အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်ပိုင် ဦးပိုင်နှင့် MEC ကို အမေရိကန်နှင့် ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူ

အာဏာသိမ်းမြန်မာစစ်တပ်၏ အဓိကဝင်ငွေ ရလမ်းစီးပွားရေးလုပ်ငန်း အင်ပါယာကြီးနှစ်ခု ဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို ပစ်မှတ်ထားပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းလိုက်ကြောင်း အမေရိကန်က ကြေညာခဲ့သည့်နည်းတူ ဗြိတိန်ကလည်း ဦးပိုင်လီမိတက်ကို အရေးယူကြောင်း ကြေညာ လိုက်သည်။

ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံထားရသည့် အစိုးရကို ဖြုတ်ချကာ မြန်မာပြည် သူလူထုအပေါ်  ဖိနှပ်နေခြင်းများအပေါ်  တာရှိသည့်အနေဖြင့် မြန်မာစစ်အုပ်စု၏ စီးပွားရေး အရင်းအမြစ်များကို ပစ်မှတ်ထားအရေးယူခြင်းဖြစ်သည်ဟု ယနေ့ (မတ် ၂၅) တွင် ထုတ်ပြန်လိုက်သော အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး ၏ ထုတ်ပြန်ချက်က ဆိုသည်။ 

“အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး ဒီမိုကရေစီနည်း ကျရွေးချယ်တင်မြှောက်ခံထားရတဲ့ အစိုးရကို အာဏာပြန်ပေးဖို့ တိုက်တွန်းပါတယ်။ မြန်မာ စစ်အုပ်စုရဲ့ ဘဏ္ဍာရေးအသက်သွေးကြောဖြစ်တဲ့ စီးပွားရေးလုပ်ငန်းကြီးနှစ်ခုကို အရေးယူ ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်” ဟု နိုင်ငံရပ်ခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး၏ ဒါရိုက်တာက ပြောသည်။ 

စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီး ဦးပိုင်သည် ဘဏ်လုပ်ငန်း၊ ကုန်သွယ်ရေး၊ သယ်ယူပို့ ဆောင်ရေး၊ ဆောက်လုပ်ရေးနှင့် သတ္တုတူးဖော်ရေးမှသည် ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး၊ အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်းများအထိ စီးပွား ရေးလုပ်ငန်းမျိုးစုံကို လုပ်ကိုင်လျက်ရှိသည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဦးပိုင်မှ ရရှိသည့် အကျိုးအမြတ်များသည် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိသူ စစ်တပ်ကို စနစ်တကျစီးဝင်နေပြီး ဖွဲ့စည်းပုံအရ ရှယ်ယာရှင်ပေါင်း ၁၇၉၃ ဦး အထိရှိနေသည်ဟု ဆိုသည်။ 

၁၉၉၇ ခုနှစ်ကတည်းက တည်ထောင်ထားသည့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပို ရေးရှင်းသည်လည်း သတ္တုတူးဖော်ရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများ အထိ ကဏ္ဍမျိုးစုံတွင် စီးပွားရေးလုပ်ကိုင်နေပြီး စစ်တပ်အတွက် အကျိုးအမြတ်များ ရှာဖွေ ပေးနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်အစိုးရသည် မြန်မာစစ်တပ်၏ အာဏာသိမ်းမှုနောက်ပိုင်းတွင် အရေးယူ ဒဏ်ခတ်မှု သုံးကြိမ်အထိ လုပ်ဆောင်ထားပြီးဖြစ်ပြီး အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် အပါအဝင် တစ်ဦးချင်းစီပစ်မှတ်ထားအရေးယူမှု၊ ပတ်သက်ဆက်နွှယ် သူများနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများ ကို ပိတ်ဆို့အရေးယူခြင်းအပြင် ငြိမ်းချမ်းစွာဆန္ဒပြသူ များကို အကြမ်းဖက်ပစ်ခတ်ရာတွင် တိုက်ရိုက် ပါဝင်ပတ်သက်နေသည့် တပ်မနှစ်ခုကို လည်း ထပ်မံအရေးယူခဲ့သည်။ 

ဗြိတိန်အစိုးရကလည်း စစ်တပ်ပိုင် ဦးပိုင်လီမိတက်ကို အရေးယူလိုက်ကြောင်း ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

အာဏာသိမ်းစစ်ကောင်စီကို ဥရောပသမဂ္ဂ၊ အမေရိကန်၊ ကနေဒါ အပါအဝင် အနောက်အင်အား ကြီးနိုင်ငံများက မြန်မာနိုင်ငံ၏အစိုးရတစ်ရပ်အနေဖြင့် အသိအမှတ်မပြုသည့်အပြင် ဖိအားပေးမှု နှင့် အရေးယူဒဏ်ခတ်မှု များလည်း ဆက်တိုက်လုပ်ဆောင်နေသည်။
 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles