သတင်း

​စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အနည်းဆုံး ၇၃ မြို့နယ်တွင် ပြုလုပ်ခဲ့ 

​ယနေ့ (မတ် ၂၁) တွင် နိုင်ငံတစ်ဝန်းရှိ အနည်းဆုံးမြို့နယ်ပေါင်း ၇၃ မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင် ရေး ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပြီး သိန်းနှင့်သန်းနှင့်ချီသော ပြည်သူများ ပါဝင်ဆင်နွှဲခဲ့သည်ကို တွေ့ရသည်။ 

ပြည်သူလူထု၏ အာဏာသိမ်းမှုကို ဆန့်ကျင်သော ဆန္ဒပြပွဲများ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စတင်ခဲ့ သည်ဖြစ်ရာ ၄၅ ရက်တိုင်ခဲ့ပြီဖြစ်သည့် ယနေ့တွင် ဆန္ဒပြသပိတ်စစ်ကြောင်းများ ပြုလုပ်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီနှင့် ကချင်၊ ကယား၊ ကရင်၊ မွန်၊ ချင်း၊ ရှမ်းနှင့် နေပြည်တော်ကောင်စီနယ်မြေတို့ဖြစ်သည်။ 

ရန်ကုန်တိုင်းတွင် တာမွေ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ရန်ကင်း၊ လှိုင်၊ သာကေတ၊ စမ်းချောင်း၊ အင်းစိန်၊ မရမ်းကုန်း အစရှိသည့်မြို့နယ်များတွင် အကြမ်းဖက်အုပ်စုက ဆန္ဒမပြရဲ​အောင် ပစ်ခတ်ခြိမ်း​ခြောက်​နေသည့်ကြားမှ ရပ်ကွက်များအတွင်း ပြောက်ကျားသပိတ်များ၊ ဆန္ဒပြပွဲများပြုလုပ်ခဲ့ကြသည်။

အလားတူ မန္တလေးတိုင်းတွင်လည်း မန္တလေး၊ ပြင်ဦးလွင်၊ သုံးတောင်၊ ပြင်စာ၊ ပုဂံ၊ ညောင်ဦး၊ မိတ္ထီလာ၊ သာစည်၊ မြစ်ငယ်၊ ဝမ်းတွင်း၊ မြစ်သား၊ မြို့သာနှင့် တောင်သာ စသော မြို့နယ်များတွင် သိန်းနှင့်ချီသော ပြည်သူများက အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ သပိတ်များတွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။ 

ထို့အပြင် စစ်ကိုင်းတိုင်းရှိ မုံရွာ၊ ကျွန်းလှ၊ တန့်ဆည်၊ ရေဦး၊ ကသာ၊ ခင်ဦး၊ ဘုတလင်၊ ဒီပဲရင်း၊ ပင်လည်ဘူး၊ ကန့်ဘလူ၊ ဇီးကုန်းမြို့ ၊ စစ်ကိုင်း၊ ဆားလင်းကြီး၊ ပဒူတိုက်နယ်၊ ရေဖြူ၊ ရွှေဘို၊ တမူး၊ ကလေးစ​သော မြို့နယ်များတွင် ဆန္ဒပြပွဲများရှိခဲ့သည့်နည်းတူ မကွေးတိုင်းတွင် မကွေး၊ ဆင်ဖြူကျွန်း၊ ပွင့်ဖြူ၊ ရေစကြို၊ မြိုင် စသည့်မြို့များတွင် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ရှိခဲ့သည်။ 

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများတွင် အရုဏ်ဦးသပိတ်၊ လူမဲ့သပိတ်၊ ဆိုင်ကယ် သပိတ်၊ စစ်ကြောင်းချီသပိတ်၊ ထိုင်သပိတ်၊ ပြောက်ကျားသပိတ် စသဖြင့် ပုံစံမျိုးစုံရှိခဲ့ပြီး သိန်းနှင့် သန်းနှင့်ချီသော ပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြသည်ကို တွေ့ရသည်။ 

အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြသည့်မြို့နယ်များတွင် မိုဘိုင်းအင်တာနက်ဆက် လိုင်းများ ဖြတ်တောက်ခံထားရခြင်းကြောင့် သတင်းအချက်အလက် မရရှိဘဲ ကျန်ရှိနေသည့် မြို့နယ်များလည်း ရှိနိုင်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဆက်လက်အားကောင်းနေဆဲဖြစ်သည့်နည်းတူ စစ်ကောင်စီလက်နက်ကိုင်တပ်များကလည်း မြို့ပေါ်ရပ်ကွက်လမ်းများအတွင်း ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို အင်အားသုံးဖယ်ရှားခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ လမ်းပေါ်တွေ့သမျှ ရဟန်းရှင်လူပြည်သူများကို ပစ်ခတ်ဖမ်းဆီးခြင်းများ ဆက်လက်ကျူးလွန်လျက်ရှိသည်။

ထိုသို့သော အကြမ်းဖက်လုပ်ရပ်များကြားမှပင် ပဲခူးတိုင်းရှိ ပဲခူး၊ ပြည်၊ ဒိုက်ဦး၊ ဖြူး၊ မင်းလှ၊ ဖဒို၊ ကညွတ်ကွင်းနှင့် ဧရာဝတီတိုင်းရှိ ပုသိမ်၊ ဖျာပုံ၊ တနင်္သာရီတိုင်းရှိ ထားဝယ်၊ လောင်းလုံ၊ ရေဖြူ၊ မြိတ်နှင့် ​နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေး စသည့် မြို့နယ်များတွင်လည်း စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။

အလားတူ တိုင်းရင်းသားဒေသများဖြစ်သော ရှမ်းပြည်နယ်တွင် တောင်ကြီး၊ ကလော၊ နမ့်စန်၊ ဆီဆိုင်၊ လားရှိုး၊ အောင်ပန်း၊ သီပေါ၊ မူဆယ်၊ ဝန်းသို၊ ကျိုင်းတုံနှင့် ကရင်ပြည်နယ်တွင် ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ကော့ကရိတ် မြို့နယ်၊ ကယားပြည်နယ်တွင် ဖရူဆိုမြို့နယ်၊ မွန်ပြည်နယ်တွင် မုဒုံ၊ ကျိုက်ထို၊ ပေါင်နှင့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်များတွင်လည်း အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ များ ဆင်နွှဲခဲ့ကြသည်။

အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြမှုများတွင် စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်မှုကြောင့် မုံရွာ၊ ပဲခူး၊ တောင်ကြီး၊ မန္တ​လေး စသည့်ဒေသများတွင် သေဆုံးနှင့် ဒဏ်ရာရမှုများ ရှိခဲ့သည်။ မုံရွာမြို့ နန္ဒဝန်ရပ်ကွက်တွင်တစ်ဦး၊ မန္တ​လေးမြို့ ​အောင်ပင်လယ်တွင် တစ်ဦးစီ သေနတ်ဖြင့် အပစ်ခံရပြီး ​သေဆုံးခဲ့ကာ ဒဏ်ရာရသူလည်း ဆယ်ဂဏန်းအထိရှိသည်။ 

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းချိန်မှစ၍ ယမန်နေ့ (မတ် ၂၀) အထိ စစ်ကောင်စီလက်နက် ကိုင်များ ပစ်ခတ်သတ်ဖြတ်ခြင်းကြောင့် နိုင်ငံတစ်ဝန်းသေဆုံးသူ အနည်းဆုံး ၂၄၉ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

 

Show More

Related Articles

Back to top button