ဆောင်းပါးရွေးကောက်ပွဲ

ပထမဦးဆုံးအကြိမ် မဲပေးသူတစ်ဦး၏ ပုံရိပ်များ

ရန်ကုန်− ကျွန်မတို့ အိမ်ကထွက်လာချိန်မှာ မှောင်မည်းနေပါသေးတယ်။ တော်တော်လေး တိတ်ဆိတ်နေပါတယ်။ ကျွန်မတို့ရပ်ကွက်ဟာ အရင်ကတည်းက ဆိပ်ငြိမ်ရပ်ကွက်ဆိုတော့ သိပ်မစည်ကားပေမဲ့ ပုံမှန်ဆိုရင် လမ်းဘေးဆိုင်လေးတွေနဲ့ အိမ်ဆိုင်အသေးလေးတွေက စောစောစီးစီး လုပ်ငန်းစဖို့ ပြင်ဆင်နေကျပါ၊ ဒီနေ့တော့ အရိပ်အယောင်တောင် မမြင်ရ။ မဲရုံကိုသွားတဲ့ ၅ မိနစ်ကြာ လမ်းခရီးမှာ လူ ၅ ယောက်ပဲ တွေ့ပါတယ်။

ကားလေးက တရိပ်ရိပ်ပြေးနေရာကနေ ဘယ်ဘက်ထောင့်ချိုးတစ်ကွေ့ကို ကွေ့လိုက်ချိန်မှာတော့ လူ ၁ဝဝ နီးပါး တန်းစီနေတာကို ဘွားခနဲတွေ့လိုက်ရပါတယ်။ ကျွန်မရင်ထဲမှာလည်း တဒုတ်ဒုတ်ဖြစ်သွားတယ်။

အချိန်က ၅ နာရီ မိနစ် ၄ဝ ပဲ ရှိပါသေးတယ်။ မဲရုံဖွင့်ဖို့ မိနစ်၂ဝ လိုပါသေးတယ်။ မိနစ်ပိုင်းအတွင်းတင်ပဲ လူဦးရေ ၂ ဆ တိုးလာပါတယ်။

မှောင်လည်းမှောင်၊ လိုင်းကလည်း ရှည်နေပေမဲ့ တန်းစီနေတဲ့သူတွေဟာ တက်တက်ကြွကြွပါပဲ။ တချို့တွေက အိပ်မောကျသွားတဲ့အတွက် နောက်ရောက်သွားကြောင်း ရယ်ရယ်မောမော ဆိုနေကြတယ်။ အိပ်မောကျသွားတယ်သာ ဆိုနေတာ မနက် ၆ နာရီတောင် မထိုးသေးဘူး။ တခြားလူတွေကတော့ မဲတွေကို ညတွင်းချင်းရေမယ်လို့ ကြားကြောင်း၊ စိတ်လှုပ်ရှားစရာ ဖြစ်ကြောင်း ပြောနေပါတယ်။

ဘေးကဓမ္မာရုံကနေ မဲပုံးတွေလို့ ထင်ရတဲ့ ပုံးတွေကို ထုတ်လာပြီး မဲရုံအဖြစ်လုပ်ထားတဲ့ အထက်တန်းကျောင်းကို ယူသွားချိန်မှာတော့ လူတွေ တော်တော်လေးလှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။

ကျွန်မတို့ရဲ့ မဲရုံက ၁ဝ မိနစ်လောက် နောက်ကျပြီးမှ ဖွင့်ပါတယ်။ အဲဒီမှာ မဲပေးသူတွေက စိတ်ပူပြီး လူတိုင်းမဲပေးနိုင်အောင်လို့ မဲရုံပိတ်တဲ့ အခါမှာလည်း ၁ဝ မိနစ် နောက်ကျပေးသင့်တယ်လို့ ဆိုကြပါတယ်။ ရွေးကောက်ပွဲမနက် မဲပေးဖို့ တန်းစီရာမှာ စနစ်က ရှုပ်ထွေးတဲ့အတွက် လူတိုင်း မဲပေးဖို့ အချိန်မီပါ့မလား ဆိုတဲ့ ပြောဆိုချက်က ကျွန်မ ထပ်တလဲလဲ ကြားရတဲ့အချက်ပါပဲ။

တချို့က မဲ ၃မဲ ပေးရမယ် − အမျိုးသားလွှတ်တော် ၁မဲ၊ ပြည်သူ့လွှတ်တော် ၁မဲ၊ တိုင်းနဲ့ပြည်နယ်လွှတ်တော် ၁မဲ − ဆိုတာ မသိကြပါဘူး။ တချို့ကတော့လည်း အနီးအနားကလူတွေကို မဲဘယ်လိုပေးရမယ်ဆိုတာကို ပြောပြကြတယ်။

ကျောင်းပရိဝုဏ်က ကျယ်ပေမဲ့ မဲရုံ ၅ ရုံတောင် ရှိတာမို့ ကျဉ်းကျဉ်းကျပ်ကျပ် ဖြစ်နေတယ်။ ဒါ့အပြင် ဘေးနှစ်ဖက် ရေဆိုးတွေ၊ မြက်ရိုင်းတွေကနေ ကာကွယ်ပေးတာက ကွန်ကရစ်လမ်း အသေးလေးသာ ရှိတာမို့ တွန်းတာ၊ ဝှေ့တာလေးတွေ နည်းနည်းဖြစ်တယ်။ ဒါပေမယ့် အားလုံးက တစ်ဦးနဲ့တစ်ဦး ကြည်ကြည်ဖြူဖြူပါပဲ။

သက်ကြီးရွယ်အို မဲပေးသူများလည်း တော်တော်တွေ့ရပါတယ်။ ကျွန်မရဲ့ ၈၄ နှစ်အရွယ် ကြီးကြီးကလည်း ဒီနေ့ မဲပေးပါတယ်။ လူတန်းကြီးက ကျောင်းဝင်းအပြင်ကိုတောင် ကွေ့ဝိုက်ပြီး လမ်းမပေါ်တက်နေလို့ အကုန်လုံး မိုးတိုးမတ်တတ်ဖြစ်ချိန်မှာ သူ့ကိုတွဲတဲ့သူတွေ၊ ထိုင်ဖို့ခုံရှာပေးသူတွေက မနည်းမနောပါပဲ။

သက်ကြီးရွယ်အိုတွေဟာ ဒီလို အခက်အခဲတွေနဲ့ မကြုံဖို့ ကြိုတင်မဲပေးလို့ရပါတယ်။ ဒါပေမယ့် ဒီနေ့လာတာဟာ ဘာကြောင့်လဲဆိုတော့ “ကြိုတင်မဲတွေအပေါ်မှာ ယုံကြည်မှု မရှိလို့ပဲ” ဆိုပြီး ကျွန်မရဲ့နောက်က အမျိုးသားတစ်ဦးက ပြောပါတယ်။

ထိုင်နေကြတဲ့ ကျွန်မရဲ့ကြီးကြီးအပါအဝင် မဲလာပေးမဲ့လူကြီးတွေက ဒါကိုကြားတော့ သဘောတူတဲ့အနေနဲ့ ရယ်ကြတယ်။

မဲပေးပြီးသူတွေ ထွက်လာတိုင်း စောင့်နေတဲ့လူတွေထဲက “အောင်ပြီလားလို့” လှမ်းမေးကြပါတယ်။ ဪ၊ သူတို့တော့ ပြီးသွားရှာပြီ၊ စောင့်စရာ မလိုတော့ဘူးဆိုတဲ့ မနာလိုစိတ်လေးလည်း ပါတာပေါ့။ မဲပေးပြီးတဲ့ အမျိုးသားတစ်ယောက်က ပြောသွားတယ်၊ “ကျွန်တော်က ၄နာရီကတည်းက ထတာ” တဲ့။

သူ့ထက်ပိုပြီးတော့တောင် စောရောက်နေတဲ့သူတွေ ရှိပါသေးတယ်။ ကျွန်မတို့ရပ်ကွက်ထဲမှာ ပထမဦးဆုံး မဲပေးခဲ့တဲ့ လင်မယား ၂ဦးက ဖျက်မရတဲ့ မင်စွန်းနေတဲ့ သူတို့ရဲ့ လက်သန်းလေးတွေကို ဝင့်ကြွားစွာနဲ့ ထောင်ပြပြီး မနက် ၃နာရီခွဲကတည်းက မဲပေးဖို့ စောင့်နေခဲ့တာလို့ဆိုပါတယ်။

မဲစာရွက်ပေးတဲ့နေရာက စားပွဲကို ကျွန်မ တဖြည်းဖြည်း ကပ်လာတဲ့အချိန်မှာတော့ မနက် ၇ နာရီနီးပါး ရှိပါပြီ။ မဲဆန္ဒရှင် သက်သေခံစာရွက်အဖြူကိုပေး၊ မဲစာရင်းထဲမှာ လက်မှတ်ထိုး၊ မဲစာရွက်ကို နောက်တစ်ဦးဆီက လက်မှတ်ထိုးပြီးမှယူ − သူများတွေလုပ်တာတွေကို ကြည့်နေချိန်မှာပဲ မီးက ဖျတ်ခနဲ ပျက်သွားလေရဲ့။ လူတွေဆီက “ဟေး” ဆိုပြီး အသံထွက်လာတယ်။ ဪ … မြန်မာပြည်အကြောင်းကို ရေးရင် မီးပျက်တာ မပါလို့မှမဖြစ်တာ။

ကျွန်မ မဲ ၃ မဲ ပေးဖို့ ၁ဝ မိနစ်ကျော်ကျော်လေး ကြာပါတယ်။ ကျွန်မရဲ့ရှေ့မှာ မဲပေးသူဦးရေ ၁ဝဝ လောက်ပဲ ရှိခဲ့မယ်။ ကျွန်မရဲ့ မဲရုံတစ်ရုံတည်းတင်ကို မဲပေးသူဦးရေက ၁,၆ဝရ ဦး ရှိပါတယ်။ မဲပေးဖို့က ၉နာရီပဲ ကျန်တော့တာပါ။ စောစောက မဲပေးဖို့ အချိန်မီပါ့မလား လို့ ပြောသူတွေကို ပြန်သတိရပြီး ကိုယ်ပါ စိတ်ပူသွားပါတယ်။

ဝမ်းလည်းနည်း၊ ဝမ်းလည်းသာ

နောက်ဆုံးမဲကို ပေးပြီးချိန် မဲရုံထဲ လုပ်စရာ တစ်ခု ကျန်နေပါသေးတယ်။ မဲရုံရဲ့ထွက်ပေါက်မှာထိုင်နေတဲ့ တာဝန်ကျအမျိုးသမီးရဲ့ရှေ့မှာက မင်အိုးကလေးပါ။ သူက ကျွန်မရဲ့ လက်သန်းလေးကို ညင်ညင်သာသာ ကိုင်တွယ်ပြီး မင်အိုးထဲကို နှစ်လိုက်ပါတယ်။ မဲပေးတာ ပြီးသွားပါပြီ။

မဲရုံအပြင် ရောက်ရောက်ခြင်း ထောင်ပေါင်းများစွာသော လောလောလတ်လတ် မဲပေးပြီးသူတွေ လုပ်ကြသလို ခရမ်းရောင်မင်တို့ထားတဲ့ ကျွန်မရဲ့လက်ကို ဓာတ်ပုံရိုက်လိုက်ပါတယ်။ ဒါဟာ ဒီမိုကရေစီရဲ့အမှတ်သင်္ကေတပဲပေါ့။

လွန်ခဲ့တဲ့ရက်တွေတုန်းက ပထမဦးဆုံးမဲပေးသူတစ်ဦးရဲ့ အခက်အခဲများဆိုပြီး ကျွန်မ အာဘော်ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါသေးတယ်။ မူဝါဒတွေ မသဲကွဲတာ၊ မရှိတာ၊ ရွေးချယ်စရာနည်းတာကို ယခုအချိန်အထိ စိတ်ပူတုန်းပါပဲ။ အသက် ၃၈နှစ် အရွယ်မှ ပေးရတဲ့မဲဟာလည်း ဝမ်းနည်းဝမ်းသာပါပဲ။

မဲပေးတယ်ဆိုတာဟာ နိုင်ငံသားတစ်ဦးရဲ့တာဝန်လို့ ယုံကြည်တဲ့ ကျွန်မဟာ နောက်ဆုံးမှာတော့ မဲပေးနိုင်ခဲ့တာကို ဝမ်းသာသလိုပဲ ကျွန်မရဲ့နှစ်ရှည်လများ အသံတိတ်ခဲ့ရတဲ့ တစ်ပြည်တည်းသားတွေနဲ့အတူတူ ပေးခဲ့ရတာကို ကြည်နူးမိပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းက နိုင်ငံရပ်ခြားက သတင်းခန်းကနေလှမ်းပြီး သတင်းတွေ တိုးတိုးတိတ်တိတ်ယူခဲ့ရတာ၊ စိတ်မဝင်စား၊ စိတ်ပျက်၊ ရလဒ်ကို ကြောက်ရွံ့နေတဲ့ မဲဆန္ဒရှင်တွေကို ဆက်သွယ်မေးမြန်းခဲ့ရတာ ပြန်သတိရမိပါတယ်။

အဲဒီတုန်းက နောက်ဆုံးထွက်လာတဲ့ ရလဒ်တွေကို စောင့်ကြည့်ရတာ မအံ့သြမိပေမဲ့ တဖြည်းဖြည်း တုန်လှုပ်လာပါတယ်။ အဲဒါနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ဒီနေ့ဟာ  ကွာခြားပါတယ်။

ဒါပေမယ့်လည်း ဒီလိုနေ့မျိုးရောက်အောင် ၂၅နှစ်ကြာခဲ့တာကို တွေးပြီးတော့ ဝမ်းနည်းမိပါတယ်။ ၁၉၉ဝ တုန်းက ကျွန်မ အိပ်ရာက နိုးလာတော့ အိမ်မှာ လူတိုင်းနီးပါး မဲသွားပေးလို့ တိတ်ဆိတ်ပြီး ကျန်ရစ်နေခဲ့တာကို မှတ်မိပါသေးတယ်။ ကျွန်မက အဲဒီတုန်းက အသက်ငယ်သေးတော့ မဲမပေးရဘူး။ ဒါပေမယ့် အခုလိုပဲ နိုင်ငံဟာ အပြောင်းအလဲတစ်ခုရဲ့ ထိပ်ပိုင်းကို ရောက်နေပြီဆိုတဲ့ ခံစားချက်က တော်တော်များများမှာ ရှိနေပါတယ်။

အဲဒီ မေ၂၇ ရက်နေ့မှာ ကျွန်မရဲ့ မိသားစုက မွန်းတည့်ချိန်လောက်မှ အိမ်ပြန်ရောက်လာကြတယ်။ အဲဒီနေ့က ပူလွန်း၊ အိုက်လွန်းပြီး မဲရုံနားမှာလည်း အရိပ်မရှိတာမို့ ကျွန်မရဲ့ဖေဖေဟာ သူနေထိုင်မကောင်းဖြစ်မှာကိုလည်း စိုးရိမ်၊ အသက် ရဝ ကျော်ပြီဖြစ်တဲ့ အဘိုးရဲ့ကျန်းမာရေးကိုလည်း စိုးရိမ်ပြီး ပြန်ဖို့စဉ်းစားတယ်၊ ၁၈ နှစ် ပြည့်ထားတာ မကြာသေးတဲ့ ကျွန်မရဲ့အစ်မက ခါးခါးသီးသီးငြင်းဆန်သတဲ့။

“ဘယ်သူမှ အိမ်မပြန်ရဘူး။ အကုန်လုံး မဲပေးရမယ်။ မဲတစ်ချပ်မှ အဆုံးရှုံးမခံနိုင်ဘူးလို့ ညည်းအစ်မကပြောလေရဲ့” လို့ ဖေဖေနဲ့ ဘဘက ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောခဲ့တာ မနေ့တစ်နေ့ကလိုပါပဲ။ ဖေဖေရော ဘဘရော မရှိတော့တာ ကြာပါပြီ။

ဒီနေ့မှာတော့ ကျွန်မက သူတို့ရဲ့အမွေအနှစ်၊ ပြီးတော့ မဲတွေရဲ့စွမ်းအားကို ယုံကြည်ပေမဲ့ အခုထက်ထိ ဒီမိုကရေစီကို မျက်မြင်မတွေ့ရသေးတဲ့ မြန်မာနိုင်ငံသားများရဲ့အမွေအနှစ်ကို ဆက်ခံပြီး မဲပေးခဲ့ပါပြီ။ ၁၉၉ဝ တုန်းကလို အခြေအနေမျိုးနဲ့သာ ထပ်မကြုံရပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။

Show More

Related Articles

Back to top button