သတင်း

စစ်တပ်ကကျန်းမာရေးကဏ္ဍကို နှိပ်ကွပ်ထားမှုကြောင့်ငလျင်ဒဏ်ခံရသူများအကူညီမဲ့နေ

ဆေးကုသမှု အငြိုးတကြီး ပိတ်ပင်ခံနေရချိန်တွင် ငလျင်ကြောင့် ဆေးရုံ အများအပြား ပျက်စီးသွားရာ အာဏာသိမ်းစစ်တပ်၏ စနစ်တကျ ဖျက်ဆီးထားမှု ထင်ထင်ရှားရှား ပေါ်ပေါက်လာသည်။

မတ်လကုန်ပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံတွင် အချိန်တိုအတွင်း ပျက်စီးဆုံးရှုံးမှုများ ပေါ်ပေါက်လာသလို ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို စနစ်တကျဖျက်ဆီးထားသည့် အာဏာသိမ်းစစ်တပ်က  ကျန်းမာရေးဝန်ထမ်းများကို ဖမ်းဆီးထားခြင်းကြောင့်လည်း ထိခိုက်သေဆုံးမှုများ ဆိုးရွားစွာဖြစ်ပေါ်နေသည်။ 

မတ် ၂၈ မွန်းတည့်ချိန်က ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် သေဆုံးသူဦးရေ ၁၇၀၀ ကျော်လာပြီဖြစ်သည်။ ထို့အတူ ငလျင်ဒဏ်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခြေခံအဆောက်အအုံ များလည်း ပြိုကျပျက်စီးသွားသည်။ 

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ အကြီးဆုံး ပြည်သူ့ဆေးရုံတစ်ခုဖြစ်သည့် ကုတင် ၁၀၀၀ ၌ အရေးပေါ်ဌာနတစ်ခုလုံး ပြိုကျပျက်စီးသွားခဲ့သလို ပျဉ်းမနားမြို့နယ်တွင်လည်း ကုတင် ၂၀၀ ဆံ့ မြို့နယ်ဆေးရုံအပါဝင် အခြားဆေးရုံများလည်း ထိခိုက်ပျက်စီးရသည်။ 

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က ပြင်းထန်သော ငလျင်ကြောင့် ဒဏ်ရာရသွားသော မန္တလေးမြို့မှ အမျိုးသမီးတစ်ဦးကို ဝိုင်းဝန်းပြုစုနေကြစဉ်။ (ဓာတ်ပုံ Myanmar Now)
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က ပြင်းထန်သော ငလျင်ကြောင့် ဒဏ်ရာရသွားသော မန္တလေးမြို့ အမျိုးသမီးတစ်ဦးကို မန္တလေးပြည်သူ့ဆေးရုံဝင်းအတွင်းတွင် တွေ့ရပုံ (ဓာတ်ပုံ Myanmar Now)

ထို့အပြင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ အကြီးဆုံး ပုဂ္ဂလိက ဆေးရုံတစ်ခုဖြစ်သော ဥတ္တရသီရိဆေးရုံ (သို့) ပင်လုံဆေးရုံတွင်လည်း ပျက်စီးမှုများရှိကာ ဝန်ထမ်း ၁၀ ဦးထက်မနည်း သေဆုံးသည်ဟု ဆေးရုံတာဝန်ရှိသူတစ်ဦးက ပြောသည်။ 

အလားတူ အင်အားပြင်း ငလျင်ဒဏ်ကို ဆိုးဆိုးရွားရွားကြုံတွေ့ခဲ့ရသည့် မန္တလေးမြို့တွင်လည်း ဆေးရုံအများအပြား ထိခိုက်ပျက်စီးသွားသည်၊ ငလျင်ဒဏ်မတိုင်ခင်ကပင် စစ်တပ်က မန္တလေးမြို့ရှိ ဆေးရုံ၊ ဆေးခန်းတချို့ကို လုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်ပင်ထားသဖြင့် ယခု အရေးပေါ် အခြေအနေတွင် ပြည်သူတို့ အချိန်မီ ကုသမှု ခံယူခွင့် ဆုံးရှုံးနေသည်။

မတ် ၂၈ ညပိုင်းက ဆေးရုံ၌ ကုတင်မလောက်သောကြောင့် လူနာများကို  မြေပြင်ပေါ်တွင်သာ ချထားကြရသည်ဟု မြင်တွေ့ရသူများက ဆိုသည်။ 


“သွေးတွေ အလိမ်းလိမ်းနဲ့ လူနာတွေကို ဆေးရုံအဝင်ဝကနေတောင် လှမ်းမြင်နေရတယ်။ ဆရာဝန်တွေကတော့ မနိုင်ဝန်ဖြစ်ပြီး ဘာမှ လုပ်မပေးနိုင်တော့ဘဲ ထိုင်ကြည့်နေရတယ်” ဟု အခြေအနေကို မြင်တွေ့ရသူတစ်ဦးက Myanmar Now သို့ ပြောသည်။


၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် မဲမသမာမှုရှိသည်ဟု စွပ်စွဲ၍ စစ်တပ်က အာဏာသိမ်းလိုက်မှု နောက်ဆက်တွဲအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ ခနော်နီ ခနော်နဲ့ဖြစ်လာသည့် အခြေအနေမှာ ငလျင်ဒဏ်ခံနေရသည့် အချိန်တွင် ပိုမို ထင်ရှားလာသည်။ 

မတ်လ ၃၁ ရက်နေ့မန္တလေးရှိ ကယ်ဆယ်ရေးမြင်ကွင်း (Myanmar Now)

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်သည် ကျန်းမာရေးဝန်ထမ်းများကို ပစ်မှတ်ထားဖမ်းဆီးမှု အပါအဝင် ကဏ္ဍတစ်ခုလုံးကို စနစ်တကျဖျက်ဆီးခဲ့သေးသည်။  ၄ နှစ်အတွင်း မန္တလေးအခြေစိုက် ပုဂ္ဂလိက ဆေးရုံ ၇ ရုံ၊   ရန်ကုန်အခြေစိုက် ဆေးရုံ ၂ ရုံကို စစ်တပ်က အတင်းအဓမ္မ ပိတ်ပစ်ခဲ့သည်။ 

အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ဆရာဝန်များကို ခန့်အပ်ထားသည်ဟူသော စွပ်စွဲချက်ဖြင့် စစ်တပ်က ပိတ်ထားခြင်းဖြစ်သည်။ 


စစ်တပ်က ချမှတ်သည့်  မူဝါဒများ ဆိုးရွာမှုဒဏ်ကို ကြုံတွေ့နေရခြင်းဖြစ်သည်ဟု ရန်ကုန်အခြေစိုက် ဆရာဝန်တစ်ဦးက သုံးသပ်သည်။ အဆိုပါဆရာဝန်မှာ ရန်ကုန်ပြည်သူ့ဆေးရုံနှင့် နေပြည်တော် ခုတင် ၁၀၀၀ ဆံ့ ဆေးရုံတို့တွင် အကြီးတန်း ခွဲစိတ်ဆရာဝန်နှင့် ဆေးရုံအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့ အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခု၌ ဆရာဝန်များ၊ ကျောင်းသားများ တက်ကြွစွာပါဝင်နေကြစဉ်။ (ဓာတ်ပုံ – Myanmar Now)

“မန္တလေးက ပုဂ္ဂလိကဆေးရုံအချို့ဟာ စစ်တပ်ရဲ့ အမိန့်ကြောင့် ငလျင်မတိုင်မီကတည်းက လည်ပတ်နိုင်ခြင်း မရှိတော့ပါဘူး။ ကျန်တဲ့ ပုဂ္ဂလိကဆေးရုံအများစုလည်း ပျက်စီးသွားလို့ ကုသပေးနိုင်ခြင်းမရှိတော့ဘဲ   အားလုံးနီးပါး ပိတ်ထားရတယ်”ဟု သူက Myanmar Now ကို ပြောသည်။ 

CDM ကျန်းမာရေးဝန်ထမ်းများကို အလုပ်ခန့်ထားမှုစွပ်စွဲချက်ဖြင် မန္တလေးမြို့ရှိ  ပန်းလှိုင်၊ မြတ် ချယ်ရီ၊ မြတ်ဝေလျှံ၊ မင်္ဂလာမျိုးဆက်၊ လန်ဒန်၊ ဇီဝကနှင့် ငြိမ်းချမ်း အမည်ရ ဆေးရုံများကို ငလျင်မတိုင်မီ မတ်လဆန်းပိုင်းမှာ စစ်တပ်က ပိတ်ခိုင်းခဲ့သည်။ ထို့အပြင် မြို့တော်၊ နန်းတော်၊ ကံ့ကော်၊ ထက်နေလင်း၊ စိန်ပန်း၊ ကြယ်စင်လင်း၊ ဓူဝံ အမည်ရ ဆေးရုံများမှာလည်း ၂၀၂၂မှ ၂၀၂၃ အထိ ၂နှစ်တာအတွင်းမှာ အပိတ်ခံခဲ့ရသည်။ 

စစ်တပ်က ပိတ်သိမ်းခဲ့သည့် မန္တလေးမြို့ရှိ ဆေးရုံများ နေရာပြ မြေပုံ (Myanmar Now)

အလားတူ ယခုနှစ် ဖေဖော်ဝါရီလအတွင်း ရန်ကုန်ရှိ သမိုင်းဆေးရုံ၊ ကောင်းဆေးရုံ၊ ကျန်းမာသုခဆေးခန်း နှင့် OSC ဆေးရုံများ ပိတ်ခဲ့ရသည်။ 

စစ်တပ် ပိတ်သိမ်းလိုက်သည့် ရန်ကုန်ရှိဆေးရုံးများ နေရာပြ မြေပုံ (Myanmar Now)

စစ်တပ်၏ အဆိုပါ တိုက်ခိုက်မှုသည် ပြည်သူ့ ကျန်းမာရေးစောင့် ရှောက်မှုကဏ္ဍတွင် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအင်အားကို ပျက်စီးစေခဲ့သည်။ 

မန္တလေးတွင် ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၈၀ ရာခိုင်နှုန်းခန့်က CDM တွင် ပါဝင်ခဲ့ကြသည်။

ကျန်းမာရေးဝန်ကြီးဌာနလက်အောက်တွင် ဝန်ထမ်းပေါင်း တစ်သိန်းကျော် ရှိပြီး ယင်းပမာဏ၏ ထက်ဝါးနီးပါး(၄၇,၂၅၄)သည် CDM တွင် ပါဝင်နေသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။   

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်သည် ကျန်းမာရေးစောင့်ရှောက်မှုတွင် ပါဝင်နေသူများအပေါ်  တိုက်ခိုက်မှုအကြိမ်ပေါင်း ၁၅၇၄ ရှိခဲ့သည်၊ ကျန်းမာရေးဝန်ထမ်း ကျန်းမာရေးဝန်ထမ်း ၁၃၆ ဦးကို သတ်ဖြတ်ခဲ့ကာ ၈၃၆ ဦးကို ဖမ်းဆီးထားသည်ဟု ဆွစ်ဇာလန် အခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်သော Insecurity Insight က ဖေဖော်ဝါရီတွင်ထုတ်ပြန်ထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

အပျက်အစီးများကြားတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြရန် လိုအပ်နေ ချိန်ဖြစ်သော်လည်း စစ်ကောင်စီ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နှင့် ပုလဲမြို့ ၊ မကွေးတိုင်း စလင်းမြို့၊ ရှမ်းပြည်နယ် နောင်ချိုမြို့တို့ကို လေကြောင်း အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများပင် ဆက်လက် ပြုလုပ်လျက်ရှိသည်။ 

ကျန်းမာရေးဝန်ထမ်းများကို လွှတ်ပေးသင့်သလို  ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လုပ်ကိုင်ခွင့်လည်း လိုအပ်နေသည်ဟု ဒေါက်တာ စိုးသူရဇော်က တိုက်တွန်းသည်။ ၎င်းသည် CDM တွင် ပါဝင်ပြီးနောက် စစ်တပ်ကို လက်နက်ကိုင်တော်လှန်နေသူဖြစ်သည်။ 

“ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေကို ချက်ချင်းပဲ ပြန်လွှတ်ပေးသင့်တယ်။ ဒါမှသာ ကျန်းမာရေးကဏ္ဍရဲ့ လိုအပ်ချက်တွေ၊ ဟာကွက်တွေကို ဖြည့်တင်းနိုင်ပါလိမ့်မယ်”ဟု ဒေါက်တာ စိုးသူရဇော်က ပြောသည်။ 

နေရပ်စွန့်ခွာထွက်ပြေးနေရသည့် အခြား CDM  ကျန်းမာရေးဝန်ထမ်းများလည်း   လုံခြုံရေးအာမခံချက်ရှိလျှင် မြို့ပေါ်တက်ပြီးကုသမှု ပေးနိုင်သည်၊ သို့သော်လည်း  စစ်တပ်က လိုက်လျောနိုင်ခြေ နည်းပါးသည်ဟု ၎င်းက ဆိုသည်။

ယခုနှစ် စက်တင်ဘာအတွင်း ရှေ့တန်းစစ်မြေပြင်တွင် တွေ့ရသော MDY-PDF မှ ဒေါက်တာ စိုးသူရဇော် ။ (ဓာတ်ပုံ-မိုးဦး/Myanmar Now)

Related Articles

Back to top button