မန္တလေးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ပြင်းအားရစ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်နှင့် နောက်ဆက်တွဲငလျင်များကြောင့် လျှပ်စစ်ဓာတ်အားပေးစနစ်၊ လမ်းတံတားနှင့် စစ်ကောင်စီရုံးများ ထိခိုက်ပျက်စီးပြီး နေပြည်တော်အပါဝင် ငလျင်လှုပ်ခတ်ရာ နေရာများတွင် မီး၊ ရေ၊ ဆက်သွယ်ရေး ပြတ်တောက်နေကြောင်း သိရသည်။
ငလျင်ဒဏ်ကြောင့် မန္တလေး၊ စစ်ကိုင်းနှင့် နေပြည်တော်တို့တွင် အဆောက်အဦပေါင်းမြောက်များစွာ ထိခိုက်ပျက်စီးပြီး လူထိခိုက်သေဆုံးမှုအများဆုံးဖြစ်ခဲ့သလို စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ ဝန်ကြီးဌာနရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ လမ်းတံတားများထိခိုက်ပျက်စီးခဲ့ကာ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာနှင့် ဆက်စပ်ပစ္စည်းများပျက်စီးသွားကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။
နေပြည်တော်အတွင်း ဓာတ်အားလိုင်းများကို လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၅၆၀ ဖြင့် ပြုပြင်နေပြီး မန္တလေးတွင် ၅၄၉ ဦးဖြင့် ပြုပြင်နေကြောင်း ထိုထုတ်ပြန်ချက်တွင် တွေ့ရသည်။
၃၆၆ မိုင်ကျော်ရှည်လျားသည့် ရန်ကုန်-မန္တလေးအမြန်လမ်း၊ လမ်းဟောင်းနှင့် မြို့ချင်းဆက် လမ်းများတွင် ငလျင်ဒဏ်ကြောင့် လမ်းတွန့်ခေါက်ခြင်း၊ ပက်ကြားအက်ခြင်း၊ တံတားများပျက်စီးခြင်း၊ အခြားထိခိုက်ပျက်စီးမှုများစွာဖြစ်ပေါ်လာသည်ဟု လမ်းအသုံးပြုသူများက ပြောသည်။
ငလျင်ကြောင့် ပျက်စီးပြိုကျခဲ့သည့် နေရာများတွင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် အလုပ်သမားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားဌာန အဆောက်အဦများပါဝင်ကာ ဝန်ထမ်းအိမ်ရာများဖြစ်သော ခရေအိမ်ရာ တိုက်အမှတ် ၁၃၂၊ ၁၃၃၊ ၁၃၄ ၊ ဧက ၁၀၀၀ တိုက်အမှတ် ၁၃၂၂ ၊ ၁၃၂၇ ၊ တိုက်အမှတ် ၁၃၀၇ တို့ ပြိုကျပျက်စီးခဲ့သည်၊ ဧက ၂၀၀၀၊ ဧက ၃၀၀၀ တို့ဘက်မှ ဝန်ထမ်းအိမ်ရာများလည်း ပါဝင်သည်ဟု သိရသည်။
စစ်ကောင်စီရုံးများပျက်စီး၊ မြို့ကြီးများ အမှောင်ကျ
ငလျင်ဒဏ်ထိခိုက်မှုအများဆုံးဖြစ်သည့် မန္တလေးတွင် ယနေ့အချိန်ထိ လျှပ်စစ်မီးပြတ်တောက်နေပြီး ဖုန်းနှင့် အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းလည်း ကမောက်ကမ ဖြစ်နေသည်။ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် ငလျင်ဒဏ်ကြောင့် ဝန်ကြီးဌာနရုံးများ၊ ဝန်ထမ်းအိမ်ရာများထိခိုက်သလို အခြားပျက်စီးမှုများရှိပြီး လျှပ်စစ်ဓာတ်အားအတွက် မီးစက်နှင့် ဆိုလာစနစ်ကို အားကိုးနေရကြောင်း စစ်တပ်အရာရှိဟောင်းတစ်ဦးက Myanmar Now ကို ပြောသည်။
“ဝန်ထမ်းတွေ ခုထိအိမ်ရာပေါ် မတက်ရဲဘဲ အပြင်ထွက် အိပ်နေကြရပါတယ်၊ ဝန်ထမ်းတချို့ သေတာလည်းရှိပါတယ်၊ ခြောက်လုံးတန်းအိမ်ရာဝင်းလည်း ခြံစည်းရိုးအုတ်တံတိုင်းတချို့ပြိုတာလောက် ဖြစ်ပါတယ်။ တပ်ဘက်က ထိခိုက်သေဆုံးမှု မရှိသလောက်ပါပဲ” ဟု နေပြည်တော်အခြေအနေကို ၎င်းက ပြောသည်။
“ အဓိကဖြစ်နေတာတော့ လျှပ်စစ်မီးက မနေ့ကအထိ ပြန်ပြီးမရသေးဘဲ ကိုယ်ပိုင်ဆိုလာ မီးစက်တွေနဲ့ပဲလုပ်နေရပြီး ဖုန်းလိုင်းလည်း ရတစ်ချက် မရတစ်ချက်ပါ”
နေပြည်တော်တွင် စစ်ကောင်စီ၏ စစ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများ ငလျင်ကြောင့် ပြိုလဲပျက်စီးခဲ့ပြီး လူသေဆုံး၊ ထိခိုက်မှုများဖြစ်ပေါ်ခဲ့ကာ စစ်ကောင်စီဝန်ထမ်းများ နီးစပ်ရာများတွင် ခိုလှုံနေထိုင်နေရသည်ဟု သိရသည်။
စစ်ကောင်စီပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသည့် ဝန်ထမ်းအိမ်ရာများကို မတ် ၃၀ ရက်နေ့တွင် လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ပထမဆုံးအကြိမ်ပြင်းထန်သောငလျင်ဖြစ်ပြီး ရုံးများ ၊ အိမ်ရာများ၊ လမ်း တံတားများ ပျက်စီးမှု များပြားခဲ့သည်၊ ဝန်ထမ်းများကို ယခုရက်အတွင်း ဘောလုံးကွင်းကဲ့သို့နေရာများ၌ ယာယီတဲများဖြင့် နေရာချထားပေးမည်၊ ဆေးဝါး ၊ ရိက္ခာများလည်း ဖြည့်ဆည်းပေးမည်ဟု ၎င်းက ပြောသည်။
လတ်တလောတွင် သုံးရေ၊ ယာယီအိမ်သာ၊ တယ်လီ ဖုန်းအားသွင်းရန်ကိစ္စများကို အဆိုပါဝန်ကြီးက ဆောင်ရွက်ပေးခဲ့သည်ဟု စစ်ကောင်စီ၏ ယနေ့ထုတ်ပြန်ချက်က ဆိုသည်။
လက်ရှိတွင် နေပြည်တော်၌ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားတစ်ခုလုံး ရပ်ဆိုင်းထားရပြီး၊ ငလျင် မပြင်းထန်သည့် မြို့နယ်များတွင်သာ လည်ပတ်လျက် ရှိသည်။
ဝန်ကြီးဌာန ဝက်ဆိုက်များပင် အွန်လိုင်းမှ ပျောက်ကွယ်သွားသည်။
ငလျင်နှင့်ပတ်သက်သည့် ကူညီကယ်ဆယ်ရေး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေးကို ယမန်နေ့ (မတ်လ ၃၀) ရက်က အွန်လိုင်းမှ ပြုလုပ်ရာ စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးသည်ပင် ရုံးခန်းမရှိဘဲ ပျက်စီးနေသည့် အဆောက်အဦ၏ အပြင်ဘက်တွင် ခုံတစ်လုံးဖြင့် တက်ရောက်ဆွေးနွေးခဲ့သည်ကို တွေ့ရသည်။
စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်အကြာ အလှည့်ကျစနစ်ဖြင့်သာ အချိန်ပိုင်းသာ ဓာတ်အားရရှိခဲ့ရာမှ ငလျင်ဒဏ်ကြောင့် ဓာတ်အားလိုင်းများထိခိုက်ပျက်စီးသဖြင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းတို့တွင် အမှောင်ကျသွားပြီး ငလျင်ဒဏ်ထိခိုက်မှုနည်းသည့် ရန်ကုန်တွင် တစ်ရက်လျှင် ၂ နာရီဝန်းကျင်ခန့်သာ ဓာတ်အား ပေးနိုင်တော့ကြောင်း စုံစမ်းသိရှိရသည်။
မြို့နယ်အချို့တွင် ယနေ့မနက်ပိုင်းက လျှပ်စစ်ဓာတ်အားပြန်ရသည်ဟု သိရသော်လည်း နေရာအများစုတွင် လျှပ်စစ်မရ၍ ဖုန်းအားသွင်းရန်၊ ရေတင်ရန်ခက်နေကြောင်း နောက်ထပ် နေပြည်တော်မြို့ခံတစ်ဦးက ပြောသည်။
“လူနေမှုနောက်ဆက်တွဲပေါ့နော်။ အဲ့ဒီဒဏ်ကို တော်တော်ခံနေရတယ်။ ညဘက်ဆိုရင်လည်း ထမင်းချက်ဖို့ ဂက်စ်ဖြည့်ရတာတို့၊ မီးသွေးမီးဖိုဝယ်ရတာတို့ပေါ့။ အဲ့ဒီတော့ မီးသွေးဈေးတွေ၊ ဂက်စ်ဈေးတွေက ခုန်တက်၊ ကုန်ဈေးနှုန်းက တက်ပေါ့။ အဲ့လိုအခြေအနေမျိုး နေပြည်တော်မှာ ကြုံနေရတယ်။ တော်တော်လေးတော့ ဒုက္ခရောက်တဲ့အခြေအနေမှာရှိတယ်” ဟု ၎င်းက ဆိုသည်။
နောက်ဆက်တွဲငလျင်များ ပေါ်ပေါက်လာနိုင်သလို ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် အဆောက်အဦများ ပြိုကျနိုင်သဖြင့် မန္တလေးမြို့ဒေသခံများသည် ကျုံးဘေးလမ်းအပါဝင် လမ်းမများ၊ ကွင်းပြင်များတွင် နေထိုင်နေကြကြောင်း မန္တလေးမြို့မှ အမျိုးသမီးတစ်ဦးက ပြောသည်။
လျှပ်စစ်မီး၊ ဖုန်းနှင့် အင်တာနက်လိုင်းများပြတ်တောက်နေပြီး ဆိုလာစနစ်တပ်ဆင်ထားသူအချို့က ဖုန်းအားသွင်းရန် ကူညီပေးကြကြောင်း သိရသည်။ ရန်ကုန်တွင်လည်း လျှပ်စစ်ဓာတ်အား ၂ နာရီခန့်သာ ရရှိခြင်းကြောင့် ရေနှင့် အစားအစားများချက်ပြုတ်ရန်အခက်ကြုံနေကာ စီးပွားရေးလုပ်ငန်းများလည်း ရပ်ထားရကြောင်း ရန်ကုန်မြို့ခံများထံက သိရသည်။
စစ်ကောင်စီက ဓာတ်အားလိုင်းစနစ်များပြန်ပြင်နေပြီး အရန်ပစ္စည်းရှိမှုအပေါ်မူတည်၍ ပြုပြင်ချိန် ၁၀ ရက်မှ လနှင့်ချီကြာနိုင်ကြောင်း သိရသည်။
စစ်အာဏာမသိမ်းမီကာလက လျှပ်စစ်ဓာတ်အားစနစ်အတွက် အရန်ပစ္စည်းများ လုံလုံလောက်လောက် ကြိုတင်စီမံထားသည်၊ ထို့ကြောင့် အာဏာသိမ်းပြီးနောက် ပင်မဓာတ်အားခွဲရုံများ၊ မဟာဓာတ်အားလိုင်းများ ထိခိုက်ပျက်စီးပါက အရန်ပစ္စည်းရှားပါးခြင်းမရှိဘဲ ပြင်ဆင်နိုင်သည့် ကောင်းကျိုးတစ်ခုရနေသည်ဟု ဓာတ်အားလုပ်ငန်းနှင့် နီးစပ်သည့်၊ အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“တာဝါတိုင်တွေကျိုးတာအတွက် ပြန်ပြင်ဖို့ရာ အရန်ပစ္စည်း အလုံအလောက်ရှိပါတယ်။ အခြား ကြိုး၊ ကြွေသီးများလည်း အသင့်ရှိပါတယ်။ ဓာတ်အားလိုင်းကို ပြန်ပြုပြင်ဖို့ အများဆုံး ၁၀ ရက်ခန့်သာ အချိန်လိုပါမယ်” ဟု ၎င်းက ပြောသည်။
“မိန်းထရန်စဖော်မာတွေ ပျက်စီး ချို့ယွင်းတဲ့အတွက် အချို့နေရာမှာ အရန်ရှိပြီး အချို့နေရာအတွက် အရန်မရှိတာ ကြုံနိုင်ပါတယ်။ ဒါကြောင့် ပြည်တွင်းက ထရန်စဖော်မာ ပြုပြင်တဲ့ စက်ရုံဆီ အမြန်ပို့ပြီး ပြန်လည်ပြုပြင်ပြီး သုံးရမယ့် အစီအစဉ် လုပ်ကောင်းလုပ်ရပါမယ်။ ဒါမျိုးဆိုရင် အချိန် တစ်လကျော် နှစ်လကြာပါမယ်”
ဓာတ်အားပြတ်တောက်မှုအဆိုးရွားဆုံးကြုံနေရသော်လည်း ရန်ကုန်မြို့ရှိ စစ်ကောင်စီ တပ်စခန်းများ ဓာတ်အားရနေခြင်းကို ဝေဖန်မှုများလည်းရှိနေသည်။
အမြန်လမ်းနှင့် တံတားများ ပြိုကျပျက်စီး
ရန်ကုန်နှင့် မန္တလေးကို အမြန်လမ်းနှင့် လမ်းဟောင်းနှစ်ခုမှချိတ်ဆက်ထားပြီ လမ်းဟောင်းပေါ်ရှိသည့် နေပြည်တော်၊ ပျဉ်းမနား၊ ရမည်းသင်း၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ ကူမဲ၊ ကျောက်ဆည် အစရှိသည့် မြို့များ ငလျင်ကြောင့် ပျက်စီးမှုပြင်းထန်ခဲ့သည်။
မိုင်ပေါင်း ၃၆၀ ကျော်ရှိလျားသည့် အဓိကလမ်းမကြီးဖြစ်သည့် ရန်ကုန်-မန္တလေးအမြန်လမ်းကြီးပေါ်တွင် တံတားများပြိုကျခြင်း၊ အက်ကွဲခြင်း၊ လမ်းမျက်နှာပြင်များ တွန့်ခေါက်ကွဲအက်ခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
ရန်ကုန်မှ အမြန်လမ်းအတိုင်း မိုင်တိုင်အမှတ် ၁၃၈ မိုင်အထိ သွားနိုင်ပြီး ထိုနေရာမှစ၍ နေပြည်တော်အဝင် မိုင် ၂၀၀ ထိ လမ်းများဆိုးရွားစွာပျက်စီး၍ ပိတ်ထားကြောင်း အမြန်လမ်း အသုံးပြုမှု ကောက်ခံသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။ နေပြည်တော်အကျော် မိုင်တိုင်အမှတ် ၂၀၀ မှ မိုင် ၂၀ ကျော်အလို ၃၄၄ မိုင်အထိ မောင်းနိုင်ပြီး မန္တလေးမြို့မဝင်မီ လမ်းနှင့်တံတားများပျက်စီးနေကြောင်း ၎င်းက ဆိုသည်။
အမြန်လမ်းတွင် အပိုင်းလိုက်အသုံးပြုသည့် လမ်းပိုင်းများတွင် ကားအသွားအလာ ရှိပြီး ပျက်စီးသည့် လမ်းပိုင်းများအတွက် လမ်းဟောင်းနှင့် အခြားရှောင်ကွင်းလမ်းများကို အသုံးပြုကြရသည်ဟု ဆိုသည်။ ငလျင်ဒဏ်ကြောင့် မန္တလေးမြို့အဝင် မိုင်တိုင်အမှတ် ၃၅၈ မိုင်ရှိ ပေပေါင်း ၇၀၀ ကျော်အရှည်ရှိသည့် ဒုဋ္ဌဝတီတံတားလည်း ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
“အသွားလာလည်းမရှိဘူး။ Express (အဝေးပြေး ဘတ်စ်ကား)တွေ လောက်ပဲရှိတယ်။ အိမ်စီးကားဘာညာလည်းမရှိဘူး။ နည်းတယ်။ တံတားတွေဘာတွေကျိုးတယ်။ ဆွာချောင်တံတားတို့ကျိုးတယ်။ ပျက်တော့ပျက်စီးတယ်။ ကျွံဝင်တာတို့ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
အမြန်လမ်း ၁၃၈ မိုင်တွင် လမ်းပိတ်ထားပြီး အုတ်တွင်းလမ်းခွဲမှတစ်ဆင့် လမ်းဟောင်းကိုပြန်တက်၍ ထိုလမ်းဟောင်းမှတစ်ဆင့် ခရီးဆက်နိုင်ကြောင်း၊ အမြန်လမ်းတွင် ကားဖြတ်သန်းမောင်းနှင်မှုနည်းပြီး လမ်းဟောင်းကို အသုံးပြုလာရကြောင်း ၎င်းက ပြောသည်။
အင်အားအလွန်ပြင်းထန်သည့် ငလျင်ကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၉၃ မှ ၁၃၄ ကြားရှိ တံတားများအက်ကွဲကာ အချို့လမ်းမျက်နှာပြင်များသည် ၅ လက်မမှ ၁၀ လက်မခန့်နိမ့်သွားကာ မော်တော်ကားများ အကန့်အသတ်ဖြင့်သွားလာနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်(UNDP) ၏ မြန်မာ သတင်းအချက်အလက် စီမံခန့်ခွဲမှုယူနစ် (MIMU) ၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။
ရန်ကုန်နှင့် နေပြည်တော်ကြား အမြန်လမ်းတစ်လျှောက် နေရာပေါင်း ၂၀ ကျော်တွင် ငလျင်ကြောင့် ထိခိုက်မှုရှိပြီး ၃၉ မိုင်၊ ၇၆ မိုင်နှင့် ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းများ ဖွင့်လှစ်ထားကာ ပုံမှန်အားဖြင့် ၈ နာရီဝန်းကျင်ကြာသည့် ရန်ကုန်-မန္တလေးခရီးမှာ ထပ်မံ၍ ၃ နာရီကျော် ပိုကြာနိုင်သည်ဟု ဆိုသည်။
လမ်းဟောင်းတစ်လျှောက်တွင်လည်းပျက်စီးမှုများရှိသည်။ အမြန်လမ်းမှတစ်ဆင့် မြို့ငယ်များကို ပြန်ခွဲထွက်သည့် လမ်းခွဲများတွင်လည်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည်၊ အထူးသဖြင့် အမြန်လမ်းမှ မြစ်သားမြို့ကိုခွဲထွက်သည့် လမ်းတစ်နေရာ၌ အက်ကွဲကြောင်းကြီးများ ပေါ်လာသည်အထိ လမ်းများပျက်စီးမှုရှိနေသည်ဟု သိရသည်။
စစ်ကောင်စီခန့် ဆောက်လုပ်ရေးဝန်ကြီးနှင့် အခြားဝန်ကြီးများက ပျက်စီးလမ်းပိုင်းများပြင်ဆင်ရန် ကြိုးစားနေသည်ဟု ယနေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်။
အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များကြောင့် စစ်ကိုင်း၊ မန္တလေး မကွေး၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီးတို့၌ ထိခိုက်သေဆုံးမှုများစွာရှိနေသည်။
ကိုဗစ်ကပ်ဘေးကာလ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး၊ စီးပွားရေးနှင့် အထွေထွေအကျပ်အတည်းကို ရင်ဆိုင်နေရသည့် မြန်မာလူထုသည် သဘာဝဘေးဒဏ်ကို ထိခိုက်ခံစားနေရသည်။ ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးမှုများကို ကူညီကယ်ဆယ်ရန် ကုလသမဂ္ဂ၊ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ အီးယူနှင့် နိုင်ငံတကာက ကူညီသွားမည်ဟု ဆိုထားသည်။



