သတင်း

သုဝဏ္ဏ ရန်ကုန်သစ်တွင် ပစ်ခတ်မှုဖြစ်ပြီး ၄ ဦး ဒဏ်ရာပြင်းထန်

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်ရှိ ဆွမ်းလောင်းဓမ္မာရုံတစ်ခုကို အာဏာသိမ်းစစ်ကောင်စီ၏ ရဲနှင့်စစ်တပ် ပူးပေါင်းအဖွဲ့က ယနေ့ နံနက်တွင် လာရောက်စီးနင်းပစ်ခတ်ခဲ့ရာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း မျက်မြင်တွေ့ရှိသူများက Myanmar Now ကို ပြောသည်။

ယနေ့ နံနက် ၁၀ နာရီခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ သောကြာပတ် ဆွမ်းလောင်းဓမ္မာရုံကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက ဝင်ရောက်စီးနင်းခဲ့ပြီး လူငယ် ၄ ဦးကို ဖမ်းဆီးသွားခဲ့ပြီးနောက် လာရောက်ဝန်းရံခဲ့သော ရပ်ကွက်ပြည်သူများကို လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်သစ်ရပ်ကွက်၏ လုံခြုံရေးတာဝန်ယူထားရသူ လူငယ်တစ်ဦးက Myanmar Now ကို အတည်ပြုသည်။

“စစ်သား ၈ ယောက်က လွတ်လပ်ရေးလမ်းအတိုင်း ဆင်းလာပြီးတော့ ကျည်အစစ်နဲ့ ပစ်လိုက်တာကြောင့် ကျွန်တော့်သူငယ်ချင်းတစ်ယောက် ညာဘက်ပခုံးကို ထိသွားတယ်။ သူ့ကို ချက်ချင်း လူနာတင်ယာဉ်နဲ့ စံပြဆေးရုံကို ပို့လိုက်တယ်” ဟု ၎င်းက ပြောသည်။

ဒဏ်ရာ ပြင်းထန်စွာရရှိထားသည့် လူငယ် ၂ ဦးမှာ အင်ဂျင်နီယာကျောင်းပြီးထားသော လူငယ်များဖြစ်ပြီး ကျန် ၂ဦးမှာ အောင်ဇေယျလမ်းရှိ လူငယ် ၂ ဦးဖြစ်ကြောင်း ထိုလူနာ ၄ ဦးလုံးမှာ သင်္ဃန်းကျွန်း စံပြဆေးရုံတွင် ဆေးကုသမှုခံယူနေရ ကြောင်း ရပ်ကွက်ခံများက ပြောသည်။

ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏ လက်နက်ကိုင်စစ်ကား အစီး ၂၀ ခန့် ရောက်ရှိလာပြီး သုဝဏ္ဏလမ်း၊ လေးဒေါင့်ကန်လမ်းနှင့် သံသုမာလမ်းတစ်လျှောက်တွင် နေရာယူ၍ သုဝဏ္ဏ ရန်ကုန်သစ်ရပ်ကွက်ကို ပိတ်ဆို့ထားသည်ဟု  ဆန္ဒပြပွဲတွင် ပါဝင်သူများက ပြောသည်။

“သူတို့က ကျွန်တော်တို့ကို ဝိုင်းထားတယ်။ ကျွန်တော်တို့က ထွက်ပေါက်မရှိဘဲနဲ့ ရပ်ကွက်ထဲမှာပဲ Defence (ကာကွယ်) ပြန်လုပ်နေရတဲ့ သဘောမျိုးဖြစ်နေတယ် ” ရန်ကုန်သစ်ရပ်ကွက်တွင် နေထိုင်သူ လူငယ်တစ်ဦးက ပြောသည်။

ထို့ပြင် ရန်ကုန်သစ်ရပ်ကွက်တွင်းရှိ ဘုရင့်နောင်လမ်းနှင့်လွတ်လပ်ရေးလမ်းများရှိ အထပ်မြင့်တိုက်များပေါ်တွင် စစ်ကောင်စီ၏ လက်ဖြောင့်တပ်သားများက နေရာယူထားသည်ကို မြင်တွေ့ရသည်ဟု ၎င်းရပ်ကွက်နေသူများက ပြောသည်။

“ အခု သူတို့က ကျမတို့ ရပ်ကွက်လမ်းတွေထဲ အထိကို ဝင်လာပြီး မီးလောင်ဗုံးတွေ၊ မီးခိုးဗုံးတွေ၊ ကျည်ဆန်အစစ်တွေနဲ့ ပစ်ခတ်နေပြီး ကျမတို့ ပြည်သူတွေ ကူရာမဲ့ဖြစ်နေရပါတယ်” ဟု သင်္ဃန်းကျွန်း အောင်ဇေယျရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ညနေ ၃ နာရီခွဲတွင် အတည်ပြုသည်။

ယနေ့ (မတ် ၂၅) ညနေ ၃နာရီ ၂၀ မိနစ်ထိ စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ဒဏ်ရာပြင်းထန်သူ ၄ဦး၊ ဒဏ်ရာရရှိသူ ၁၁ ဦး၊ ဖမ်းဆီးခံထားရသူ ၂၀ ဦးထက်မနည်းရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူနှင့် ဖမ်းဆီးခံရသူအရေအတွက် တိုးလာနိုင်ခြေရှိသည်။ 

အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် နွေဦးတော်လှန်ရေးတွင် မတ် ၂၃ ရက်နေ့ထိ ကျဆုံးသွားခဲ့သူ ၂၇၅ ဦး ရှိခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ ၂၉၀၆ ဦးအထိ ရှိနေပြီဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ယမန်နေ့ (မတ် ၂၄) က ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button