မကြာသေးခင်ရက်များက ချင်းပြည်နယ်၊ ဖလမ်းမြို့ကို လက်လွှတ်ခဲ့ရသည့် စစ်တပ်က ယမန်နေ့ (ဧပြီ ၉) ညပိုင်းတွင် အနီးရှိ တီးတိန်နှင့်မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ကလေး ၆ ဦး အပါ အဝင် အရပ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဖလမ်းမြို့ကို ချင်းညီနောင်အဖွဲ့က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် စတင်ထိုးစစ်ဆင်ရာ စစ်တပ်က လေကြောင်းပစ်ကူ သာမက စစ်ကူအင်အားဖြည့်တင်းကာ အပြင်းအထန် ခုခဲ့သော်လည်း ဖလမ်းမြို့ကို လက်လွှတ်ခဲ့ရပြီးနောက် လေတပ်က အရပ်သားများရှိနေသည့် နေရာများကို ဆက်တိုက် ပစ်မှတ်ထားတိုက်ခိုက်နေခြင်း ဖြစ်သည်။
မင်းတပ်မြို့ အနောက်ဘက် ၉ မိုင်ခန့်အကွာရှိ ဖွီရွာကို ည ၈း၄၄ တွင် လေယာဉ်က ဗုံး တစ်လုံးကြဲချခဲ့ပြီးနောက် ၁၅ မိနစ်ခန့် အကြာတွင် ဗုံး ၁လုံး ထပ်မံကြဲချခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သေဆုံးသူများမှာ ခရစ်ယာန် ဓမ္မအမှုတော်ဆောင် ၁ ဦး၊ အသက် ၇၀ ဝန်းကျင်အရွယ် သက်ကြီး ရွယ်အို၂ ဦး၊ မသန်စွမ်း ၁ ဦး၊ ၇ နှစ်အရွယ် ကလေးနှင့် ၈ လသားအရွယ်ကလေးတို့ ဖြစ်ကြောင်း၊ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ပထမအလုံးလာကြဲတော့ သူတို့တစ်မိသားစုလုံးအိမ်မီးလောင်တဲ့အချိန်မှာ သူတို့ကို သွားကယ်ရင်းနဲ့ နောက်တစ်ကြိမ်ပြန်လာချတဲ့အချိန်မှာ အမှုတော်ဆောင်က ထိသွားတာ”ဟု မြေပြင်အခြေအနေသိရှိ သည့် ဒေသခံတစ်ဦးကပြောသည်။
အိမ်ခြေ ၈၀ ခန့်ရှိသည့် ဖွီရွာ၏ လူအများစုနေသည့် ရွာလယ်ဝန်းကျင်ကို ဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး ခရစ်ယာန် ဘုရားကျောင်း အပါအဝင် နေအိမ် ၁၀ လုံး ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်က စစ်ရေးအရ အရေးပါသည့် ဖလမ်းမြို့ကို လက်လွှတ်လိုက်ရပြီးနောက် တီးတိန်မြို့နှင့် မင်းတပ်မြို့ကို ဗုံးကြဲခြင်းသည် ပြည်သူကို ပိုပြီး ပစ်မှတ်ထားလာခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ် – မင်းတပ် (CDF- Mindat)၏ စစ်ဦးစီးချုပ် ဆလိုင်းထန်ချွန်ဖေက ပြောသည်။
“အကြမ်းဖက်စစ်အုပ်စုကတော့ ပြည်သူတွေကိုပဲ ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိတယ်။ ပြည်သူကို ပြန်သတ်တဲ့စစ်တပ်က လက်နက်ကိုင်ချင်း မယှဉ်ရဲတော့တဲ့အခါ ပြည်သူကိုပဲ ပိုပြီးပစ်မှတ်ထားလာတာ တွေ့ရပါတယ်” ဟု ၎င်းက ဆိုသည်။
အရပ်သားများကို တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ ချင်းပြည်နယ်ပြောခွင့်ရ ပြည်နယ် အတွင်းရေးမှူး ဦးအောင်ချိုကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။
ချင်းပြည်နယ်၊တောင်ပိုင်း မင်းတပ်မြို့ကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ချင်းညီနောင်အဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ဒီဇင်ဘာ ၂၁ ရက်နေ့တွင်မြို့ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားသည်။
တီးတိန်မြို့ တိုက်ခိုက်မှု
တီးတိန်မြို့ တောင်ဘက် ၇ မိုင်ခန့်အကွာရှိ ဆိုင်းဇန်ရွာ တိုက်ခိုက်မှုတွင် မိသားစု တစ်ခုတည်းမှ ၆ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့သည်။
တိုက်ပွဲများမရှိ၊ လူအများ အိပ်မောကျနေချိန်တွင် တိုက်ခိုက်ခံလိုက်ရသည်ဟုဆိုင်းဇန်ရွာခံ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“သေနတ်သံ မရှိဘူး။ ရုတ်တရက်ကြီး လာကြဲသွားတာ။ … သေဆုံးတဲ့သူတွေက တစ်မိသားစုထဲမှာပဲ ဖြစ်သွားတာ” ဟု သူက ပြောသည်။
သေဆုံးသူတို့မှာ အသက် ၄၀ ကျော်အရွယ် မိဘနှစ်ပါးနှင့် ၎င်းတို့၏ အသက် ၁၆ နှစ်၊ ၁၂ နှစ်၊ ၈ နှစ်၊ ၅ နှစ်အရွယ် သားသမီး ၄ ဦး ဖြစ်သည်ဟု အထက်ပါ ဒေသခံက ပြောသည်။
သားသမီး ၅ ဦးအနက် တတိယမြောက်ကလေးဖြစ်သည့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်မှာ ပေါင် တွင် ပြင်းပြင်းထန်ထန်ထိခိုက်ခဲ့ပြီး ဆေးကုသမှုခံယူနေရသည်ဟု ၎င်းကဆက်ပြောသည်။
အိမ်ခြေ ၄၃၀ ကျော် ရှိသည့် ဆိုင်းဇန်ရွာ၏ အနောက်ဘက်ခြမ်း အထက်တန်းကျောင်းခြံတံခါးအနီး ဖျက်အားပြင်းဗုံး ကျရောက်ပေါက်ကွဲခဲ့ရာ အနီးရှိ နေအိမ် ၃ လုံးမှာ လုံးဝပျက်စီးသွားပြီး၊ ဆိုင်ခန်း ၁ ခန်းနှင့် ကျောင်းစာကြည့်တိုက်နှင့် လေးခန်းတွဲ စာသင်ဆောင်တစ်ခုလည်း ပျက်စီးသွားကြောင်း သိရသည်။
“ ဘာကြောင့်လဲဆိုတာတော့အတိအကျမသိရဘူး။ ရွာမှာ (တော်လှန်ရေးအဖွဲ့တွေ) စခန်းချထားတာမျိုးလည်း မရှိဘူ။ စာသင်ကျောင်းမှာလည်း စာသင်တာလည်း မရှိတော့ဘူး။ စာသင်ကျောင်းမသုံးတော့တာကြာပြီ” ဟု အထက်ပါ ဆိုင်းဇန်ရွာခံက ပြောသည်။
“စာသင်ကျောင်းဖြစ်လို့ (တော်လှန်ရေးအဖွဲ့) တွေ ရှိမယ်အထင်နဲ့ ကြဲသွားတယ်လို့ ယူဆပါတယ်။ ဒါပေမယ့်လည်း စာသင်ကျောင်းက ပိတ်ထားတာကြာပြီ။ ဒီအတိုင်းပဲထားတာ သုံးလေးနှစ်ရှိပြီ”
ဆိုင်းဇန်ရွာနှင့်မိုင် ၇၀ ခန့်အကွာရှိ ဖလမ်းမြို့ကို ချင်းညီနောင်အဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက် တီးတိန်မြို့နယ်တွင် စစ်ရေးလှုပ်ရှားမှုများ ရှိနိုင်သည်ဟု ယူဆချက်ဖြင့် ကြဲခြင်းလည်း ဖြစ်နိုင်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။
ဝန်းသိုမြို့နယ် ဗုံးကြဲမှု
စစ်တပ်က လက်လွှတ်ဆုတ်ခွာခဲ့ရသည့် မြို့များအနီးဝန်းကျင်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများမှာ ယခင်ကလည်း မကြာခဏလုပ်လေ့ရှိသည်။
ယခုရက်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကိုလက်လွှတ်ခဲ့ရပြီးနောက် ကပ်လျက်ရှိ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာမှ လူစည်ကားရာ နေရာများကို ယမန်နေ့ (ဧပြီ ၉) တွင် လေတပ်က ပစ်ခတ်ရာ ကလေးငယ်များအပါအဝင် ၂၅ ဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့သည်။
နမ်းခမ်းရွာလမ်းဆုံအနီးရှိ တိုက်နယ်ဆေးရုံနှင့် ဝန်းကျင်ရှိ ဈေးဆိုင်တန်းကို ဦးတည်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံး၊ ဒဏ်ရာရသူများပြားခဲ့ခြင်းဖြစ်ကြောင်း ဝန်းသိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဒဏ်ရာရသွားသူများအနက် ၁၄ ဦး ဒဏ်ရာပြင်းထန်သည်ဟု အထက်ပါ ပအဖ တာဝန်ရှိသူက ဆိုသည်။
နမ်းခမ်းရွာအနီးမြေပြင်တိုက်ပွဲမရှိသလို တပ်ရင်းတပ်ဖွဲ့များ အခြေချတပ်စွဲထားခြင်းမရှိကြောင်း၊ အင်းတော်မြို့ကို လက်လွှတ်ရသဖြင့် စစ်တပ်၏ “ကြွက်မနိုင် ကျီမီးနှင့်ရှို့သည့်လုပ်ရပ်”ဖြစ်ကြောင်း ၎င်းက ဝေဖန်သည်။
မတ် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းစစ်ကိုင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်တို့တွင် လူပေါင်း ထောင်နှင့်ချီ သေဆုံးသည်၊ အဆောက်အဦ အများအပြား ပြိုကျပျက်စီးရာ တစ်မိသားစုလုံး သေဆုံးသည်အထိ ဖြစ်ရပ်များ ပေါ်ပေါက်နေသည်။
နောက်ဆက်တွဲကယ်ဆယ် ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် မတ် ၃၀ ရက်နေ့မှစပြီး နှစ်ပတ်ကြာ ထိုးစစ်များကို ရပ်နားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားသည်။
စစ်တပ်ကလည်း ငလျင်ကြောင့် ဧပြီ ၂ ရက်မှ ၂၂ ရက်အထိ ရက် ၂၀ ကျော်ကြာ ယာယီအပစ်ရပ်မည်ဟု ကြေညာခဲ့သည်။ သို့သော်လည်း နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများအပြင် စစ်ကြောင်းထိုးမီးရှို့မှုများ ဆက်လုပ်နေဆဲဖြစ်သည်။
“ဒါတွေက သူတို့လုပ်နေကြအလုပ်ပဲ။ အရင်တုန်းကလည်း အပစ်ခတ်ရပ်စဲတယ်လို့ ကြေညာပြီးတော့ ထိုးစစ်တွေဆင်၊ လူတွေသတ်လုပ်နေတဲ့ဟာ သူတို့ရဲ့အကျင့်က ဒီအတိုင်းပဲ။ သူတို့ရဲ့ပြောစကား၊ သူတို့ရဲ့ကတိဆိုတာက ဘာမှယုံကြည်လို့မရတာ သက်သေအခါခါ ပြနေပြီးသားဖြစ်ပါတယ်” ဟု NUG အစိုးရ သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်က မှတ်ချက်ပြုသည်။
NUG အစိုးရ ယမန်နေ့က ထုတ်ပြန်ထားသည့်အချက်အလက်များအရ ငလျင်အပြီး စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆၅ ဦး သေဆုံးပြီး ၆၀ ဒဏ်ရာရသည်၊ လက်နက်ကြီးဖြင့်တိုက်ခိုက်မှုကြောင့် ၇ ဦး သေဆုံးပြီး ၃၁ ဦး ဒဏ်ရာရသည်ဟု သိရသည်။
ချင်းပြည်နယ် ၉ မြို့နယ်အနက် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း မြို့နယ် တို့ကို ချင်းညီနောင်အဖွဲ့က သိမ်းပိုက်ထားပြီး ၎င်းတို့၏ မဟာမိတ် အာရက္ခတပ်တော် (AA) က ပလက်ဝမြို့နယ်ကို ထိန်းချုပ်ထားသည်။
ချင်းညီနောင်အဖွဲ့သည် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ချင်းတော်လှန်ရေး အင်အားစုများဖြစ် သည့် ချင်းအမျိုးသား အဖွဲ့ချုပ် (CNO/ CNDF)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CDF Mindat)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ ကန်ပက်လက် (CDF Kanpetlet)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ (၁) တို့ ဖြင့် ဖွဲ့စည်းထားသည်။
သက်တမ်းရင့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်သော ချင်းအမျိုးသားတပ်မတော် ဦးဆောင်ပြီး ချင်းတော်လှန်ရေးအင်အားစုများဖြင့် စုဖွဲ့ထားသည့် ချင်းပြည်ကောင်စီက တွန်းဇံမြို့ကို ၂၀၂၄ မေက သိမ်းထားသည်။
ချင်းတောင်တန်းနယ်မြေ၏ ရာခိုင်နှုန်း ၈၀ ကျော်မှာ တော်လှန်ရေးအင်အားစုက ထိန်းချုပ်ထားပြီး စစ်တပ်က မြို့တော် ဟားခါး၊ ထန်တလန်နှင့် တီးတိန်မြို့တို့တွင်သာ အခြေချသည်။




