အာဏာသိမ်းစစ်အုပ်စု သက်ဆိုးမရှည်နိုင်စေရေး ရည်ရွယ်၍ အဓိကဘဏ္ဍာငွေရလမ်း ၃ ခုကို ဖြတ်တောက်ပိတ်ဆို့ရန် ပြည်သူ့အစိုးရအဖွဲ့၏ ဘဏ္ဍာရေးဆိုင်ရာဝန်ကြီးဌာန ၃ ခု၏ ခေတ္တပြည်ထောင်စုဝန်ကြီးက ယမန်နေ့(မတ် ၂၁) ညပိုင်းက ပြည်သူလူထုကို တိုက်တွန်းပြောကြားလိုက်သည်။
အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့ ယန္တရားကို ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် မြန်မာကျပ်ငွေ ဘီလျံနှစ်သောင်းခွဲခန့် အနည်းဆုံးလိုအပ်နေပြီး အဓိကဘဏ္ဍာငွေရလမ်း ၃ ခုကို ပိတ်ဆို့ဟန့်တားနိုင်ရန် လိုအပ်ကြောင်း ပြည်သူ့အစိုးရ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က တိုက်တွန်းပြောကြားလိုက်သည်။
အကြမ်းဖက်စစ်အုပ်စု၏ အဓိကဘဏ္ဍာငွေရလမ်း ၃ ခု ဖြစ်သည့် ပြည်သူ့အခွန်အကောက်များမှ ရရှိသည့် ဝင်ငွေများ၊ နိုင်ငံတော်ပိုင် စီးပွားရေးအရင်းအမြစ်များမှ ရရှိသည့် ဝင်ငွေများ၊ နိုင်ငံတကာချေးငွေများမှ ရရှိသည့် ဝင်ငွေများကို ဟန့်တားဖြတ်တောက်နိုင်ပါက စစ်အုပ်စု၏ ယန္တရား ရပ်တန့်သွားမည်ဖြစ်သည်ဟု ဦးတင်ထွန်းနိုင်က ပြည်သူသို့ အစီရင်ခံတင်ပြရာတွင် ပြောကြားခဲ့သည်။
“အာဏာသိမ်းစစ်အုပ်စု အသက်ဆက်ဖို့ဆိုတာ ဘတ်ဂျက်လိုပါတယ်။ ပိုက်ဆံလိုပါတယ်။ ဘတ်ဂျက်မရှိရင် ပိုက်ဆံမရှိရင် သူတို့ရဲ့ အကြမ်းဖက်ယန္တရားက လုံးဝ ရပ်တန့်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် အခွန်အကောက်မှ ရရှိသည့် ခန့်မှန်းဝင်ငွေမှာ မြန်မာကျပ်ငွေ ၈၆၀၀ ဘီလျံခန့်သာရှိပြီး စစ်အုပ်စုယန္တရား လည်ပတ်ရန် လိုအပ်ငွေ၏ ၃၅ ရာခိုင်နှုန်းသာရှိပြီး နိုင်ငံပိုင် စီးပွားရေးအရင်းအမြစ်များမှ ရရှိသည့် ခန့်မှန်းဝင်ငွေမှာ မြန်မာကျပ်ငွေ ၁၂,၀၀၀ ဘီလျံခန့်ရှိကြောင်း ၎င်းက ထည့်သွင်းပြောကြားသည်။
လျှပ်စစ်မီတာမှ ရရှိသည့် ခန့်မှန်းဝင်ငွေမှာ တစ်နှစ်လျှင် မြန်မာကျပ်ငွေ ၅၀၀၀ ဘီလျံမှ ၇၀၀၀ ဘီလျံကြားရှိပြီး စစ်အုပ်စုယန္တရားလည်ပတ်ရန် လိုအပ်ငွေ၏ ၂၅ ရာခိုင်နှုန်းရှိကြောင်း ၎င်းက ပြောသည်။
ထို့ပြင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရောင်းချငွေများအား အာဏာသိမ်းစစ်အုပ်စုထံသို့ မရောက်ရှိစေရန် တားမြစ်သည့် စာကို မတ် ၅ ကတည်းကပင် ကမ်းလွန်ရေနံ တူးဖော်ရေးကုမ္ပဏီများသို့ ပေးပို့ ညွှန်ကြားထားပြီး မတ် ၁၆ တွင် ထပ်မံပေးပို့ထားကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် နိုင်ငံတော်က အရန်ထားရှိသည့် နိုင်ငံခြားအရန်ဘဏ္ဍာငွေများ အာဏာသိမ်းစစ်ကောင်စီထံသို့ မရောက်ရှိစေရေးအတွက် စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံများရှိ နိုင်ငံခြားဘဏ်များသို့ စာပေးပို့က နိုင်ငံခြားအရန်ငွေများကို ထိန်းသိမ်းပေးရန် တောင်းဆိုထားကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၁ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်းစစ်ကောင်စီက နိုင်ငံ၏ တရားဝင်အစိုးရဖြစ်သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ဦးတင်ထွန်းနိုင်အပါအဝင် ခေတ္တပြည်ထောင်စုဝန်ကြီးများကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က တင်မြှောက်ခဲ့ခြင်းဖြစ်သည်။
၎င်း၏ အဓိကတာဝန်မှာ အကြမ်းဖက်စစ်အုပ်စု အသက်ဆက်ရန်အတွက် လိုအပ်နေသည့် ဝင်ငွေနှင့် ဘဏ္ဍာရေးအရင်းအမြစ်များကို ဖြတ်တောက်ပိတ်ဆို့ ဟန့်တားရန်ဖြစ်ပြီး ၎င်းအနေဖြင့် ကျရာတာဝန်ကို ပြည်သူလူထုနှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ဦးတင်ထွန်းနိုင်က ထည့်သွင်းပြောကြားခဲ့သည်။
“ပြည်သူ့လူထုအနေနဲ့ စစ်အုပ်စု သက်ဆိုးမရှည်စေရေး၊ မိမိတို့ပေးဆောင်ထားတဲ့ ဘဏ္ဍာငွေတွေကို အသုံးပြုပြီး အကြမ်းဖက် နှိပ်စက် သတ်ဖြတ်ခြင်းများ အမြန်ဆုံးရပ်တန့်နိုင်ရေးအတွက် ပေးဆောင်ရမယ့် အခွန်အကောက်တွေကို လုံးဝ လုံးဝ မပေးဆောင်ကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်” ဟု ၎င်းက ပြောသည်။
စစ်အုပ်စု၏ နောက်ဆုံးဝင်ငွေရလမ်းဖြစ်သည့် ငွေစက္ကူများ အသစ်ထပ်မံ မရိုက်နှိပ်နိုင်စေရေးအတွက်လည်း လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများရောင်းချနေသည့် ဂျာမနီအစိုးရနှင့် ကုမ္ပဏီသို့ ဆက်သွယ်ထားပြီး အာဏာသိမ်းစစ်ကောင်စီကို ကုန်ကြမ်းပစ္စည်းများ ထပ်မံမရောင်းချရန် တောင်းဆိုထားပြီးဖြစ်သည်ဟု ၎င်းက ပြောသည်။
ထို့ပြင် အခြားနိုင်ငံများမှ ကုန်ကြမ်းဝယ်ယူပြီး ငွေစက္ကူရိုက်နှိပ်ရန် စစ်ကောင်စီဘက်က ကြိုးစားလာပါကလည်း ထပ်မံရိုက်နှိပ်သည့် ငွေကြေးများကို အက္ခရာနှင့် နံပါတ်အလိုက် တရားမဝင်ငွေကြေးများအဖြစ် ကြေညာသွားမည်ဟု ၎င်းက ဆိုသည်။
နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းကာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အုပ်စုယန္တရားလည်ပတ်ရန် လိုအပ်သည့် ဘဏ္ဍာငွေများကို ဖြတ်တောက်ပိတ်ဆို့ရန် ပြည်သူ့အစိုးရက ညွှန်ကြားလိုက်ခြင်းဖြစ်သည်။