခိုက်သလို လက်နက်ကြီးဖြင့် ပစ်ခတ်မှုများလည်း ရှိနေသည်။
မတ္တရာလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၏ အမည်၊ အသက်အရွယ်၊ အသေးစိတ် အချက် အလက်များ သိရှိနိုင်ရန် ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
အရပ်သားများ ထိခိုက်သေဆုံးသည့် လေတပ်တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။
ငလျင်ဘေးနောက်ဆက်တွဲ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ယာယီ အပစ်ခတ်ရပ်စဲ ထားမည်ဟု တော်လှန်ရေးအင်အားစုများ နှင့် စစ်တပ်က ထုတ်ပြန်ထားကြ သော်လည်း အပစ်ရပ်ချိုး ဖောက်မှုများ ရှိနေသည်ဟု အပြန်အလှန် ပြစ်တင်ထားသည်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခဲ့သည့် အင်အားပြင်းစစ်ကိုင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့နယ်အများပြားတွင် ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး ၃၆၀၀ ကျော် သေဆုံးကာ ၅၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်သည့် ဧပြီ ၉ ရက်နေ့ညအထိ အချက်အလက်များအရ သိရသည်။
ငလျင်ကြောင့် လူထောင်ချီသေဆုံးပြီး အိုးအိမ်များစွာပျက်စီးနေချိန်တွင် နိုင်ငံအနှံ့လေကြောင်း တိုက်ခိုက်မှုများမှာ အရှိန်လျော့မသွားပေ။ ဧပြီ ၉ ရက် တစ်ရက်တည်းတွင်ပင် ဝန်းသို နှင့် ချင်းပြည်နယ် တီးတိန်၊ မင်းတပ်တို့တွင် လေတပ်တိုက်ခိုက်မှု ကြောင့် ၄၀ နီးပါး သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ဧပြီ ၉ ရက်နေ့ ထုတ်ပြန်ချက်များအရ စစ်ကိုင်းငလျင် အပြီး နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆၅ ဦးသေဆုံး၊ ၆၀ ဦးထိခိုက် ဒဏ်ရာရသည်၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၇ ဦးသေဆုံးကာ ၃၁ ဦးထိခိုက်ဒဏ်ရာ ရသည်ဟု သိရသည်။
