အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နေပြည်တော် ရုံးများနှင့်အိမ်ရာများ ပြိုကျ၍ စစ်ကောင်စီဝန်ထမ်းများ နီးစပ်ရာ ခိုလှုံနေရ

နေပြည်တော် အထပ်မြင့် ဝန်ထမ်းအိမ်ရာ အများအပြား ငလျင်ကြောင့် ပျက်စီးသွားသဖြင့် စစ်ကောင်စီဝန်ထမ်းတို့က လမ်းမကြီးများဘေးနှင့်၊ ဘောလုံးကွင်းများတွင် နေထိုင်ကြရသည်။

စစ်ဗိုလ်ချုပ်ကြီးများ ရုံးစိုက်ရာ နေပြည်တော်တွင် စစ်ကောင်စီ၏ စစ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန အပါ အဝင် ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများ ငလျင်ကြောင့် ပြိုလဲပျက်စီးခဲ့ပြီး လူသေဆုံး၊ ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကာ စစ်ကောင်စီဝန်ထမ်းများ နီးစပ်ရာများတွင် ခိုလှုံနေထိုင်နေရသည်။

ပျက်စီးပြိုကျခဲ့သည့်နေရာများတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားဌာန အဆောက်အဦများပါဝင်ကာ ဝန်ထမ်းအိမ်ရာများဖြစ်သော  ခ​ရေအိမ်ရာ တိုက်အမှတ် ၁၃၂၊ ၁၃၃၊ ၁၃၄ ၊ ဧက ၁၀၀၀ တိုက်အမှတ် ၁၃၂၂ ၊ ၁၃၂၇ ၊ တိုက်အမှတ် ၁၃၀၇ တို့ ပြိုကျပျက်စီးခဲ့သည်၊ ဧက ၂၀၀၀၊ ဧက ၃၀၀၀ တို့ဘက်မှ ဝန်ထမ်းအိမ်ရာများလည်း ပါဝင်သည်ဟု ဝန်ထမ်းများနှင့် နေပြည်တော်ဒေသခံများ ထံက သိရသည်။

ဧက ၂၀၀၀ နှင့် ၃၀၀၀ ဘက်ရှိ အထပ်မြင့် ဝန်ထမ်းအိမ်ရာ အလုံး၂၀ ထက်မနည်းမှာ မြေကြီးအတွင်း ကျွံဝင်နစ်မြှုပ် နေပြီး ၄ ထပ်တိုက်များမှာ ၁ ထပ်၊ ၂ ထပ်၊ ၃ ထပ်တို့သာရှိတော့သည်ကို မြင်တွေ့ရသည်ဟု နေပြည်တော် ဒေသခံတစ်ဦးက ပြောသည်။

အခြား ဝန်ထမ်းအိမ်ရာအများစုမှာ မျက်နှာကျက်ပြိုကျခြင်း၊ အက်ကြောင်းရာများ ပေါ်ပေါက်လာခြင်းတို့ကြောင့် အများစုမှာ ပြန်လည်နေထိုင်ရဲခြင်းမရှိသည့်အပြင် တိုက်အောက်ပိနေသည့် အလောင်းများကိုပင် အပြင်သို့ မထုတ်နိုင်သေးကြောင်း သိရသည်။



“ဦးက မိန်းမနဲ့အမေ တိုက်ပိသေတာ၊ လက်တစ်ဖက်မြင်ရနေတာ….ထုတ်လို့မရသေးဘူး”ဟု နေပြည်တော် ဝန်ထမ်းအိမ်ရာနေ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက မတ်လ ၃၀ ရက်နေ့တွင်  ပြောသည်။ ထို့ကြောင့် စစ်ကောင်စီဝန်ထမ်းများသည် လမ်းမကြီးများဘေးနှင့်၊ ဘောလုံးကွင်းများတွင် နေထိုင်ကြရသည်ဟု ဆိုကြသည်။

ဝန်ထမ်းအိမ်ရာများကို ပြုပြင်ဆောက်လုပ်ရမည်ဖြစ်၍ လတ်တလောတွင် စစ်ကောင်စီက ဝန်ထမ်းများကို နေရပ်ပြန်ခွင့်ပြုကြောင်း အထောက်အထားစာရွက်တွင် တံဆိပ်တုံးများ နှိပ်ပေးနေကြောင်း သိရသည်။

သို့သော်လည်း တိုက်ပွဲဖြစ်နေသည့် ဒေသအသီးသီးမှ ဝန်ထမ်းများသည် နေရပ်မပြန်ရဲဘဲ နေပြည်တော်တွင် အခက်အခဲဒုက္ခမျိုးစုံဖြင့်ရင်ဆိုင်နေကြရသည်ဟု ဆိုသည်။

“နယ်လည်းပြန်မရဘူး၊ ဒီမှာလည်း ကူညီမဲ့သူမရှိ လမ်းဘေးနေနေကြရတာ၊ ထမင်းထုပ်တော့ လာလှူကြပါ တယ်”ဟု အသက် ၅၀ အရွယ် ဝန်ထမ်းအမျိုးသမီးတစ်ဦးက ဆိုသည်။

လူမှုကွန်ရက်တွင် တွေ့ရသော  မတ် ၂၉ ရက်က ပျက်စီးနေသော ဝန်ထမ်းအိမ်ရာအနီးရှိ ဝန်ထမ်းများ။


စစ်ကောင်စီပြန်ကြား​ရေးဝန်ကြီး ဦး​မောင်​မောင်အုန်းက ငလျင်ဒဏ်​ကြောင့် ပြိုကျပျက်စီးနေသည့် အဆိုပါ ဝန်ထမ်းအိမ်ရာများကို မတ် ၃၀ ရက်နေ့တွင် လာရောက်ကြည့်ရှုစစ်​ဆေးခဲ့သည်။

နှစ်​ပေါင်း ၁၀၀ ​ကျော်အတွင်း ပထမဆုံးအကြိမ်ပြင်းထန်သောငလျင်ဖြစ်​ပြီး ရုံးများ ၊ အိမ်ရာများ၊ လမ်း တံတားများ ပျက်စီးမှု များပြားခဲ့​သည်၊ ဝန်ထမ်းများကို ယခုရက်အတွင်း ဘောလုံးကွင်း ကဲ့သို့နေရာများ၌ ယာယီတဲများဖြင့် နေရာချထား​ပေးမည်ဖြစ်သည်၊ ​ဆေးဝါး ၊ ရိက္ခာများလည်း ဖြည့်ဆည်းပေးမည်ဟု ၎င်းက ပြောသည်။

လတ်တလောတွင် သုံးရေ၊ ယာယီအိမ်သာ ၊ တယ်လီဖုန်းအားသွင်းရန်ကိစ္စများကို အဆိုပါဝန်ကြီးက ဆောင်ရွက်ပေးခဲ့သည်ဟု စစ်ကောင်စီ၏ ယမန်နေ့ထုတ်ပြန်ချက်က ဆိုသည်။

ထိုင်းကယ်ဆယ်ရေးအဖွဲ့များက နေပြည်တော် ဧက ၂၀၀၀ ဝန်ထမ်းအိမ်ရာများတွင် ကယ်ဆယ်ရေးလုပ်နေ ကြောင်း ယနေ့ စစ်ကောင်စီထုတ်ပြန်ချက်တွင် တွေ့ရသည်။

လက်ရှိတွင် နေပြည်တော်၌ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားတစ်ခုလုံး ရပ်ဆိုင်းထားရပြီး၊ ငလျင် မပြင်း ထန်သည့် မြို့နယ်များတွင်သာ လည်ပတ်လျက် ရှိသည်။

ငလျင်ဒဏ်ကြောင့် နေပြည်တော် ကုတင် ၁၀၀၀ ပြင်ပလူနာဆောင် ပြိုလဲပျက်စီးခဲ့ပြီး ယင်းလူနာဆောင်ကို ခွဲစိတ်ဆောင်ရှေ့ကွင်းပြင်တွင် ဖွင့်လှစ်ထားရသည်။ နေပြည်တော်လေဆိပ်၌ လေကြောင်းထိန်းချုပ်ရေး တာဝါတိုင်ပြိုကျကာ ၅ ဦးထက်မနည်း သေဆုံးခဲ့သည်။

မတ် ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ဖြစ်ပွားသည့် ပြင်းထန်သော ငလျင်ကြောင့် မြန်မာပြည် အလယ်ပိုင်း ဒေသများတွင် ထိခိုက်ပျက်စီးမှုများခဲ့သည်။

လက်ရှိတွင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အခြားငလျင်သင့်ဒေသများ၌ အရေးပေါ်ကူညီကယ်ဆယ်ရေးများ လိုအပ်နေပြီး အပျက်အစီးပုံများအောက် သေဆုံးသူ ၊ ပျောက်ဆုံးသူ အများအပြား ဆက်ရှိနေဆဲ ဖြစ်သည်။ 

စစ်ကောင်စီ၏ ယမန်နေ့ ညအချိန်အထိ စာရင်းများအရ သေဆုံးသူ ၁၇၀၀ ခန့်၊ ဒဏ်ရာရသူ ၃၄၀၀ ခန့်၊ ပျောက်ဆုံးသူ ၃၀၀ ကျော်ခန့်ရှိသည်ဟု သိရပြီး သေဆုံးမှုများ တိုးလာနိုင်သည်ဟု ဆိုထားသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့ မတ် ၃၀ ရက်အထိ မြေငလျင်သတင်းအရ ၇.၇ မှ ၃.၀ အင်အားရှိ ငလျင်များ  ၃၄ ကြိမ်ခန့် လှုပ်သွားခဲ့ကြောင်း သိရသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးနေသော ဧက ၂၀၀၀ ဝန်ထမ်းအိမ်ရာမှ နေအိမ်တစ်လုံး။ (ဓာတ်ပုံ- Myanmar Now)

Related Articles

Back to top button