အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဦးလှသိန်းဗိမာန်ပြိုကျမှု စာဖြေ သံဃာ ၅၀ ထက်မနည်း ပျံလွန်တော်မူ

မန္တလေးမြို့ ငါးထပ်အဆောက်အအုံတစ်ခု ငလျင်ကြောင့် ပြိုကျစဉ် ထိုနေရာတွင် ရှိနေသည့် သံဃာများထဲမှ ၇၀ ခန့်သာ လွတ်မြောက်ကာ ၂၀၀ ခန့်မှာ အပျက်အစီးများအောက် ပိတ်မိသွားသည်။

မတ် ၂၈ ရက်နေ့  ငလျင်ကြောင့် မန္တလေးမြို့၊ မလွန်ရပ်၊ ၈၅ လမ်းရှိ ဦးလှသိန်းဗိမာန် ငါးထပ်ဆောင် ပြိုကျခဲ့ရာ  စာဖြေ သံဃာတော် ၅၀ ထက်မနည်း ပျံလွန်တော်မူခဲ့သည်ဟု ကူညီကယ်ဆယ်သူများ နှင့် မန္တလေး မြို့ခံများထံက သိရသည်။ 

ငလျင်လှုပ်ချိန် စာဖြေသံဃာတော် အပါး ၂၇၀ အနက် အဆောက်အအုံအပြင်ဘက် ထွက်သွားနိုင်သည့် သံဃာတော်များ ရှိသော်လည်း အများစုမှာ ဗိမာန်ပြိုကျသည့်အထဲ ပိတ်မိနေသည်ဟု ဦးလှသိန်းဗိမာန်တွင်ရောက်ရှိနေသည့် မန္တလေးသား တစ်ဦးက ပြောသည်။

“ထွက်ပြေးသွားနိုင်တဲ့ အပါး ၇၀ က လွတ်သွားတယ်လို့ ကယ်ဆယ်ရေးလုပ်တဲ့သူ တွေက ပြောတယ်ဗျ။ ကျန်တဲ့အပါး ၂၀၀ ကတော့ လောလောဆယ်ကတော့ ဒီဗိမာန်အောက်မှာပဲ ရှိနေတယ်ပေါ့။ မျှော်လင့်ချက်ကတော့ နည်းနေပြီလို့ပြောတယ်” ဟု ၎င်းက ပြောသည်။ 

ဦးလှသိန်း ဗိမာန်၏ ငါးထပ်ဆောင်တစ်ခုလုံး ပြိုကျ ပျက်စီးသွားခြင်းဖြစ်ပြီး ကွန်ကရစ်ပကမ်းခင်းပြားကြီးများအောက်  အသက် ရှင်သန် ပိတ်မိနေသူများကို ခက်ခက်ခဲခဲ ကယ်တင်နေရသည်ဟု ၎င်းက ဆက်ပြောသည်။ 

“မနေ့ကနဲ့ဒီနေ့ မှာ မနေ့ကတော့ အလောင်း ၅၀ လောက် ဖော်ထုတ်ပြီးသွားပြီပေါ့။ အလောင်း ၅၀ ကို လည်း ကားတွေနဲ့ တင်ပြီးသွားပြီပြောတယ်၊ ဆက်ပြီးတော့လည်းလုပ်နေကြတယ်။  ကယ်ဆယ်ရေး သမားတွေမှာလည်း အခက်အခဲရှိနေကြတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

 အပျက်အစီးကြားမှ ယနေ့ တွေ့သည့် သံဃာရုပ်ကလာပ်တချို့။ (ဓာတ်ပုံ- Myanmar Now)

ရာသီဥတု ပူပြင်းသလို ရက်ကြာလာသည်နှင့်အမျှ အဆောက်အဦ အပျက်အစီးပုံထဲတွင် ရုပ်အလောင်းများ ပျက်စီးလာသည်။

မီးသတ်သမားများသည် အိန္ဒိယနိုင်ငံမှ ရောက်ရှိလာသည့် ကယ်ဆယ်ရေးအဖွဲ့များနှင့် အတူ ကယ်ဆယ်ရေးလုပ်နေကြသည်၊  စက်ယန္တရားအကူအညီဖြင့် ကွန်ကရစ်ပြား ကြီးများကို ဖယ်ရှားနေရပြီး ရုပ်အလောင်းများကို  ဖော်ထုတ်နေရသည်ဟု နောက်ထပ် မန္တလေး ဒေသခံ တစ်ဦးက ပြောသည်။ 

“ဦးလှသိန်းဗိမာန်ရောက်တဲ့အခါကျတော့ ကယ်ဆယ်ရေးလုပ်နေတဲ့နေရာကို စဝင်လိုက်တာနဲ့ အပုပ်နံ့တွေ ရနေတာ။ အပုပ်နံ့တွေ အများကြီးထွက်လာတာပေါ့။ တကယ်ဆိုးဆိုးရွားရွားကို ထွက် တယ်” ဟု ၎င်းက ဆက်ပြောသည်။ 

မြန်မာနိုင်ငံ အလယ်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း ၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ နေပြည်တော်၊ ကယား (ကရင်နီ) ၊ ကရင်ပြည်နယ်တို့ အပါအဝင် မြို့ကြီးများတွင်  အင်အား ၇.၇ ရစ်ချက်စတာစကေးရှိသည့်  ငလျင် ပြင်းထန်စွာလှုပ်ခတ်ခဲ့ရာ ဘာသာရေးအဆောက်အဦများ၊ ဘုရားပုထိုး များ၊ တံတားများ ပြိုကျပျက်စီးခဲ့သည်။ 

ငလျင်ကြောင့် လူ့ အသက်များစွာဆုံးရှုံးမှု နှင့် ပျက်စီးဆုံးရှုံးမှုများအတွက်   မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ ၇ ရက်တာကာလကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ အဖြစ်သတ်မှတ်လိုက်ပြီး ထို့နေရက်များကို နိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူ ထားကြရမည်ဟု ဆိုထားသည်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် နိုင်ငံတကာ ငလျင်လှုပ်ခတ်မှု စောင့်ကြည့်ရေးအဖွဲ့ USGS က ပြင်းထန်သည့် မြန်မာငလျင်ကြောင့် လူဦးရေ တစ်သောင်းမှ တစ်သိန်းကြား သေဆုံးနိုင်ခြေရှိသည်ဟု မတ်လ ၂၉ ရက်နေ့တွင် ခန့်မှန်းထားသည်။

မတ်လ ၃၀ ရက်နေ့အထိ စစ်ကောင်စီ မှတ်တမ်းတင်နိုင်သည့် စာရင်းမှာ    ငလျင်ကြောင့် သေဆုံးသူပေါင်း ၁၇၀၀ ကျော်၊  ဒဏ်ရာ ရရှိသူ ၃၄၀၀ ကျော် ဖြစ်သည်။

 ဦးလှသိန်းသာသနာ့ဗိမာန်အဆောက်အဦ ပြိုကျပျက်စီးမှုအခြေအနေ။ (ဓာတ်ပုံ- Myanmar Now)

Related Articles

Back to top button