သတင်း

နောက်ဆုံးရ ငလျင်ဘေးသတင်းများ

လျှပ်စစ်စနစ်၊ လမ်းတံတားနှင့် ရုံးအချို့ပျက်စီးပြီး  မီး၊ ရေနှင့် ဆက်သွယ်ရေးပြတ်နေ

နေပြည်တော်ရှိ ပြိုကျပျက်စီးနေသော ခ​ရေအိမ်ရာတွင် ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်။

ပြင်းထန်သည့် ငလျင်ကြောင့်  စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား အကြီးအကျယ် ထိခိုက်သွားပြီး  ဝန်ကြီးဌာန ဝက်ဆိုက်များပင် အွန်လိုင်းမှ ပျောက်ကွယ်သွားသည်။ 

မန္တလေးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ပြင်းအားရစ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်နှင့် နောက်ဆက်တွဲငလျင်များကြောင့် လျှပ်စစ်ဓာတ်အားပေးစနစ်၊ လမ်းတံတားနှင့် စစ်ကောင်စီရုံးများ ထိခိုက်ပျက်စီးပြီး နေပြည်တော်အပါဝင် ငလျင်လှုပ်ခတ်ရာ နေရာများတွင် မီး၊ ရေ၊ ဆက်သွယ်ရေး ပြတ်တောက်နေကြောင်း သိရသည်။

ငလျင်ဒဏ်ကြောင့် မန္တလေး၊ စစ်ကိုင်းနှင့် နေပြည်တော်တို့တွင် အဆောက်အဦပေါင်းမြောက်များစွာ ထိခိုက်ပျက်စီးပြီး လူထိခိုက်သေဆုံးမှုအများဆုံးဖြစ်ခဲ့သလို စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ ဝန်ကြီးဌာနရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ လမ်းတံတားများထိခိုက်ပျက်စီးခဲ့ကာ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာနှင့် ဆက်စပ်ပစ္စည်းများပျက်စီးသွားကြောင်း  ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။ ဆက်ဖတ်ရန်

————–

ငလျင်ကယ်ဆယ်ရေးအတွက် သဘောထားကွဲလွဲသူများကို ဖမ်းဆီးရန်စစ်တပ်ပြင်ဆင်

လူမှုကွန်ရက်များပေါ်တွင် ၎င်းတို့ကိုဝေဖန်မှုဖြင့် အနည်းဆုံး လူ ၁၉၀၀ ခန့်ကို ဖမ်းဆီးထောင်ချခဲ့သည့် စစ်ကောင်စီသည် ငလျင်ကယ်ဆယ်ရေးအတွက် သဘောထားကွဲလွဲသူများကို ဆက်လက်ဖမ်းဆီးရန် ပြင်ဆင်နေသည်။

မြေငလျင်နောက်ဆက်တွဲ ကူညီကယ်ဆယ်ရေးအတွက် စစ်တပ်နှင့် သဘောထားကွဲလွဲသူများကို ဖမ်းဆီးထောင်ချရန်အတွက် စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် ဟန်ငြိမ်းဦးအပါအဝင် တယ်လီဂရမ်များက စတင်ပြင်ဆင်နေသည်။

စစ်တပ်ကျောထောက်နောက်ခံပေးထားပြီး Subscriber ပေါင်း ၁သန်း၂သိန်းကျော်ရှိသည့် ‘ဟန်ငြိမ်းဦး’ နှင့် Subscriber ပေါင်း ၁သိန်း၃သောင်းကျော်ရှိသည့် ‘Ko Thet’ အမည်ရှိ တယ်လီဂရမ်ချန်နယ်များသည် ထိုင်ဝမ်၏အကူအညီကိုငြင်းပယ်သည့် စစ်တပ်၏လုပ်ရပ်ကို ဝေဖန်သည့် ရေနံချောင်းမြို့မှ အမျိုးသားတစ်ဦးအား ဖမ်းဆီးထောင်ချရန် လှုံ့ဆော်နေသည်။ ဆက်ဖတ်ရန်

————–

ဦးလှသိန်းဗိမာန်ပြိုကျမှု စာဖြေ သံဃာ ၅၀ ထက်မနည်း ပျံလွန်တော်မူ

မန္တလေးမြို့ ငါးထပ်အဆောက်အအုံတစ်ခု ငလျင်ကြောင့် ပြိုကျစဉ်  ထိုနေရာတွင် ရှိနေသည့် သံဃာများထဲမှ  ၇၀ ခန့်သာ လွတ်မြောက်ကာ   ၂၀၀ ခန့်မှာ အပျက်အစီးများအောက် ပိတ်မိသွားသည်။ 

မတ် ၂၈ ရက်နေ့  ငလျင်ကြောင့် မန္တလေးမြို့၊ မလွန်ရပ်၊ ၈၅ လမ်းရှိ ဦးလှသိန်းဗိမာန် ငါးထပ်ဆောင် ပြိုကျခဲ့ရာ  စာဖြေ သံဃာတော် ၅၀ ထက်မနည်း ပျံလွန်တော်မူခဲ့သည်ဟု ကူညီကယ်ဆယ်သူများ နှင့် မန္တလေး မြို့ခံများထံက သိရသည်။ 

ငလျင်လှုပ်ချိန် စာဖြေသံဃာတော် အပါး ၂၇၀ အနက် အဆောက်အအုံအပြင်ဘက် ထွက်သွားနိုင်သည့် သံဃာတော်များ ရှိသော်လည်း အများစုမှာ ဗိမာန်ပြိုကျသည့်အထဲ ပိတ်မိနေသည်ဟု ဦးလှသိန်းဗိမာန်တွင်ရောက်ရှိနေသည့် မန္တလေးသား တစ်ဦးက ပြောသည်။ ဆက်ဖတ်ရန်

မန္တလေးမြို့ ဦးလှသိန်းသာသနာ့ဗိမာန်အဆောက်အဦ ပြိုကျပျက်စီးမှုတွင် ကယ်ဆယ်ရှာဖွေရေးလုပ် ဆောင်နေသည်ကို မတ် ၃၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

————–

ငလျင်ဘေးအကြီးအကျယ်သင့်နေချိန် စစ်ကောင်စီတပ် ထိုးစစ်မရပ်

 မန္တလေးမြို့သုသာန်တွင် သင်္ဂြိုဟ်ရန်ပြင်ဆင်ထားသောအလောင်းတချို့ကို မတ် ၃၀ ရက်နေ့ နံနက်အစောက တွေ့ရစဉ်။ (ဓာတ်ပုံ-ကိုကံကောင်း)

ပြင်းထန်ငလျင်ဒဏ်ကြောင့် ထောင်ချီသေဆုံးနေသည့်ကာလတွင် စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုနယ်မြေများကို လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသလို စစ်ကြောင်းထိုးမှုများ၊ တိုက်ပွဲများလည်း ရပ်တန့်မထားပေ။

ငလျင်ကြောင့် ရာနှင့်ချီသေဆုံးပြီး အိုးအိမ်ထောင်သောင်းချီ ပျက်စီးနေချိန်တွင် စစ်တပ်က လေကြောင်းတိုက် ခိုက်မှုများဆက်လုပ်နေပြီး စစ်ကြောင်းထိုးမှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ရှိနေကြောင်း စုံစမ်းသိရှိရသည်။ 

ယနေ့ (မတ် ၃၁) နံနက်ပိုင်း မကွေးတိုင်း၊ စလင်းမြို့နယ်ထဲတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စလင်းမြို့နယ်မြောက်ဘက် တညောင်တိုက်နယ်၊ မြို့လှရွာဓာတ်အားပေးစက်ရုံအနီး   နံနက် ၈ နာရီ မှ စပြီး မကွေးအခြေစိုက်လေတပ်မှ လာသည့် စစ်၏လေယာဉ်များက ၄ ကြိမ် ပစ်ခတ်ဗုံးကြဲခဲ့သည်ဟု ဆို သည်။ ဆက်ဖတ်ရန်

————–

ဦးလှသိန်းဗိမာန် ပြိုကျပျက်စီးမှုတွင် သံဃာရုပ်ကလာပ် ၅၀ ​ရရှိထား

မန္တလေးမြို့ ဦးလှသိန်းသာသနာ့ဗိမာန်အဆောက်အဦ ပြိုကျပျက်စီးမှုတွင် ကယ်ဆယ်ရှာဖွေရေး လုပ် ဆောင်နေရာ နှစ်ရက်အတွင်း သံဃာအပါး ၅၀ ခန့် ရုပ်ကလာပ်များ သယ်ယူပြီးဖြစ်ကာ အပျက်အစီးများ ကြားမှ အပုပ်နံ့များရနေကြောင်း ယနေ့ (မတ် ၃၁ ရက်) မွန်းတည့်ချိန်တွင် ထိုနေရာရောက်ရှိနေသူများ ထံက သိရသည်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၅ လမ်း ( ၃၄ လမ်းနှင့် ၃၅ လမ်းကြား) အထပ် ၅ ထပ်ရှိ တိုးချဲ့ ဆောင်နေရာတွင် စာဖြေ သံဃာတော် အပါး ၂၇၀ ခန့် စာမေးပွဲဖြေဆိုနေကြစဉ် ငလျင်ကြောင့်ပြိုကျခဲ့ပြီး အပါး ၇၀ ခန့်သာ လွတ်မြောက်ကာ အပါး ၂၀၀ ခန့် ပိတ်မိနေခြင်း ဖြစ်သည်ဟု သိရသည်။

ရုပ်သံ – ဝီရိယ


————–

“တစ်မြို့လုံး အလောင်းတွေပုပ်ပွပြီး ရောဂါကူးစက်နိုင်တဲ့အထိ ဆိုးတယ်”စစ်ကိုင်းမြို့အခြေအနေ ဆက်သွယ်မေးမြန်းချက်

လတ်တလော စစ်ကိုင်းမြို့မှာ ဒေသအခြေစိုက် လူမှုကူညီရေးအဖွဲ့တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ တစ်နိုင်တစ်ပိုင် လုပ်နေကြပေမယ့် စစ်ကိုင်းတိုင်းတစ်ခုလုံးကို မလွှမ်းခြုံနိုင်သေးသလို ငလျင်ကြောင့် ပြိုပျက်နေတဲ့ အဆောက်အဦတွေမှာ ပိတ်မိနေတဲ့ အလောင်းတွေဟာလည်း အနံ့တွေထွက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းမြို့မှာ လက်ရှိချိန်ထိ နောက်ဆက်တွဲ ငလျင်တွေဆက်တိုက်လှုပ်ခတ်နေသလို

ဒေသခံ ပြည်သူတွေအနေနဲ့လည်း စားနပ်ရိက္ခ၊ ဆေးဝါးနဲ့ သောက်သုံးရေတွေ လိုအပ်နေပါတယ်။

ငလျင်ကြောင့် မြို့လုံးကျွတ်နီးပါး ပျက်စီးမှုကြီးမားခဲ့သလို လူအသေအပျောက်များခဲ့တဲ့ စစ်ကိုင်းမြို့မှာ ကူညီကယ်ဆယ်ရေး အဖွဲ့တွေကို စစ်တပ်က လွယ်လင့်တကူ လာရောက်လို့မရအောင် ပိတ်ဆို့ စစ်ဆေးမှုတွေရှိနေပြီး သူတို့ခွင့်ပြုချက်ရှိမှာသာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခွင့်ပြုထားတယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းမြို့ရဲ့ လက်ရှိ ကူညီကယ်ဆယ်ရေး အခြေအနေတွေ ၊ မြို့ပျက်စီးမှု အနေအထားတွေအပါအဝင် ငလျင်လှုပ်ချိန်မှာ ကိုယ်တိုင်အသက်ဘေးကနေ လွတ်မြောက်လာခဲ့တဲ့ စစ်ကိုင်းမြို့ဒေသခံတစ်ဦးကို မတ်လ ၃၀ရက်နေ့ ညပိုင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မေးမြန်း – ကိုလှိုင်း

————–

ငလျင်ဒဏ်သင့် ပြည်သူများကို ဂျပန်အစိုးရ အကူအညီပေးမည်၊ JICA အဖွဲ့များလည်း ရောက်လာပြီ

ငလျင်ဒဏ်သင့် ပြည်သူများကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှတစ်ဆင့် အကူအညီပေးသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ယနေ့ (မတ်လ ၃၁ ရက်) တွင် ထုတ်ပြန်သည်။

“ဂျပန်နိုင်ငံအစိုးရသည် လူသားချင်းစာနာထောက်ထားသည့်အနေဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံသူနိုင်ငံသားများနှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးအရလည်းကောင်း ငလျင် ဒဏ်သင့်ပြည်သူများအတွက် အရေးပေါ်ကူညီကယ်ဆယ်ထောက်ပံ့ရေးကို လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်” ဟု သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဂျပန်နိုင်ငံ၏ အကူအညီများတွင် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ဆေးဘက်ဆိုင်ရာ ပညာရှင်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (JDR) များကို မြန်မာနိုင်ငံသို့ စေလွှတ်ခြင်းတို့လည်းပါဝင်သည်။

အဆိုပါ အဖွဲ့ဝင်များ ယနေ့ညနေတွင် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စတင်ရောက်ရှိလာပြီဟုလည်း သံရုံးက ထုတ်ပြန်ထားသည်။

ငလျင်ဒဏ်သင့်ပြည်သူများအတွက် တရုတ်၊ ဂျပန်၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ အာဆီယံနိုင်ငံများမှ ဆေးဝါးနှင့် အလှူငွေများလည်း ထည့်ဝင်လှူဒါန်းထားကြသည်။

ထိုကူညီမှုများအတွက် အမှန်တကယ်လိုအပ်သူများထံရောက်ရှိရန် သတိပေးချက်များထွက်ပေါ်နေသည်။ သြစတြေးလျအစိုးရသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC မှတစ်ဆင့် ဒေါ်လာ ၂ သန်း အကူအညီပေးထားသည်။ ထိုအကူအညီများအတွက် စစ်အာဏာရှင်အဖွဲ့အစည်းကို တရားဝင်စေမှုမဖြစ်စေရန် အသေအချာကြိုတင်ပြင် ဆင်ဆောင်ရွက်ထားသည်ဟု သြစတြေးလျက ဆိုသည်။

ရုပ်သံ − ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) အဖွဲ့ဝင်များ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာစဉ်။ Credit – မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး

https://www.facebook.com/myanmarnownews/videos/1092382146239821

————–

ဦးလှသိန်းဗိမာန် ပြိုကျပျက်စီးမှုတွင် သံဃာရုပ်ကလာပ် ၅၀ ​ရရှိထား


မန္တလေးမြို့ ဦးလှသိန်းသာသနာ့ဗိမာန်အဆောက်အဦ ပြိုကျပျက်စီးမှုတွင် ကယ်ဆယ်ရှာဖွေရေး လုပ် ဆောင်နေရာ နှစ်ရက်အတွင်း သံဃာအပါး ၅၀ ခန့် ရုပ်ကလာပ်များ သယ်ယူပြီးဖြစ်ကာ အပျက်အစီးများ ကြားမှ အပုပ်နံ့များရနေကြောင်း ယနေ့ (မတ် ၃၁ ရက်) မွန်းတည့်ချိန်တွင် ထိုနေရာရောက်ရှိနေသူများ ထံက သိရသည်။

“ မနေ့ကနဲ့ဒီနေ့ မှာ မနေ့ကတော့ အလောင်း ၅၀ လောက် ဖော်ထုတ်ပြီးသွားပြီပေါ့။ အလောင်း ၅၀ ကို လည်း ကားတွေနဲ့ တင်ပြီးသွားပြီ ပြောတယ်၊ ဆက်ပြီးတော့လည်းလုပ်နေကြတယ်” ကယ်ဆယ်ရေးသမား များကို ကိုးကား၍ ထိုနေရာရောက် မန္တလေးသားတစ်ဦးက ပြောသည်။

“ ဦးလှသိန်းဗိမ္မာန်ရောက်တဲ့အခါကြတော့ ကယ်ဆယ်ရေးလုပ်နေတဲ့နေရာကို စဝင်လိုက်တာနဲ့ အပုပ်နံ့တွေ ရနေတာ။ အပုပ်နံ့တွေ အများကြီးထွက်လာတာပေါ့။ တကယ်ဆိုးဆိုးရွားရွားကို ထွက်တယ်။ Mask ကို ၃ ထပ်လောက် တပ်ရတယ်။ ၃ ထပ်လောက်တပ်ပြီး သွားတာတောင်မှ လေကြောင်းသင့်ရင် (အနံ့က) ပိုဆိုး တယ်ပေါ့။ ရာသီဥတုကလည်းပြင်းတော့ ဒီအနံံတွေက တကယ်ကို ဆိုးနေတယ်ပေါ့” ဟု အထက်ပါအမျိုးသားက ဆိုသည်။

၎င်းရောက်ရှိနေစဉ်အတွင်း ရုပ်အလောင်း ၃ လောင်းကိုလည်း သယ်ထုတ်လာသည်ကို တွေ့ရကြောင်း ပြောသည်။

“ နံနက် ၁၀ နာရီခွဲလောက်မှာ တစ်လောင်းပေါ်တယ်။ နောက် တစ်နာရီလောက်မှာ တစ်လောင်းပေါ်တယ်။ ကျွန်တော် တွေ့ခဲ့တာတော့ ၃ လောင်းတွေ့ခဲ့တယ်။ အဲ ၃ လောင်းကိုရဖို့ ကွန်ကရစ်ပြားကြီးတွေကို ထိုးစက်တွေနဲ့ ထိုးခွဲပြီးတော့ ကရိန်းတွေနဲ့ ကွန်ကရစ်ပြားတွေကိုမပြီး အလောင်းတွေကို ဖော်ရတာပေါ့ နော်။ အလောင်းတွေကလည်း ပုံပျက်ဆင်းပျက်ဖြစ်နေပြီးတော့ လုံးဝကြည့်လို့အဆင်မပြေတဲ့ပုံစံတွေ တောင် ဖြစ်နေပြီပေါ့”

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၅ လမ်း ( ၃၄ လမ်းနှင့် ၃၅ လမ်းကြား) အထပ် ၅ ထပ်ရှိ တိုးချဲ့ ဆောင်နေရာတွင် စာဖြေ သံဃာတော် အပါး ၂၇၀ ခန့် စာမေးပွဲဖြေဆိုနေကြစဉ် ငလျင်ကြောင့်ပြိုကျခဲ့ပြီး အပါး ၇၀ ခန့်သာ လွတ်မြောက်ကာ အပါး ၂၀၀ ခန့် ပိတ်မိနေခြင်း ဖြစ်သည်ဟု သိရသည်။

“ အပါး ၂၇၀ မှာ ပထမဆုံး ငလျင်စလှုပ်တဲ့အချိန်မှာတော့ သံဃာတော်တွေက ပုံမှန်လောက်ပဲ ထင်ပြီး ဒုတိယအကြိမ်လောက်ကြတော့ ထွက်ပြေးကြတာပေါ့။ အရေးပေါ်ကနေ ထွက်ပြေးသွားနိုင်တဲ့ အပါး ၇၀ က လွတ်သွားတယ်လို့ ကယ်ဆယ်ရေးလုပ်တဲ့သူတွေက ပြောတယ်ဗျ။ ကျန်တဲ့အပါး ၂၀၀ ကတော့ လော လောဆယ်ကတော့ ဒီဗိမာန်အောက်မှာပဲ ရှိနေတယ်ပေါ့။ မျှော်လင့်ချက်ကတော့ နည်းနေပြီလို့ ပြောတယ်”

ယမန်နေ့ နံနက် ၇ နာရီမှ စတင်၍ ဦးလှသိန်းသာသနာ့ဗိမာန်အဆောက်အဦ ပြိုကျပျက်စီးရာနေရာတွင် မီးသတ်တပ်ဖွဲ့ဝင် ၅၅ ဦးနှင့်အတူ ဟောင်ကောင်မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ကူညီရှာဖွေနေကြ သည်ဟု မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယနေ့တွင်လည်း အိန္ဒိယကယ်ဆယ်ရေးအဖွဲ့ဝင်များ ရောက်ရှိနေသည်ကို တွေ့ခဲ့ရသည်ဟု သိရသည်။

“ အိန္ဒိယကယ်ဆယ်ရေးတွေ တွေ့ခဲ့တယ်။ အိန္ဒိယက ကယ်ဆယ်ရေးနဲ့ မြန်မာမီးသတ်တွေပေါင်းပြီး လုပ် နေတာတွေ တွေ့ခဲ့တယ်၊ နောက်ပြီး ကယ်ဆယ်ရေးတွေမှာ ထမင်းစားရတဲ့အခက်အခဲ ရှိတယ်။ ထမင်း၊ ရေလေးတွေ လိုနေတယ်” ဟု အထက်ပါ မန္တလေးမြို့ခံက ဆိုသည်။

“ မြင်နေရတဲ့ကွန်ကရစ်ပြားကြီးတွေက ဒီဗိမာန်ရဲ့ ၅ လွှာအပေါ်ဆုံးထပ်လို့ပြောကြတယ်။ ၅ ထပ်ကို ရောက်နေတာပေါ့။ ငလျင်စလှုပ်တဲ့အချိန်မှာ သိမ့်ခနဲ့ဆိုပြီး အဲဒါက ပြိုဆင်းသွားတာ။ အောက်မှာ ကွဲ ထွက်ပြီးတော့ ၅ ထပ်ကြီးတစ်ခုလုံးက အောက်ကို ပြိုကျသွားတာပေါ့” ဟု ပြိုကျစဉ်က အခြေအနေကို မျက်မြင်များကို ကိုးကား၍ ၎င်းက ဆက်ပြောသည်။

(ဓာတ်ပုံများ- ဝီရိယ)

————–

စစ်တပ်ကကျန်းမာရေးကဏ္ဍကို နှိပ်ကွပ်ထားမှုကြောင့်ငလျင်ဒဏ်ခံရသူများအကူညီမဲ့နေ

ဆေးကုသမှု အငြိုးတကြီး ပိတ်ပင်ခံနေရချိန်တွင် ငလျင်ကြောင့် ဆေးရုံ အများအပြား ပျက်စီးသွားရာ အာဏာသိမ်းစစ်တပ်၏ စနစ်တကျ ဖျက်ဆီးထားမှု ထင်ထင်ရှားရှား ပေါ်ပေါက်လာသည်။

မတ်လကုန်ပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံတွင် အချိန်တိုအတွင်း ပျက်စီးဆုံးရှုံးမှုများ ပေါ်ပေါက်လာသလို ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို စနစ်တကျဖျက်ဆီးထားသည့် အာဏာသိမ်းစစ်တပ်က  ကျန်းမာရေးဝန်ထမ်းများကို ဖမ်းဆီးထားခြင်းကြောင့်လည်း ထိခိုက်သေဆုံးမှုများ ဆိုးရွားစွာဖြစ်ပေါ်နေသည်။ 

မတ် ၂၈ မွန်းတည့်ချိန်က ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် သေဆုံးသူဦးရေ ၁၇၀၀ ကျော်လာပြီဖြစ်သည်။ ထို့အတူ ငလျင်ဒဏ်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခြေခံအဆောက်အအုံ များလည်း ပြိုကျပျက်စီးသွားသည်။ 

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ အကြီးဆုံး ပြည်သူ့ဆေးရုံတစ်ခုဖြစ်သည့် ကုတင် ၁၀၀၀ ၌ အရေးပေါ်ဌာနတစ်ခုလုံး ပြိုကျပျက်စီးသွားခဲ့သလို ပျဉ်းမနားမြို့နယ်တွင်လည်း ကုတင် ၂၀၀ ဆံ့ မြို့နယ်ဆေးရုံအပါဝင် အခြားဆေးရုံများလည်း ထိခိုက်ပျက်စီးရသည်။ ဆက်ဖတ်ရန်

————–

အိုးအိမ်မဲ့သွားသည့် မန္တလေး ဒေသခံများ နေပူထဲတွင် အမိုးအကာမဲ့ နေထိုင်နေရ

ငလျင်ကြောင့် အိုးအိမ်နှင့်တိုက်များပြိုကျပျက်စီးသွားရာ နေထိုင်ရန် အိမ်မရှိတော့သည့် မန္တလေးဒေသခံများ အပူချိန် ၄၀ ဒီဂရီအထိပူပြင်းသည့် နေပူထဲတွင် နေနေကြရသည်ဟု ကမ္ဘာ့ကြက်ခြေနီအဖွဲ့ ICRC မန္တလေးရုံးခွဲတာဝန်ခံ Ross Farmery က ပြောသည်။

ထိုသို့သော အိုးအိမ်မဲ့များအတွက် သြစတြေးလျအစိုးရက ICRC မှတစ်ဆင့် ဒေါ်လာ ၂ သန်းပြည်သူများကို အကူအညီပေးသွားမည်ဟု ဆိုသည်။

နိုင်ငံတကာ၏ အကူအညီများနှင့်ပတ်သက်၍ ထိရောမှုရှိရန် သတိပေးချက်များ ထွက်ပေါ်နေပြီး ဩစတြေလျ၏ ထုတ်ပြန်ချက်တွင် “မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းထံသို့ မည်သည့်တိုက်ရိုက်အကူအညီမှ ပေးအပ်ခြင်းမရှိသလို မြန်မာနိုင်ငံအတွက် မိမိတို့၏အကူအညီများသည် စစ်အာဏာရှင်အဖွဲ့အစည်းကို တရားဝင်စေမှုမဖြစ်စေရန် အသေအချာကြိုတင်ပြင် ဆင်ဆောင်ရွက်ထားသည်ဟု ဆိုသည်။

ငလျင်ကြောင့် အခြေခံလိုအပ်ချက်များဖြစ်သည့် ရေ၊ လျှပ်စစ်လည်းမရဘဲဖြစ်နေသည်ဟု သိရပြီး Myanmar Now ကရရှိထားသည့် သတင်းများအရ မန္တလေး၊ စစ်ကိုင်းဒေသခံများ၏ အိုးအိမ်အမြောက်အများ ပျက်စီးသွားပြီး ညဘက်တွေလည်း ကွင်းပြင်များတွင် အိပ်နေကြရသည်ဟု သိရှိရသည်။

ထို့ပြင် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ ဌာနဆိုင်ရာ အဆောက်အဦးများစွာလည်း ပျက်စီးပြိုကျသွားရာ စစ်ခေါင်းဆောင်၊ ဒုတိယ စစ်ခေါင်းဆောင်နှင့် ယင်းလက်အောက်ခံ ဌာနဆိုင်ရာအရာရှိများသည်လည်း ရုံးခန်းမရှိတော့ဘဲ ဖြစ်နေပြီး ပြိုကျပျက်စီးနေသည့် အဆောက်အဦများ အပြင်ဘက်တွင် အစည်းအဝေးလုပ်နေကြရသည်ကို တွေ့မြင်ရသည်။

ရုပ်သံ− ICRC Myanmar

https://www.facebook.com/myanmarnownews/videos/584968107915740

————–

နိုင်ငံအဆင့်ဝမ်းနည်းကြောင်း တစ်ပတ်တိတိ စစ်ကောင်စီသတ်မှတ်

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် လူအသက်များစွာဆုံးရှုံးမှု နှင့် ပျက်စီးဆုံးရှုံးမှုများအတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် နိုင်ငံအဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် စစ်ကောင်စီက ကြေညာသည်။

မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ ၇ ရက်တာကာလကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ အဖြစ်သတ်မှတ်လိုက်ပြီး ထို့နေရက်များကို နိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူထားကြရမည်ဟု ဆိုထားသည်။

စစ်ကောင်စီ ထုတ်ပြန်ချက်အရ ငလျင်ကြောင့် သေဆုံးသူပေါင်း ၁၇၀၀ ကျော်ရှိလာပြီး ဒဏ်ရာရရှိသူ ၃၄၀၀ ကျော်ရှိသည်ဟု သိရသည်။

ပုံစာ − ငလျင်ကြောင့် သေဆုံးသွားသည့် မန္တလေးမြို့ခံများ၏ နာရေးကို တွေ့ရစဉ်။ ဓာတ်ပုံ − ကံကောင်း

————–

ကျုံးဘေးပလက်ဖောင်းနဲ့ လမ်းလယ်ကျွန်းပေါ်မှာ မန်းဒေသခံတွေ ယာယီခိုလှုံနေကြရ

ငလျင်ကြောင့် နေအိမ်အဆောက်အဦ ပြိုကျ၊ ပျက်စီးသွားသူတွေနဲ့ ငလျင်နောက်ဆက်တွဲအခြေအနေတွေကြောင့် မန္တလေးမြို့ ဒေသခံတချို့ဟာ ကျုံးဘေးက ပလက်ဖောင်းတွေပေါ်မှာ၊ လမ်းလယ်ကျွန်းတွေပေါ်မှာပဲ ဖြစ်သလို နေထိုင်အိပ်စက်နေကြရပါတယ်။

လက်ရှိမှာ ခြင်ထောင်တွေ၊ ခြင်ဆေးခွေတွေနဲ့ ခြင်ဆေးဖျန်းတဲ့ Spray ဗူးတွေ အရေးပေါ်လိုအပ်တယ်လို့ မြို့ခံကူညီကယ်ဆယ်ရေးသမားတစ်ဦးက Myanmar Now ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ မတ်လ ၃၀ရက်ညပိုင်း ထုတ်ပြန်ချက်အရ ငလျင်ကြောင့် သေဆုံးသူပေါင်း ၁၇၀၀ကျော် ရှိလာပြီး၊ ဒဏ်ရာရသူ ၃၄၀၀ ကျော်အထိ မြင့်တက်လာပါတယ်။

ရုပ်သံ – ပေးပို့

https://www.facebook.com/myanmarnownews/videos/547036791302495

————–

မန္တလေးတွင် အန္တရာယ်များလင့်ကစား ရှာဖွေရေးလုပ်ငန်းများ ဆက်လုပ်ပေးနေ

အင်အားပျော့ ငလျင်များ ပေါ်ပေါက်နေခြင်း၊ မြေပြိုနိုင်ခြင်း စသည့် ငလျင် နောက်ဆက်တွဲ အခြေအနေများ ရှိနေလင့်ကစား မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့်အဆောက်အဦးပျက်များတွင် ပိတ်မိနေသူများကို ရှာဖွေသည့် လုပ်ငန်း ဆက်လက် လုပ်ကိုင်နေသည်ဟု မြေပြင်ရှိ ကူညီကယ်ဆယ်ရေးသမားများထံက သိရသည်။

Sky Villa တွင် ရှိနေသည့် ကယ်ဆယ်ရေးအဖွဲ့ဝင်တချို့ အခြားနေရာများသို့ ပြောင်းရွှေ့လုပ်ကိုင်နေသည်ဟု မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ပြောသည်။

“အဖွဲ့တွေ နေရာရွှေ့တာတွေတော့ ရှိတာပေါ့။ ဒါပေမဲ့လည်း မီးသတ်အဖွဲ့တွေ၊ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကတော့ အကုန်လုံးတော့ Sky Villa မှာ ရှိနေပါသေးတယ်။ မနေ့ကဆိုရင်လည်း ငလျင်ထပ်လှုပ်တယ်ဗျာ၊ အန္တရာယ်များတယ်၊ ထွက်ပြေးရတယ်၊ ထိခိုက်အနာတရ ဖြစ်သူတွေလည်း များခဲ့တယ်” ဟု သူက ပြောသည်။

အဆောက်အဦပျက်များအတွင်း ရုပ်အလောင်းတစ်ခု ထုတ်ယူရန် ကယ်ဆယ်ရေးအဖွဲ့တို့က နာရီနှင့်ချီကြာအောင် ခက်ခက်ခဲဲခဲ ဆောင်ရွက်နေရပြီး ကယ်ဆယ်ရေးအဖွဲ့တို့၏ လုံခြုံရေးကို ထည့်သွင်းစဉ်းစားနေရသည်ဟု ကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

မန္တလေးမြို့ Sky Villa ကွန်ဒိုတွင် နာရီပေါင်း ၆၀ ကျော် ပိတ်မိနေသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး၊ ၅ နှစ်အရွယ်ကလေးငယ်နှင့် အသက် ၂၉ နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့ကို တရုတ်ကယ်ဆယ်ရေးအဖွဲ့များက ယနေ့ (မတ်လ ၃၁ ရက်) နံနက် ၅ နာရီကျော်တွင် ကယ်တင်နိုင်ခဲ့သည်။

ညလုံးပေါက် အင်တိုက်အားတိုက်ကယ်ဆယ်ခဲ့သည်ဟု ရန်ကုန် တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

မတ်လ ၃၁ ရက် နံနက် ၁း၄၀ တွင်လည်း မန္တလေးမြို့ ဂရိတ်ဝေါဟိုတယ်(Great Wall Hotel)တွင် ပိတ်မိနေသူ အမျိုးသားတစ်ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု ဆိုသည်။

လတ်တလောတွင် သံဃာတော် အများအပြား ပိတ်မိနေခဲ့သော ဦးလှသိန်း ဗိမာန်ပြိုကျမှုမှ ပျောက်ဆုံး သံဃာများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဦးဆောင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု အထက်ပါ မြေပြင်ကယ်ဆယ်ရေးလုပ်နေသူက ဆိုသည်။

ဦးလှသိန်း ဗိမာန်အတွင်း စာမေးပွဲဖြေဆိုနေသော သံဃာ အပါး ၂၀၀ ကျော်ရှိသည်၊ ယမန်နေ့ မတ်လ ၃၀ ရက်အထိ သံဃာ ၇၁ ပါး ကယ်ထုတ်နိုင်ခဲ့ပြီး ၁၃ ပါး ပျံလွန်တော်မူ ထားသည်ဟု ဘီဘီစီ(မြန်မာပိုင်း) က ဖော်ပြထားသည်.။

မတ်လ ၃၀ ရက် ညပိုင်း စစ်ကောင်စီ ထုတ်ပြန်ချက်အရ ငလျင်ကြောင့် သေဆုံးသူပေါင်း ၁၇၀၀ ကျော်ရှိလာပြီး ဒဏ်ရာရရှိသူ ၃၄၀၀ ကျော်ရှိသည်ဟု သိရသည်။ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးမြို့များတွင် အပျက်အစီများပြီး လျှပ်စစ်မီးလည်း မရဘဲဖြစ်နေသည်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် နိုင်ငံတကာ ငလျင်လှုပ်ခတ်မှု စောင့်ကြည့်ရေးအဖွဲ့ USGS က ပြင်းထန်သည့် မြန်မာငလျင်ကြောင့် လူဦးရေ တစ်သောင်းမှ တစ်သိန်းကြား သေဆုံးနိုင်ခြေရှိသည်ဟု မတ်လ ၂၉ ရက်နေ့တွင် ခန့်မှန်းထားသည်။ Myanmar Now


ငလျင်ကြောင့် စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ရုံးခန်းပျောက်

ငလျင်နှင့်ပတ်သက်သည့် ကူညီကယ်ဆယ်ရေး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အထူးအ‌ရေးပေါ်အစည်းအဝေးကို ယမန်နေ့ (မတ်လ ၃၀) ရက်က အွန်လိုင်းမှ ပြုလုပ်ရာ စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးသည်ပင် တက်ရောက်မည့်ရုံးခန်းမရှိဘဲ ပျက်စီးနေသည့် အဆောက်အဦး၏ အပြင်ဘက်တွင် ခုံတစ်လုံးဖြင့် တက်ရောက်ဆွေးနွေးခဲ့သည်ကို တွေ့ရသည်။

အစည်းအဝေးတွင် စစ်ကောင်စီ ပျောက်ဆုံးနေသူများ ရှာဖွေကယ်ဆယ်‌ရေးနှင့် ယာယီနေထိုင်နိုင်ရန် ကျန်းမာရေး စောင့်ရှောက်မှုများအတွက် အဓိကအကူအညီလိုများ ပြင်ဆင်ဆောက်လုပ်ရန် လိုအပ်ချက်များကို ကူညီပေးရန် စစ်ကောင်စီဝန်ကြီး ဦးသန်းဆွေက တောင်းဆိုခဲ့သည်။

အထူးအစည်းအဝေးအပြီး ကြေညာချက်တစ်ရပ် ထုတ်ပြန်ရာတွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Mohamad Hasan နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa တို့သည် လာမည့် ဧပြီလ ၅ ရက်နေ့တွင် စစ်ကိုင်းငလျင်ကြောင့် ဖြစ်ပေါ်သော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်မှု အတိုင်းအတာကို ဆန်းစစ်လေ့လာရန် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။

ငလျင်ကြောင့် စစ်ဗိုလ်ချုပ်ကြီးများ ရုံးစိုက်ရာ နေပြည်တော်တွင် စစ်ကောင်စီ၏ စစ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများ ငလျင်ကြောင့် ပြိုလဲပျက်စီးခဲ့ပြီး လူသေဆုံး၊ ထိခိုက်မှုများဖြစ်ပေါ်ခဲ့ကာ စစ်ကောင်စီဝန်ထမ်းများ နီးစပ်ရာများတွင် ခိုလှုံနေထိုင်နေရသည်ဟု သိရသည်။

ပျက်စီးပြိုကျခဲ့သည့်နေရာများတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် အလုပ်သမားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားဌာန အဆောက်အဦများပါဝင်ကာ ဝန်ထမ်းအိမ်ရာများဖြစ်သော ခရေအိမ်ရာ တိုက်အမှတ် ၁၃၂၊ ၁၃၃၊ ၁၃၄ ၊ ဧက ၁၀၀၀ တိုက်အမှတ် ၁၃၂၂ ၊ ၁၃၂၇ ၊ တိုက်အမှတ် ၁၃၀၇ တို့ ပြိုကျပျက်စီးခဲ့သည်၊ ဧက ၂၀၀၀၊ ဧက ၃၀၀၀ တို့ဘက်မှ ဝန်ထမ်းအိမ်ရာများလည်း ပါဝင်သည်ဟု သိရသည်။

အဆောက်အဦးအပျက်ပပြင်ဘက်တွင် အစည်းအဝေးတက်နေသည့် စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ (ဓာတ်ပုံ − Ministry of Foreign Affairs Myanmar)

————–

ငလျင်ဒဏ်သင့်ပြည်သူများအတွက် Operation Brahma (ဗြဟ္မာ) အမည်ဖြင့် အိန္ဒိယကူမည် “ကမ္ဘာကြီးဟာ မိသားစုတစ်ခုပါ” ဟု ဝန်ကြီးချုပ်ပြော

ငလျင်ဒဏ်အပြင်းအထန်ခံစားရသည့် မြန်မာပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် အကူအညီပေးရေးလုပ်ဆောင်ချက် (Operation Brahma) အမည်ဖြင့် အိန္ဒိယက အကူအညီများပေးနေသည်ဟု အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာ မိုဒီက ဆိုသည်။

“အိန္ဒိယနိုင်ငံဟာ အဲဒီ(မြန်မာနိုင်ငံ)ကို အရင်ဆုံးရောက်ရှိပြီး စစ်ဆင်ရေး ကို စတင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ အကူအညီပေးဖို့အတွက် အချိန်မဆွဲပါဘူး” ဟု အိန္ဒိယ ဝန်ကြီးချုပ်က ပြောဆိုသွားသည်။ ဟင်ဒီဘာသာစကားဖြင့် ‘Vasudhaiva Kutumbakam’ ဟု အဆိုစကားအတိုင်း “ကမ္ဘာကြီးတစ်ခုလုံးဟာ မိသားစုတစ်ခုပါ” ဟုလည်း မိုဒီက ဆိုသည်။

အိန္ဒိယနိုင်ငံသည် အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုများ လုပ်နိုင်သည့် ရွေ့လျားဆေးရုံနှင့် အဖွဲ့ဝင် ၁၁၈ ဦး (အမျိုးသမီးနှင့် ကလေးသူငယ်စောင့်ရှောက်ရေးများအပါအဝင်)နှင့် ကူညီကယ်ဆယ်ရေးပစ္စည်း တန် ၆၀ ပါဝင်သော C-17 လေယာဉ်နှစ်စီးကို ယမန့်က မြန်မာနိုင်ငံသို့ စေလွှတ်ထားသည်။ ထို့ပြင် တစ်ရက်အတွင်း မြန်မာနိုင်ငံသို့ အိန္ဒိယမှ ကူညီကယ်ဆယ်ရေးလေယာဉ် ၅ စီး ဆင်းသက် ကူညီခဲ့ပြီးဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ထားသည်။

ရုပ်သံ − Asian News International (ANI)

https://www.facebook.com/myanmarnownews/videos/651936720868508

————–

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ မြန်မာငလျင် အရေးပေါ် အထူးအစည်းအဝေးခေါ်ယူ

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၇.၇ အဆင့်ရှိ ဖျက်အားပြင်းငလျင်ကြီး လှုပ်ခတ်သွားပြီးနောက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေး နိုင်ရန် အရေးပေါ် အထူးအစည်းအဝေးတစ်ရပ်ကို မတ်လ ၃၀ ရက်နေ့တွင် အွန်လိုင်းမှ ခေါ်ယူကျင်းပခဲ့သည်။

အဆိုပါ အရေးပေါ် အထူးအစည်းအဝေးအပြီး ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ အာဆီယံ ထုတ်ပြန်ချက် အရ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Mohamad Hasan နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Maris Sangiampongsa တို့သည် လာမည့် ဧပြီလ ၅ ရက်နေ့တွင် စစ်ကိုင်းငလျင်ကြောင့် ဖြစ်ပေါ်သော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်မှု အတိုင်းအတာကို ဆန်းစစ်လေ့လာရန် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။ဆက်ဖတ်ရန်

————–

ငလျင်ဒဏ်ကြောင့် မြန်မာကလေးငယ် သန်းပေါင်းများစွာ ဆိုးရွားသည့် အန္တရာယ်နှင့် ကြုံနေရဟု UNICEF သတိပေး

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အား ၇.၇ ရစ်ချ်စတာစကေးရှိ ငလျင်ကြောင့် ကလေးငယ်သန်းပေါင်းများစွာ ဆိုးရွားသည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂနိုင်ငံတကာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က သတိပေးသည်။

ငလျင်ကြောင့် မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ ပဲခူးနှင့် ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၌ ပျက်စီးမှု ဖြစ်စေခဲ့သည့်အပြင် ကလေးငယ်များလည်း အဆိုးဆုံး ထိခိုက်ခံရသူများထဲတွင် ပါဝင်ခဲ့သည်။

UNICEF အမှုဆောင် ဒါရိုက်တာ ကက်သရင်းရပ်ဆဲလ်က “ဒီမြေငလျင်ဟာ မြန်မာနိုင်ငံက ကလေးတွေအတွက် ရက်စက်ကြမ်းတမ်းတဲ့ နောက်ထပ် ထိုးနှက်ချက်တစ်ခုပါပဲ။ သူတို့ဟာ သူတို့ရဲ့ ချစ်ရသူတွေ၊ အိမ်တွေနဲ့ အခြေခံရရှိရမယ့် ဝန်ဆောင်မှုတွေကို ဆုံးရှုံးခဲ့ရပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

အိမ်များ၊ ကျောင်းများ၊ ဆေးရုံများနှင့် အရေးကြီးသော အခြေခံအဆောက်အအုံများ ဆိုးရွားစွာ ပျက်စီးခဲ့သည့်အပြင် လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးများလည်း ပြတ်တောက်သွားခဲ့သလို မြေပြိုမှုများနှင့် လမ်းများပြိုကျသွားခြင်းကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ပိုမိုနှောင့်နှေးစေခဲ့သည်ဟု UNICEF က ဖော်ပြထားသည်။

UNICEF အဖွဲ့များက အရေးပေါ်အကူအညီများ ပေးအပ်ရန်နှင့် ကျန်းမာရေးသုံးပစ္စည်းများ၊ တဲများနှင့် သန့်ရှင်းရေးပစ္စည်းများ အပါအဝင် တန် ၈၀ ရှိသော ထောက်ပံ့ရေးပစ္စည်းများကို ပေးပို့ရန် အသင့်ရှိနေသည်ဟု ပြောကြားထားသည်။

အကူအညီများ အရေးပေါ် လိုအပ်နေသူများထံ ရောက်ရှိရန်အတွက် ရန်ပုံငွေပိုမိုရရှိရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများရရှိနိုင်ရန် အရေးတကြီး တောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် ငလျင်မတိုင်မီကပင် ကလေးငယ် ၆.၅ သန်းသည် လက်ရှိဖြစ်ပွားနေသော စစ်ပွဲများနှင့် နေရပ်စွန့်ခွာရခြင်းများကြောင့် အကူအညီလိုအပ်လျက်ရှိသလို ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတောင်းခံရာတွင် ၁၀ ရာခိုင်နှုန်းအောက်သာ ရန်ပုံငွေရရှိထားသောကြောင့် UNICEF သည် ထိခိုက်ခံရသော ကလေးများနှင့် မိသားစုများအတွက် အသက်ကယ်ဆယ်နိုင်ရေး အကူအညီများကို အမြန်ဆုံးတိုးမြှင့်ပေးရန် ကမ္ဘာ့နိုင်ငံများသို့ အကူအညီတောင်းဆိုထားသည်။

(ပုံစာ − ငလျင်ဒဏ်ခံ ပြည်သူများကိုတွေ့ရစဉ်။ ဓာတ်ပုံများ − EPA/ UNICEF)

(ပုံစာ − ငလျင်ဒဏ်ခံ ပြည်သူများကိုတွေ့ရစဉ်။ ဓာတ်ပုံများ − EPA/ UNICEF)

————–

ငလျင်အတွက် KIO အကူအညီပေးမည်

ငလျင်ကြောင့် ပျက်စီးသွားသည့် မြို့ရွာများ ပြန်လည်ထူတောင်ရန်နှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေမးည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO က မတ်လ ၃၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။

မတ်လ ၃၀ က တွေ့ရသည့် ပျဥ်းမနားမြို့က ငလျင်ကြောင့် ပျက်စီးနေမှု (Myanmar Now)

KIO တပ်ဖွဲ့ဝင်များသည် မြေငလျင်ဘေးဒဏ်သင့် ဒေသများသို့ သွားရောက်အကူအညီပေးရန် အခက်အခဲများရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အခြားသောလက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ၏ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့ဖြစ်သည့် ‘ဝ’ ပြည်နယ်ပြည်သူ့အစိုးရက ငလျင်ဘေးသင့် ပြည်သူများအတွက် အလှူငွေ ကျပ်သန်းပေါင်း ၂၀၀၀ လှူဒါန်းမည်ဟု ထုတ်ပြန်ထားသည်။

ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း ငလျင်ဒဏ်သင့်သူများအတွက် အရေးပေါ်လိုအပ်မှုများကို တုံ့ပြန်ကူညီဆောင်ရွက်နိုင်ရန် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသ၍ တတ်နိုင်သည့်နည်းလမ်းမှ ပါဝင်သွားမည်ဟု ထုတ်ပြန်ထားသည်။

သို့သော် နိုင်ငံတကာ အကူအညီများ အမှန်တကယ် လိုအပ်နေသူများထံရောက်ရန်လည်း KNU က သတိပေးထားသည်။

————–

ဝတ်ပြုရန် ဗလီမရှိတော့သည့် အစ္စလာမ် ဘာသာဝင်များ၏ အစ်နေ့ (Eid)

ငလျင်ဒဏ်ကြောင့် မန္တလေးမြို့ရှိ ဗလီများပျက်စီးသွားရာ ယနေ့ (မတ်လ ၃၁ ရက်) တွင် ကျရောက်သည့် အစ္စလာမ်ဘာသာဝင်များ၏ အစ်နေ့ (Eid) ကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် စင်္ကြာနွယ်စဉ်အရပ် လမ်းမပေါ်တွင် ပြုလုပ်နေကြရစဉ်။

“ဒီလိုမျိုးဖြစ်ရပ်ကို ကျွန်တော်တို့ တခါမှမကြုံခဲ့ဖူးပါဘူး။ ကျွန်တော်တို့ ဗလီတွေ အများကြီးပျက်စီးသွားတယ် ရှိတာတွေက သုံးလို့အဆင်မပြေတဲ့ ဗလီတွေ ကြံ့ခိုင်မှုစစ်ဆေးဖို့လိုတဲ့ ဗလီတွေဖြစ်သွားရတယ်။ အုပ်ပုံတွေအောက်မှာ ကျွန်တော်တို့ဆွေမျိုးတွေ အခုထိရှိနေပါသေးတယ်။ ဒီနေ့ အစ်နမာဇ်ကိုဖတ်ပြီးရင် နောက်ရက်‌တွေ ဂျနာဇာဆိုတဲ့နာရေး ဝတ်ပြုမှုတွေ ဆက်တိုက်ကျွန်တော် ဝမ်းနည်းစွာပြုလုပ်နေရဦးမှာပါ” ဟု အသက် ၃၀ ကျော်အရွယ် မူဆလင် လူငယ်တစ်ဦးက Myanmar Now ကို ပြောသည်။

https://www.facebook.com/myanmarnownews/videos/1578429532872561

————–

Sky Villa ကွန်ဒိုတွင် ပိတ်မိနေသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် ၅ နှစ်အရွယ်ကလေးငယ်တို့ကို ကယ်တင်နိုင်ပြီ

ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ Sky Villa ကွန်ဒိုတွင် နာရီပေါင်း ၆၀ ကျော် ပိတ်မိနေသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး၊ ၅ နှစ်အရွယ်ကလေးငယ်နှင့် အသက် ၂၉ နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့ကို ှ တရုတ်ကယ်ဆယ်ရေးအဖွဲ့များက ယနေ့ (မတ်လ ၃၁ ရက်) နံနက် ၅ နာရီကျော်တွင် ကယ်တင်နိုင်ခဲ့သည်။

တရုတ်ကယ်ဆယ်ရေးအဖွဲ့နှင့် တရုတ် Ramunion Rescue ကယ်ဆယ်ရေး အဖွဲ့တို့က ညလုံးပေါက် အင်တိုက်အားတိုက်ကယ်ဆယ်ခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

မတ်လ ၃၁ ရက် ညနက်ပိုင်း ၁ နာရီ မိနစ် ၄၀ တွင်လည်း မန္တလေးမြို့ ဂရိတ်ဝေါဟိုတယ်(Great Wall Hotel)တွင် ပိတ်မိနေသူ အမျိုးသားတစ်ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု ဆိုသည်။

မတ်လ ၃၀ ရက် ညပိုင်းစာရင်းများအရ ငလျင်ကြောင့် သေဆုံးသူပေါင်း ၁၇၀၀ ကျော်ရှိလာပြီး ဒဏ်ရာရရှိသူ ၃၄၀၀ ကျော်ရှိသည်ဟု သိရသည်။ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးမြို့များတွင် အပျက်အစီများပြီး လျှပ်စစ်မီးလည်း မရဘဲဖြစ်နေသည်။

မတ်လ ၃၀ ရက်ညပိုင်းက Sky Villa ကွန်ဒိုတွင် ပိတ်မိနေသူများကို ကယ်ဆယ်ရေးလုပ်ဆောင်နေသူများကို တွေ့ရစဉ်။ ဓာတ်ပုံ − EPA)

————–

စစ်ခေါင်းဆောင်ကို BIMSTEC အစည်းအဝေး တက်ခွင့်မပေးရန် အဖွဲ့အစည်း ၃၁၉ ဖွဲ့က ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆို

Defend Myanmar Democracy အပါအဝင် မြန်မာနိုင်ငံ စစ်အာဏာရှင် ဆန့်ကျင်ရေး ၃၁၉ ဖွဲ့က မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဘန်ကောက်မြို့တွင် ဧပြီ ၂ ရက်မှ ၄ ရက်အထိ ကျင်းပမည့် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC) ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးမျာသို့ တက်ရောက်ခွင့်မပြုရန် ထိုင်းအစိုးရအား တောင်းဆိုလိုက်ကြောင်း Thai Enquirer သတင်းတွင် ယနေ့ (မတ်လ ၃၀ ရက်က) ဖော်ပြထားသည်။

ထိုင်း ဝန်ကြီးချုပ် ပက်ထောင်တန် ရှင်နာဝပ်နှင့် BIMSTEC ခေါင်းဆောင်များအနေဖြင့် မြန်မာနိုင်ငံမှ တရားမဝင် စစ်အစိုးရအား ကန့်ကွက်သည့် ခိုင်မာသောရပ်တည်ချက်များဖြင့် မင်းအောင်လှိုင်အား ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခြင်းမှ တားဆီးရန်နှင့် BIMSTEC ၏ အစည်းအဝေးများနှင့် ဆောင်ရွက်ချက်အားလုံးမှ မြန်မာစစ်တပ်ကိုယ်စားလှယ်များကို ဖယ်ရှားရန်ပစ်ရန် အဆိုပါ အဖွဲ့များက တောင်းဆိုထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်မှစ၍ မြန်မာစစ်တပ်သည် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် အရပ်သားများနေထိုင်ရာဒေသများအား လေကြောင်းတိုက်ခိုက်မှု ၄၆၃၁ ကြိမ် ပြုလုပ်ခဲ့ပြီး လူပေါင်း ၂၈၉၀၀ ကျော်ကို ဖမ်းဆီးခဲ့သလို လူပေါင်း ၃ သန်းကျော်မှာလည်း နေရပ်စွန့်ခွာထွက်ပြေးနေရသည်။

စစ်တပ်သည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် စွဲချက်တင်ခံထားရပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုများလည်း လုပ်ဆောင်နေသည်။ အာဂျင်တီးနားနိုင်ငံက မင်းအောင်လှိုင်အပါအဝင် မြန်မာနိုင်ငံသား ၂၅ ဦးအတွက် ဖမ်းဝရမ်းများ ထုတ်ပြန်ထားသည်။

မြန်မာစစ်တပ်သည် တရားဝင်အစိုးရမဟုတ်ကြောင်းနှင့် မည်သည့် BIMSTEC လှုပ်ရှားမှုတွင်မဆို မြန်မာနိုင်ငံကို ကိုယ်စားမပြုသင့်ကြောင်း အဖွဲ့ပေါင်း ၃၁၉ ဖွဲ့၏ တိုက်တွန်းချက်တွင်ဖော်ပြထားသည်။ စစ်တပ်နှင့် ထိတွေ့ဆက်ဆံမှု ပြုလုပ်ခြင်းသည် ၎င်းတို့၏ ရပ်တည်ချက်ကို အားကောင်းလာစေပြီး လုပ်ရပ်များကိုလည်း တရားဝင်ဖြစ်စေကြောင်း အဖွဲ့များက သတိပေးသည်။

အာဆီယံနှင့် ကုလသမဂ္ဂကဲ့သို့သော အခြားနိုင်ငံတကာအဖွဲ့အစည်းများကလည်း မြန်မာစစ်တပ်ကို ဖယ်ကျဉ်သည့် အဆင့်များ လုပ်ဆောင်ထားပြီးဖြစ်သည်။ ကုလသမဂ္ဂ ဆုံးဖြတ်ချက်များနှင့်အညီ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ထောက်ခံပေးရန်အတွက် မြန်မာစစ်တပ်အပေါ် ထပ်မံ အရေးယူမှုရန် လိုအပ်ကြောင်း ၎င်းတို့က ပြောကြားသည်။

မြန်မာနိုင်ငံတွင် သောကြာနေ့က ပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့သော်လည်း စစ်အာဏာရှင်အဖွဲ့က တော်လှန်ရေးအဖွဲ့များအားကောင်းသည့် စစ်ကိုင်းတိုင်း ပေါက်မြို့နယ် (ငလျင်ဗဟိုချက်ဒေသ) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တို့တွင် ယနေ့ (မတ် ၃၀ရက်)နေ့က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်ခဲ့သည်။

ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးဒဏ်ရာရရှိမှု ပမာဏကို မသိရသေးပေ။ ငလျင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်ကလည်း ငလျင်လှုပ်ပြီးမကြာခင် စစ်တပ်က နောင်ချိုမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

————–
ရေ၊လျှပ်စစ်မီးနှင့်ဟိုတယ်အခက်အခဲအကြောင်းပြပြီး ငလျင်သတင်းယူမည့်နိုင်ငံတကာသတင်းဌာနများ ဝင်ရောက်ခွင့် စစ်ကောင်စီပိတ်ပင်

မြေငလျင်သတင်းယူရန်အတွက် နိုင်ငံတကာသတင်းဌာနများ၏ မြန်မာနိုင်ငံဝင်ရောက်ရန် တောင်းဆိုမှုများကို စစ်ကောင်စီက ပယ်ချလိုက်သည်။

ရေ၊လျှပ်စစ်မီးနှင့် ဟိုတယ်များမရှိသောကြောင့် ထိုတောင်းဆိုမှုများသည် “အဆင်မပြေနိုင်ပါဘူး” ဟု စစ်ကောင်စီပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၃၀ ရက်ညပိုင်းက သတင်းဌာနအချို့ကို ပေးပို့သည့် အသံဖိုင်တွင် ပြောကြားခဲ့သည်။

————–

နိုင်ငံတကာသတင်းထောက်များဝင်ရောက်ခွင့် စစ်ကောင်စီပိတ်ပင်

မြေငလျင်သတင်းယူရန်အတွက် နိုင်ငံတကာသတင်းဌာနများ၏ မြန်မာနိုင်ငံဝင်ရောက်ရန် တောင်းဆိုမှုများကို စစ်ကောင်စီက မတ်လ ၃၀ ရက်နေ့က ပယ်ချလိုက်သည်။

နိုင်ငံတကာသတင်းဌာနများ မြန်မာနိုင်ငံတွင်းသို့ဝင်ရောက်ရန်အတွက် တောင်းဆိုမှုများကို စစ်ကောင်စီဘက်က လက်ခံရရှိထားကြောင်း၊ သို့သော်လည်း ရေ၊လျှပ်စစ်မီးနှင့် ဟိုတယ်များမရှိသောကြောင့် ထိုတောင်းဆိုမှုများသည် “အဆင်မပြေနိုင်ပါဘူး” ဟု စစ်ကောင်စီပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုသည်။

“…(သတင်းထောက်တွေ) လာတာ၊နေတာ၊ တည်းတာ၊ခိုတာ၊ထိုင်တာ၊သွားတာ၊လာတာ အဆင်မပြေနိုင်ပါဘူး။ ဒါလေးကိုတော့ အားလုံးသိရှိထားစေလိုပါတယ်” ဟု မတ်လ ၃၀ ရက်ညပိုင်းက သတင်းဌာနအချို့ကို ပေးပို့သည့် အသံဖိုင်တွင် ၎င်းကအထက်ပါအတိုင်း ပြောကြားခဲ့သည်။

————–

နေပြည်တော် ရုံးများနှင့်အိမ်ရာများ ပြိုကျ၍ စစ်ကောင်စီဝန်ထမ်းများ နီးစပ်ရာ ခိုလှုံနေရ

စစ်ဗိုလ်ချုပ်ကြီးများ ရုံးစိုက်ရာ နေပြည်တော်တွင် စစ်ကောင်စီ၏ စစ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများ ငလျင်ကြောင့် ပြိုလဲပျက်စီးခဲ့ပြီး လူသေဆုံး၊ ထိခိုက်မှုများဖြစ်ပေါ်ခဲ့ကာ စစ်ကောင်စီဝန်ထမ်းများ နီးစပ်ရာများတွင် ခိုလှုံနေထိုင်နေရသည်။

ပျက်စီးပြိုကျခဲ့သည့်နေရာများတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားဌာန အဆောက်အဦများပါဝင်ကာ ဝန်ထမ်းအိမ်ရာများဖြစ်သော ခ​ရေအိမ်ရာ တိုက်အမှတ် ၁၃၂၊ ၁၃၃၊ ၁၃၄ ၊ ဧက ၁၀၀၀ တိုက်အမှတ် ၁၃၂၂ ၊ ၁၃၂၇ ၊ တိုက်အမှတ် ၁၃၀၇ တို့ ပြိုကျပျက်စီးခဲ့သည်၊ ဧက ၂၀၀၀၊ ဧက ၃၀၀၀ တို့ဘက်မှ ဝန်ထမ်းအိမ်ရာများလည်း ပါဝင်သည်ဟု ဝန်ထမ်းများနှင့် နေပြည်တော်ဒေသခံများထံက သိရသည်။ ဆက်ဖတ်ရန်

ဧက ၂၀၀၀ ဝန်ထမ်းအိမ်ရာမှ ပျက်စီးနေသော တိုက်တစ်လုံး။ (ဓာတ်ပုံ- Myanmar Now)

————–

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က ဖြစ်ပွားသော ပြင်းထန်သည့် ငလျင်ဘေး ရင်ဆိုင်ရမှုနှင့်ပတ်သက်၍ “ဝ” တပ်ဖွဲ့အပါအဝင် မြန်မာနိုင်ငံတွင်း အခြေစိုက် အင်အားကြီး လက်နက်ကိုင်အဖွဲ့များက အသီးသီးကြေညာချက်ထုတ်ပြန်သည်။

‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ၏ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့ဖြစ်သည့် ‘ဝ’ ပြည်နယ်ပြည်သူ့အစိုးရက ငလျင်ဘေးသင့်သော တိုင်းရင်းသား အားလုံးနှင့်ထပ်တူ ဝမ်းနည်းရကြောင်း နှင့် ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေ ကျပ်သန်းပေါင်း ၂၀၀၀ လှူဒါန်းမည်ဟုဆိုသည်။

ဘေးသင့်ဒေသများကို ကယ်ဆယ်ရန် သက်ဆိုင်ရာဌာနများက တောင်းဆိုလာပါက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ အသင့်ပြင်ထားကြောင်း UWSA ၏ ကြေညာချက်အရ သိရသည်။

ပြင်းထန်သည့် သဘာဝဘေးနှင့် ကြုံနေရစဉ်တွင် သဘောထားအမြင်ကွဲနေသည့် ဘက်အသီးသီးက နိုင်ငံရေးနှင့် စစ်ရေး ပြဿနာများဘေးဖယ်ကာ လူသားချင်းစာနာသော စိတ်ဖြင့် ကယ်ဆယ်ရေးတွင် ပါဝင် ဆောင်ရွက်ရန် UWSA ဘက်က တိုက်တွန်းသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် စစ်ကောင်စီနှင့် နှစ်ပတ်ကြာအပစ်ရပ်မည်ဟု ကြေငြာထားသည်။

ထို့ပြင် ကနဦးရံပုံငွေအဖြစ် အမေရိကန်ဒေါ်လာ (၁)သန်း လျာထားကြောင်းနှင့် ထိန်းချုပ်နယ်မြေများတွင် ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့များ နိုင်ငံတကာအဖွဲ့အစည်းများ INGOsများ အရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ယာယီကယ်ဆယ်ကုသရေးစခန်းများ ဖွင့်လှစ်ရေးတို့ကို တာဝန်ယူပူးပေါင်းဆောင်ရွက်မည်ဟုလည်း NUG က ထုတ်ပြန်ထားသည်။

မိုင်းလားအဖွဲ့ဟု လူသိများသည့် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ် (NDAA) ကလည်း ငလျင်ဘေးဒဏ်နှင့် သက်ဆိုင်သည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ တတ်စွမ်းသမျှကူညီမည်ဟုဆို မတ်လ ၂၉ ရက်တွင် ကြေညာချက်ထုတ် သည်။

ကယ်ဆယ်ရေး အပါအဝင် ပြန်လည်ထူထောင်ရေး အလှူငွေများ ၊‌ ထောက်ပံ့ရေးပစ္စည်းများကို လိုအပ်သည့် နေရာသို့ အရောက်ပို့နိုင်ရန် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်နေကြောင်း မိုင်းလားအဖွဲ့ကဆိုသည်။

ညီနောင်မဟာမိတ် လက်နက်ကိုင် (၃) ဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) ၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့် အာရက္ခတပ်တော် (AA) ကလည်း သဘာဝဘေးကြောင့် ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်နှင့် အဆောက်အအုံများ ပျက်စီးဆုံးရှုံရသည့်အပေါ် ကာယကံရှင် မိသားစုများနှင့်ထပ်တူ ဝမ်းနည်းရပြီး များစွာ စိတ်မကောင်းဖြစ်ရကြောင်း မတ်လ ၂၉ ရက်တွင် ကြေညာသည်။

ထို့အပြင် နောက်ဆက်တွဲ ငလျင်များ ထပ်ဖြစ်လာနိုင်သဖြင့် ဂရုစိုက်သွားရန်၊ သတင်းမှန်များ နားထောင်ကြရန် ညီနောင်မဟာမိတ် (၃) ဖွဲ့က တိုက်တွန်းသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ကမူ အင်အားကြီး ငလျင်ကြောင့် အသက်အိုးအိမ်စည်းစိမ် များ ပျက်ဆီးဆုံးရှုံးမှုနှင့် ပတ်သက်၍ ထပ်တူ ဝမ်းနည်းရကြောင်း မတ်လ ၃၀ ရက်တွင် ကြေညာချက်ထုတ်သည်။

ပြည်သူများငလျင်ဒဏ်ခံစားနေရစဉ် စစ်ကောင်စီသည် အရပ်သားနေရာများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်နေကြောင်း KNU က ဆိုသည်။

ငလျင်ဘေးသင့် ပြည်သူများသည် စစ်ကောင်စီထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်နယ်မြေတွင်လည်း ရှိနေကြောင်း ၊ ငလျင်ဘေးအကူအညီများပေးရာတွင် အပြိုင်အကူအညီပေးသည့် လုပ်ငန်းစဉ်ကို အခြေခံသင့်ကြောင်း ထုတ်ပြန်ချက်တွင် တိုက်တွန်းသည်။

နိုင်ငံတကာအနေနှင့် မြေပြင်တွင် အကူအညီပေးနေသော ဒေသခံ အသိုင်းအဝိုင်းများမှ တစ်ဆင့် အမှန်တကယ်လိုနေသူများထံ ရောက်ရှိရေး လုပ်ဆောင်သင့်ကြောင်း KNU က ပြောသည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း အန္တရာယ်ကြုံရသည့် ကာလကလည်း မြန်မာစစ်အုပ်စုသည် ပြည်သူများအတွက် ပေးသည့် နိုင်ငံတကာအကူအညီများကို ၎င်းတို့ အကျိုးစီးပွားအတွက် အသုံးချသွားသည့် သမိုင်းရှိသည်။ အကူအညီများကို စစ်တပ်က အခွင့်ကောင်းယူ၍ နိုင်ငံရေးအမြတ်မထုတ်ရေး အနီးကပ်စောင့်ရန်လိုကြောင်း ထုတ်ပြန်ချက်အရသိရသည်။

၁၀၂၇ စစ်ဆင်ရေးတွင် မြို့သိမ်းတိုက်ပွဲများ ပါဝင်ဆင်နွှဲထားသည့် ဗမာပြည်ကွန်မြူနစ်ပါတီကလည်း လူ့အသက်ကို တန်ဖိုးမထားသော စစ်ကောင်စီသည် ကယ်ဆယ်ရေးလုပ်နိုင်စွမ်းမရှိကြောင်းဆိုသည်။

ကိုယ်ကျိုးရှာ အမြတ်ထုတ်မှုသာလုပ်မည်ဖြစ်ကြောင်း မတ်လ ၂၉ ရက်တွင် ဝေဖန်သည်။

စစ်ကောင်စီဘက်က ခေါင်းပုံဖြတ် အမြတ်ထုတ်မှုမလုပ်နိုင်ရန် နိုင်ငံတကာနှင့် ပြည်တွင်းအင်အားစုများက စောင့်ကြပ် ထိန်းသိမ်းရန် လိုအပ်ကြောင်း ဗမာပြည်ကွန်မြူနစ်ပါတီက ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကလည်း ၎င်းတို့ ထိန်းချုပ်နယ်မြေတွင် ငလျင်ဒဏ်သင့်သည့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးအပ်လိုသည့် ပြည်တွင်း ၊ ပြည်ပအဖွဲ့အစည်းများကို ဖိတ်ခေါ်ကြိုဆိုကြောင်း မတ်လ ၃၀ ရက်တွင် ကြေညာသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနှင့် အကူအညီပေးမည့် အဖွဲ့အစည်းများ၏ လုံခြုံရေးကို အပြည့်အဝ အာမခံကြောင်း လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုလုပ်ရန် အသင့်ရှိကြောင်း ကြေညာချက်အရသိရသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပါဝင်သည့် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ကလည်း ငလျင်ဘေးသင့်ပြည်သူများကို ကူညီရန် ငွေကျပ် သိန်း (၁၈၀၀) မတည်ထားပြီး ကူညီရေးလုပ်ငန်းများဆောင်ရွက်နေကြောင်းဆိုသည်။

၎င်းတို့နှင့် ထောက်ပံ့ကူညီရေးတွင် ပါဝင်လိုပါက ဆက်သွယ်လှူဒါန်းနိုင်ကြောင်း မတ်လ ၃၀ ရက်တွင် ကြေညာသည်။


————–

ငလျင်အပြင် မီးဘေးပါသင့်ခဲ့တဲ့ မန္တလေး စိန်ပန်းရပ်

မတ်လ ၂၈ရက်နေ့က မန္တလေးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ပြင်းအားရစ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် အထက်မြန်မာပြည်ရဲ့မြို့တော် မြန်မာ့ယဉ်ကျေးမှုများစုဝေးရာ မြို့မှာ လူထိခိုက်သေဆုံးမှု၊ ရှေးဟောင်းယဉ်ကျေးမှုနဲ့ နေအိမ်တိုက်တာ အဆောက်အဦထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပေါ်ခဲ့ပါတယ်။

ရာစုနှစ်တစ်ခုကျော်အတွင်း ဒုတိယကမ္ဘာစစ်ဒဏ်၊ မီးဘေးဒဏ်တို့သင့်ခဲ့ဖူးတဲ့ မန္တလေးမြို့တော်ဟာ ငလျင်ဒဏ်ကြောင့် မြို့ပျက်ကြီးတစ်ခုနီးပါးအထိ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့ စိန်ပန်းရပ်ဟာလည်း ပြင်းထန်တဲ့ မြေငလျင်နဲ့ အတူ မီးဘေးပါသင့်ခဲ့ရတဲ့ ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။ ဘေးဒုက္ခနှစ်ခုကို တပြိုင်တည်းရင်ဆိုင်ခဲ့ရတဲ့ စိန်ပန်းရပ်ကွက် အခြေအနေကို ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။

ကံကောင်း၊ မြတ်ကြီး

————–

အလောင်းတွေများလွန်းတာကြောင့် မန္တလေးမှာ သင်္ဂြိုလ်စက်တွေ မနိုင်မနင်းဖြစ်နေ


ငလျင်ကြောင့် သေဆုံးရုပ်အလောင်းတွေ များပြားလွန်းလို့ မန္တလေးက သင်္ဂြိုလ်စက်တွေ မနိုင်မနင်းဖြစ်နေကြောင်း သိရှိရပါတယ်။

မတ်လ ၂၈ရက်နေ့က ငလျင်ကြောင့် လူသေဆုံးမှုနဲ့ ထိခိုက်ပျက်စီးမှု အဆိုးရွားဖြစ်တဲ့ မန္တလေးမြို့က တောင်အင်း၊ မြောက်အင်းသုသန်နဲ့ ကြာနီကန်သုသန်တွေမှာ ရုပ်အလောင်းတွေ ရာနဲ့ချီပြီး နေ့စဉ် သင်္ဂြိုလ်နေရတာပါ။

မနေ့ မတ်လ ၂၉ရက်နေ့က တောင်အင်း၊မြောက်အင်း သုသန်မှာ ရုပ်အလောင်း ၃၀၀ကျော် သင်္ဂြိုလ်ခဲ့ရပြီး၊ ဒီကနေ့ဆိုရင်တော့ မနက်ပိုင်းမှာတင် အလောင်း ၂၀၀ကျော် သင်္ဂြိုလ်ပြီးဖြစ်သလို နောက်ထပ်လည်း ဘုန်းကြီးနဲ့ လူအလောင်းတွေ ထပ်ရောက်လာနေတယ်လို့ အဲ့ဒီနေရာကို ရောက်ရှိနေသူက ပြောပြပါတယ်၊။

သင်္ဂြိုလ်စက်အထဲမှာကော အပြင်ဘက်မှာပါ အလောင်းတွေ များလွန်းတာကြောင့် တချို့ဆိုရင် သုသန်အနီးမှာပဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် သင်္ဂြိုလ်နေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ မတ်လ ၂၉ရက် ည၈နာရီအထိ ထုတ်ပြန်ချက်အရ သေဆုံးသူအရေအတွက်ဟာ ၁၆၀၀ကျော်အထိ မြင့်တက်လာနေပါတယ်။ လက်ရှိအချိန်ထိလည်း မန္တလေး၊ စစ်ကိုင်းနဲ့နေပြည်တော်တို့မှာ သေဆုံးသူတွေနဲ့ ပိတ်မိနေသူတွေ ရှိနေဆဲ ဖြစ်ပါတယ်။

ရိုက်ကူး၊ တင်ဆက် – ကံကောင်း၊ စထွန်းအောင်


————–

အမေရိကန်က ဒေါ်လာ ၂ သန်းကူမည်၊ USAID အဖွဲ့မြန်မာပြည်လာမည်

အမေရိကန်ပြည်ထောင်စုက ငလျင်ဘေးအတွက် မြန်မာနိုင်ငံအခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးသည့်အဖွဲ့အစည်းများမှတဆင့် ဒေါ်လာ ၂ သန်း ကူညီမည်ဟုကြေငြာလိုက်သည်။

ရန်ကုန်ရှိ အမေရိကန်သံရုံးထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) က ငလျင်ဘေးသင့်ပြည်သူများ၏ အစားအသောက်၊ ဆေးဝါးလိုအပ်ချက်နှင့် ရေရရှိနိုင်မှုအပါအဝင် အပူတပြင်း လိုအပ်ချက်များကို သုံးသပ်ဖော်ထုတ်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

USAID ၏အကူအညီပေးရေးအစီအစဥ်များကို ဒေါ်နယ်ထရမ့်က လွန်ခဲ့သည့်လက ဖျက်သိမ်းခဲ့ပြီး ထိုဌာနကိုလည်း ကန်နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်သို့သွတ်သွင်းခဲ့သည်။ သို့ရာ USAID ၏လူသားခြင်းစာနာရေး အကူအညီများကို အကန့်အသတ်ဖြင့် ဆက်လက်လည်ပတ်သွားမည်ဟု သိရှိရသည်။

မြန်မာနိုင်ငံငလျင်ဘေးအတွက် တရုတ်က ယွမ်သန်း ၁၀၀၊ အိုင်ယာလန်က ယူရို ၆ သန်း၊ ဥရောပသမ္မဂ္ဂက ယူရို ၂ သန်းခွဲ ကူညီမည်ဟုလည်း ထုတ်ပြန်ထားသည်။အာဆီယံအစည်းအဝေး

————–
ငလျင်ဘေးအကူအညီဆောင်ရွက်ရန် စစ်ပွဲများအပစ်ရပ်ဖို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

ငလျင်ဘေးအတွက် ကယ်ဆယ်ရေးနှင့် လူသားခြင်းစာနာထောက်ထားသည့် အကူအညီလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံတွင် စစ်ပွဲများချက်ခြင်းရပ်စဲရန် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယံ ဘလက်ခရစ်ရှနန်က တိုက်တွန်းပြောကြားလိုက်သည်။

ယနေ့တွင် အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားနိုင်ငံက အင်တာနက်မှတဆင့် ကြီးမှုးကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အထူးအစည်းအဝေး၌ ယခုကဲ့သို့ ၎င်းက တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ငလျင်ဘေးကူညီ ကယ်ဆယ်ရေးများလုပ်ဆောင်ရေးအတွက် ယနေ့မှစ၍ နှစ်ပတ်ကြာ အပစ်ရပ်မည်ဖြစ်ကြောင်း ကြေငြာထားသည့်အပြင်၊ ငလျင်ဒဏ်သင့် စစ်ကောင်စီနယ်မြေများတွင် CDM ဝန်ထမ်းများဖြင့် ကယ်ဆယ်ရေးလုပ်ပေးမည်ဟု ထုတ်ပြန်ထားသည်။

အာဆီယံ၏ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်အား စစ်ကောင်စီက အကောင်အထည်မဖော်ခဲ့သော်လည်း အာဆီယံနိုင်ငံခေါင်းဆောင်များက ယခုငလျင်ဘေးကြီးကြောင့် စစ်ပွဲများရပ်စဲပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေး ဆွေးနွေးမှုများဖြစ်ပေါ်လာနိုင်သည်ဟု မျှော်လင့်နေကြသည်။

စင်ကာပူနိုင်ငံသည် ငလျင်ဘေးအတွက် ကယ်ဆယ်ရေးလုပ်သား ၈၀ ဦးကို စေလွှတ်ထားပြီး ကယ်ဆယ်ရေးအတွက် ပစ္စည်းနှင့် ငွေကြေးကိုလည်း ထည့်ဝင်ထားသည်။

————–

















Related Articles

Back to top button