
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းတွင် တော်လှန်ရေးတပ်များနှင့် ယခုရက်ပိုင်း တိုက်ပွဲပြင်းထန်နေရာ ယမန်နေ့ (မတ် ၁၉) က ဘိုကုန်းရွာအနီး စစ်ကောင်စီလေတပ်က ဗုံးကြဲသဖြင့် အထိအခိုက်များရှိနိုင်ပြီး အခြေအနေကို စုံစမ်း၍မရသေးကြောင်း ဒေသခံတို့က ပြောသည်။
မန္တလေးမြို့၏မြောက်ဘက် မိုင် ၂၀ ခန့်အကွာ မတ္တရာအရှေ့ခြမ်းရှိ ဘိုကုန်း၊ ကျောက်တံတား ၊ ဝသုန္ဒရ ကျေးရွာများဝန်းကျင်တွင် တိုက်ပွဲဖြစ်နေပြီး လေကြောင်းတိုက်ခိုက်မှုများ မကြာခဏရှိနေသည်ဟု ဆိုသည်။
“မနေ့ နေ့လယ်က ဘိုကုန်းရွာ ပတ်ချာလည်မှာ ကြဲသွားတာ ။ အဲဒီဘက်က သွားလို့လည်း မရဘူး။ တိုက်ပွဲ ကြောင့် လမ်းတွေလည်းပိတ်ချထားတော့ အထိအခိုက်တွေ၊ တိုက်ပွဲအခြေအနေတွေ မသိရသေးဘူး”ဟု မတ္တရာမြို့ခံအမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။
လတ်တလောတိုက်ပွဲများကြောင့် မတ္တရာအရှေ့ပိုင်း ကျောက်တံတား၊ ဘိုကုန်း၊ မြို့ကုန်း ၊ သပြေပင်ကုန်း၊ လက္ကောင်းကြီး၊ လက္ကောင်းလေး၊ လက်ကောင်း၊ ရွေးစု၊ ရွာသစ် စသည့်ကျေးရွာတို့မှ ဒေသခံအများအပြား တိမ်းရှောင်နေရပြီး မတ္တရာအရှေ့ပိုင်းတွင် စစ်ဘေးရှောင်အရေအတွက်မြင့်တက်လာသည်ဟု ၎င်းက ဆို သည်။
ဘိုကုန်းကျေးရွာအနီးတဝိုက်တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး သိရှိဖော်ပြနိုင်ရန် အဆိုပါဒေသတွင် စစ်ရေးလှုပ်ရှားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY-PDF) ၏ ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်ကို Myanmar Now က မေးမြန်းထားဆဲဖြစ်သည်။
ပြီးခဲ့သည့် မတ် ၁၁ ရက်နေ့ကလည်း မတ္တရာမြို့နယ်နှင့်ပုသိမ်ကြီးမြို့နယ်စပ် ဝသုန္ဒရနှင့်မြကန်သာ ကျေးရွာများအကြား လေတပ်က ဗုံးကြဲတိုက်ခိုက်ရာ ခြင်းယက်လုပ်ငန်းလုပ်ကိုင်သည့် နေအိမ်အပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ၅ တန်းကျောင်းသူအပါအဝင် မိသားစုဝင် ၅ ဦးလုံး သေဆုံးခဲ့သည်။
ဒဏ်ရာရရှိသူများလည်း ၁၀ ဦးထက်မနည်းကို မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရသည်၊ သေဆုံးသူ များဈာပနကိုမူ မတ်လ ၁၃ ရက်နေ့တွင် ကျေးရွာသုဿန်၌ ပြုလုပ်ခဲ့ကြသည်ဟု ဒေသခံများထံက သိရသည်။
“တိုက်ပွဲဖြစ်တဲ့နေရာတွေဘက်တွေရော မဆိုင်တဲ့ဘက်တွေရော (လေကြောင်းကနေ) အကုန်ကြဲတယ်။ ကျောက်တံတား၊ ဘိုကုန်းတို့ ဝသုန္ဒရတို့ဘက်တွေမှာက တိုက်ပွဲဖြစ်နေတယ်”ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။
၂၀၂၄ ဇွန်၂၅ ရက်နေ့စတင်ကာ MDY-PDF နှင့်မဟာမိတ်တပ်များက မန္တလေးတိုင်းအတွင်း ထိုးစစ်ဆင်နေ ခြင်းဖြစ်ပြီး မတ္တရာမြို့နယ်မှ စစ်စခန်း၃၂ ခု၊ ပုသိမ်ကြီးမြို့နယ်မှ Alpha ဘိလပ်မြေစက်ရုံ ကင်းစခန်း၊ စစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဦးမောင်ကိုပိုင်ဆိုင်သည့် ဖယောင်းတောင်ရွှေတွင်းတို့ အပါအဝင် စခန်း ၃ ခု ရရှိထားသည်။
မတ္တရာအနောက်ခြမ်းစစ်ရှောင်များ ပြန်လာနေကြရန် စစ်ကောင်စီဖိတ်ခေါ်
အထက်မြန်မာပြည်ရှိ တော်လှန်ရေးတပ်များသိမ်းပိုက်ထားသော နယ်မြေများနှင့်ကြားခံဖြစ်ရာ မတ္တရာမြို့နယ်တွင် ဧရာဝတီမြစ်နှင့်ကပ်လျက် မြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီတပ်က ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၇ ရက်နေ့မှစကာ ကြည်းရေလေတပ်များသုံးပြီး ၆ ရက်ကြာထိုးစစ်ဆင်၍ ပြန်သိမ်းပိုက်ခဲ့သည်။
ထို့နောက် အနောက်ခြမ်းထိုကျေးရွာများကို ရွာစဉ်လှည့် မီးရှို့မှုများလုပ်ခဲ့သဖြင့် ၁၀ ရွာထက်မနည်းမှ ဒေသခံထောင်ချီ နေရပ်စွန့်ခွာခဲ့ရသည်။
ယခုအခါ စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားသော ထိုအနောက်ခြမ်းကျေးရွာများတွင် စစ်ရှောင်နေသူများ ရွာလူကြီးထောက်ခံစာဖြင့် ပြန်လည်နေထိုင်ကြရန် ဖိတ်ခေါ်နေသည်၊ ဒေသခံတို့ကို အသုံးချအကာအကွယ်လုပ်လိုသောကြောင့် ဖြစ်နိုင်သည်ဟု မတ္တရာအနောက်ခြမ်းတွင် လှုပ်ရှားခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“လာနေလှည့်ကြ၊ လာနေလှည့်ကြခေါ်နေတယ်။ အဓိကကတော့ ကျွန်တော်တို့သုံးသပ်တာတော့ ဒီနေရာ တွေမှာပါ သူတို့ရွေးကောက်ပွဲလည်းလုပ်ချင်တယ်ဗျာ။ လုပ်ဖို့လူလည်းလိုမယ်။ သူတို့အတွက် ကာဗာ လည်း လိုမယ်။ ဒီနေရာတွေကို တော်လှန်ရေးတပ်တွေပြန်တိုက်ရင် ပြည်သူကြားကိုသူတို့ ကာဗာလုပ်ဖို့ လည်းလိုတဲ့အတွက် ပြည်သူတွေကို ခေါ်တယ်လို့မြင်တယ်”ဟု ၎င်းက ဆိုသည်။
ထိုရွာများတွင် ၎င်းတို့ခန့်ထားသည့် ရွာလူကြီးများက ထောက်ခံစာပြုလုပ်ပေးနေခြင်းဖြစ်ပြီး စစ်ကောင်စီ ၏ လက်နက်ကြီးနှင့်လေကြောင်းရန်ကြောင့် အများစုက မနေထိုင်ကြသော်လည်း လယ်သိမ်း၊ ယာသိမ်း လုပ်ကိုင်ရန် ပြန်လည်နေထိုင်သည့်ဒေသခံများရှိနေသည်၊ ထို့ကြောင့် မတ္တရာအနောက်ခြမ်းတွင် စစ်ရှောင် အရေအတွက်အနည်းငယ်လျော့သွားသည်ဟု စစ်ရှောင်များအရေး ကူညီပေးနေသည့် ၎င်းက ဆက်ပြော သည်။
“ဘယ်သူမဆို ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်စီးပွားရေးတွေရှိရာမှာ နေချင်ကြတယ်။ ပြန်ကြတယ်။ လုပ်ကိုင်ကြ တယ်။ ဒါပေမဲ့လည်း သူတို့က (စစ်ကောင်စီက) ယုံရတဲ့လူတွေမဟုတ်ဘူး”
မတ္တရာမြို့နယ်မှ နေရပ်စွန့်ခွာထွက်ပြေးကြရသော စစ်ရှောင်များကို ပြင်ဦးလွင်ခရိုင်(ပကဖ)ပါဝင်သော တော်လှန်ရေးအဖွဲ့အစည်းတချို့မှ ကူညီရေးများလုပ်ကိုင်ဆောင်ရွက်ပေးလျှက်ရှိသည်။
သို့သော် ရှောင်ရသည့်ကာလကြာမြင့်လာခြင်း၊ ကူညီထောက်ပံ့မှုနည်းပါးလာခြင်းတို့ကြောင့် စစ်ရှောင်များကို ကူညီရန် ခက်ခဲလာနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် အထက်ပါအမျိုးသားက ပြောသည်။
“နောက်ပိုင်းတော့ ကျွန်တော်တို့မောလာတယ်။ တော်လှန်ရေးကလည်း လုပ်ရတယ်။ ဒါတွေလည်း လုပ်ရတယ်ဆိုတော့ မောလာတယ်။ မကူညီနိုင်တဲ့အနေအထား ရောက်လာတယ်။ ပြည့်ပြည့်ဝဝ မထောက်ပံ့နိုင်တဲ့အနေအထားရောက်သွားပြီဗျာ”ဟု ၎င်းက ဆိုသည်။
