အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထိုင်း – မြန်မာနယ်စပ်၌ မြန်မာစစ်တပ်ကို ထိုင်းက ရိက္ခာထောက်ပံ့ရန် ကြိုးပမ်း 

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာနယ်မြေအတွင်းရှိ မြန်မာစစ်တပ်ကို ထိုင်းဘက်က ရိက္ခာထောက်ပံ့ရန် ပြင်ဆင်နေသည်ဟု KNU ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ထိုင်း − မြန်မာနယ်စပ်ရှိ KNU ထိန်းချုပ်ရာနယ်မြေအတွင်း ပိတ်မိနေသည့် မြန်မာစစ်တပ်အတွက် ထိုင်း လုံခြုံရေးအေဂျင်စီက ဆန်အိတ်ပေါင်း ၇၀၀ ခန့် ပေးပို့ခဲ့သည်ဟု ထိုင်းသတင်းဌာန The Reporters ၏ ယနေ့ (မတ် ၂၀) သတင်းနှင့် ပတ်သက်၍ KNU ကိုဆက်သွယ်မေးမြန်းရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။  

“ထိုင်းဘက်က ဖြစ်နေတော့ ဒါက G to G (အစိုးရချင်း) သွားတာလား။ ဘယ်လိုပုံစံမျိုးလဲဆိုတာ စုံစမ်းနေတုန်းပါ။ ထိုင်းဘက်က ကမ်းနားနဲ့ သံလွင်တစ်ဖက်ကမ်းမှာရှိတဲ့ စစ်တပ်စခန်းကို တိုက်ရိုက်ရောက်သွားမယ့် အနေအထားဖြစ်တယ်။ လောလောဆယ်တော့ ထိုင်းဘက်အခြမ်းမှာရှိနေတဲ့ အနေအထားပါ”ဟု KNU ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောလှထွန်းက ပြောသည်။

KNU တပ်မဟာ ၅ နယ်မြေအတွင်း၌ ရိက္ခာသယ်ယူပို့ဆောင်ရေးလမ်းကြောင်း ဖြတ်တောက်ခံထားရသည့် အာဏာသိမ်းစစ်တပ်စခန်းသည် ထိုင်းဘက်မှ ရိက္ခာထောက်ပံ့မှုရရန်ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ဆိုသည်။ 

အဆိုပါတပ်စခန်းကို ပြည်တွင်းမှရိက္ခာထောက်ပံ့မှုများ မပြုလုပ်နိုင်ရန် KNU ၏ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၅ က အာဏာမသိမ်းခင်ကတည်းက ရိက္ခာဖြတ်တောက် ထားခြင်းဖြစ်သည်ဟု ဖဒိုစောလှထွန်းက ပြောသည်။

ဖာပွန်ခရိုင်အတွင်း၌ အာဏာသိမ်းစစ်တပ်သည် စစ်ရေးပြင်ဆင်လမ်းဖောက်လုပ်နေမှုများ၊ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ၂၀၁၈ ခုနှစ်ကတည်းက တိုက်ပွဲဖြစ်ပွားနေသော ဒေသဖြစ်သည်။

ထို့ကြောင့် သံလွင်မြစ်တလျှောက်ရှိ စစ်တပ်၏ အခြေစိုက်စခန်းများကို ရိက္ခာပို့လိုလျှင် နှစ်ဖက်ညှိနှိုင်းကြရန် KNU က ပြောဆိုထားသော်လည်း စစ်တပ်က တွေ့ဆုံဆွေးနွေးမှုမရှိသည့်အတွက် အာဏာမသိမ်းခင်ကတည်းက ရိက္ခာပို့လမ်းကြောင်းများကို ဖြတ်တောက်လိုက်ရခြင်းဖြစ်သည်ဟု ဖဒိုစောလှထွန်းက ပြောသည်။

ထိုင်းစစ်တပ်အနေဖြင့် မြန်မာစစ်တပ်ကို ဆန်အိတ်များပေးပို့ခဲ့ခြင်း မရှိကြောင်း၊ စီးပွားရေးသမားများက ပေးပို့ခဲ့သည်ဟု ယူဆကြောင်း၊ မည်သူမည်ဝါဖြစ်သည်ကို အကောက်ခွန်ဌာနက စစ်ဆေးပြီး တရားမဝင်ပေးပို့ခြင်းပါက အရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းစစ်တပ်အရာရှိတစ်ဦးကို ကိုးကားလျက် ထိုင်းသတင်းဌာန The Reporters ယနေ့ည ၉ နာရီအချိန်တွင် ထပ်မံသတင်းရေးသားထားသည်။
 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button