
စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်လာချိန်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်မှု လွန်စွာ နည်းပါးလာနေသော်လည်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် စက်ရုံလုပ်ငန်းအများအပြား ဆက်လက်ရပ်တည်နေကြကြောင်း သိရသည်။
တစ်နေ့လျှင် ၄ နာရီသာ လျှပ်စစ်ဓာတ်အားရသည့် စက်မှုဇုန်များတွင် ဒီဇယ်အင်ဂျင်သုံးမီးစက်များကို အဓိကထား အားပြုရသဖြင့် ကုန်ကျစရိတ်မြင့်တက်လာသည်၊ နိုင်ငံသားပိုင်စက်ရုံများက နည်းလမ်းရှာလည်ပတ်နေကြသည်ဟု ရန်ကုန်မြို့မှ ထိပ်သီးစက်မှုလုပ်ငန်းရှင် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“ကျွန်တော်တို့ဆီမှာတော့ မှေးပြီးတော့လုပ်တာပေါ့နော်။ ရသလောက်ပဲလုပ်နေတဲ့သဘောမျိုးပေါ့။ လုံးဝပိတ်သွားတာမျိုးက နိုင်ငံခြားသားလောက်ပဲရှိတယ်။ မြန်မာလူမျိုးလုပ်ငန်းရှင်ကတော့ မှေးပြီးတော့ လုပ်နေတာပေါ့။ (ပိတ်သွားတာတွေ) သီလဝါဘက်မှာ များတယ်။ ဒီဘက်မှာ (ရန်ကုန်မြို့စက်မှုဇုန်များ) နိုင်ငံခြားသားတွေကလည်း သည်းခံပြီးတော့လုပ်ကြပါတယ်” ဟု သူက ပြောသည်။
အာဏာသိမ်းပြီးနောက် ပိတ်သိမ်းသွားသည့် စက်ရုံအရေအတွက် အတိအကျသိနိုင်ရန် Myanmar Now က စုံစမ်းနေဆဲဖြစ်သည်။
စက်ရုံပိတ်သိမ်းသွားရသည်အထိ ဖြစ်ခဲ့သော အကြီးမားဆုံးအခက်အခဲမှာ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခံရမှုကြောင့်ဖြစ်သည်။ မီးစက်ကို အသုံးပြုနိုင်သော်လည်း ယင်းအတွက် လောင်စာဆီလိုအပ်သည်။ နိုင်ငံခြားငွေအကျပ်အတည်းကြုံနေသည့် စစ်ကောင်စီက လောင်စာဆီလုံလောက်စွာ တင်သွင်းရန် မစီမံနိုင်သဖြင့် ဆီပြတ်လပ်မှု မကြာခဏဖြစ်နေသည်။

စစ်ကောင်စီက နိုင်ငံခြားအရန်ငွေအကျပ်အတည်းကြောင့် ကုန်ကြမ်းတင်သွင်းမှုကန့်သတ်ထားရာ စက်ရုံလုပ်ငန်းများသည် ကုန်ကြမ်းပြတ်လပ်မှုလည်းကြုံနေရသည်။
downtime ဟု ခေါ်ကြသော စက်ချို့ယွင်း၍ အလုပ်ရပ်နားချိန်လည်း များလာသည်ဟု ထိုလုပ်ငန်းရှင်က ပြောသည်။
“ဒီဇယ်ဝယ်ပြီး လည်ပတ်ရတဲ့အတွက် ဈေးကြီးတယ်ပေါ့နော်။ နောက်တစ်ခုက စက်တွေပျက်တော့ ပြင်ရတယ်။ စက်တွေပြင်ရတဲ့အတွက် ကုန်ကျစရိတ်တွေရှိတယ်။ စက်တွေကလည်း ခဏခဏပြင်ရတဲ့ အခါကျတော့ downtime တွေ ဖြစ်တယ်” ဟု ထိုလုပ်ငန်းရှင်က ဆက်ပြောသည်။
ဓာတ်အားဆက်လက် နည်းပါးမည့် အခြေအနေ ရှိသဖြင့် သဘာဝဓာတ်ငွေ့ရည် (LNG) ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ပြီး ရန်ကုန်စက်မှုဇုန်များကို ဖြန့်ဝေပေးရန် ဟောင်ကောင်အခြေစိုက် Vpower နှင့် စက်မှုဇုန်လုပ်ငန်းရှင်များ ညှိနှိုင်းနေရာ မကြာမီ ဓာတ်အား ရနိုင်ကြောင်း ၎င်းက ပြောသည်။
ဓာတ်အားခဈေးနှုန်း၊ စတင်ဖြန့်ဖြူးပေးမည့်ရက်တို့ကို အတိအကျမပြောနိုင်သေးဟု ၎င်းက ပြောသည်။
စက်ရုံလုပ်ငန်းရှင်များသည် ဆိုလာစွမ်းအင် ခေါ် နေရောင်ခြည်စွမ်းအင်သုံးပြီး ဓာတ်အား ထုတ်လုပ် တပ်ဆင်အသုံးပြုလာကြသည်။
စက်ရုံလုပ်ငန်း လျှပ်စစ်ဓာတ်အား အသုံးပြုခမှာ တစ်ယူနစ်လျှင် ကျပ် ၄၀၀ သာ ကျသင့်နိုင်သော်လည်း မီးစက်အသုံးပြုရာတွင် တစ်ယူနစ်လျှင် ၁,၄၀၀ ကျော် ကုန်ကျသဖြင့် ကုန်ထုတ်လုပ်မှုစရိတ် ၃ ဆကျော်မြင့်တက်သွားကြောင်း ရန်ကုန်မြို့မှ အလုပ်သမားအရေးလှုပ်ရှားသည့် အမျိုးသားတစ်ဦးက ပြောသည်။
“အကျပ်အတည်းဆိုက်နေတာတော့အမှန်ပဲ။ ကျွန်တော်တို့ သိသလောက်ကတော့ လျှပ်စစ်မီးက ဒီအတိုင်းကြန့်ကြာနေမယ်၊ မရေရာဘူးဆိုရင်တော့ လုပ်ငန်းတချို့က ဒီမှာ ဆက်လက်ရပ်တည်ဖို့ အခက်ခဲရှိတယ်” ဟု ၎င်းက ဆိုသည်။
“တချို့ဆိုရင် (တရုတ်နယ်စပ်) ရွှေလီဘက်တွေမှာ စက်ရုံဖွင့်တာတို့၊ အဲ့ဒီဘက်ကို အလုပ်သမားတွေ ပြောင်းရွှေ့အလုပ်လုပ်ဖို့ပြင်ဆင်ကြတာတို့ အသံတွေထွက်တယ်”
ရန်ကုန်တိုင်းအတွင်းမှ တရုတ်အထည်ချုပ်စက်ရုံတချို့သည် ရွှေလီဘက်ပြောင်းရွှေ့ဖွင့်လှစ်နေကြောင်း၊ တရုတ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် မြန်မာနိုင်ငံသားအများအပြားလည်း ထိုစက်ရုံများ၌ ဝင်ရောက်အလုပ်အလုပ်ကိုင်ကြောင်း ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် သတင်းများထွက်ပေါ်ခဲ့သည်။
ပြည်ပမှ ကုန်ကြမ်းတင်သွင်းရသည့် စက်ရုံများသည် စစ်ကောင်စီ၏ သွင်းကုန်ကန့်သတ်မှုများကြောင့် အခက်အခဲဖြစ်ကာ ပိတ်သိမ်းသည့် စက်ရုံများစွာရှိကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များက ပြောသည်။
ဂျပန်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် လျှပ်စစ်မော်တာအပ်ချုပ်စက် တပ်ဆင်ထုတ်လုပ်သည့် စက်ရုံများ၊ တယ်လီဖုန်းနှင့် အီလက်ထရွန်နစ်ပစ္စည်း အစရှိသည့် ကုန်ကြမ်းသွင်းကာ ကုန်ချောပြန်ထုတ်သည့် စက်ရုံများ တရုတ်နိုင်ငံသို့ ပြောင်းရွှေ့သွားကြကြောင်း ရန်ကုန်မြို့မှ ရွှေလင်ဗန်းစက်မှုဇုန်ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြီးခဲ့သည့်နှစ်လယ်ပိုင်းတွင် Myanmar Now ကို ပြောထားသည်။
သို့သော် လုပ်သားအင်အားအခြေပြု အထည်ချုပ်လုပ်ငန်းများမှာ ကုန်ကြမ်းဆက်လက်ရရှိနေသေးသလို ပြည်ပမှ အမှာစာအော်ဒါများလည်းရှိနေသဖြင့် ရပ်တည်ရေးအဆင်ပြေနေကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အထည်ချုပ်လုပ်ငန်းတချို့ပင် မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လာကြောင်း သိရသည်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းတွင် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှာ လုပ်ငန်းရှင်များ အဓိကလုပ်ကိုင်နေပြီး ဥရောပသမဂ္ဂ၏ ကုန်သွယ်မှုဆိုင်ရာအထူးအခွင့်အရေး (Generalized System of Preferences – GSP) ဆက်လက်ရရှိနေခြင်း၊ တစ်ရက်လုပ်ခ ကျပ် ၆,၈၀၀ သာ ပေးရခြင်းတို့ကြောင့် ဓာတ်အားအခက်အခဲ ကြီးမားနေသော်လည်း ဆက်ရပ်တည်နေကြခြင်း ဖြစ်ကြောင်း အထက်ပါအလုပ်သမားအရေး လှုပ်ရှားသူက ပြောသည်။
ထိုလုပ်ငန်းများသည် သက်ဆိုင်ရာနိုင်ငံများ၊ အိမ်းနီးချင်းနိုင်ငံများသို့ ပြောင်းရွှေ့မည်ဆိုပါက မြန်မာနိုင်ငံထက် အလုပ်သမားစရိတ် ပိုမိုကုန်ကျနိုင်မည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားသဖြင် ရုတ်ချည်းပြောင်းရွှေ့ရန်ခက်ခဲခြင်း၊ စက်ရုံများပိတ်သိမ်းပါက အလုပ်သမား နစ်နာကြေး ပေးလျော်ရနိုင်ခြင်းတို့မှာလည်း ဆက်လက်ရပ်တည်နေရသည့် အကြောင်းရင်းများထဲတွင် ပါဝင်သည်ဟု သိရသည်။
“လုပ်ငန်းတွေပိတ်သိမ်းရေးကိုတော့ အလွယ်တကူမစဉ်းစားဘူး၊ သို့သော် ရောက်နေတဲ့အခြေအနေက ပိတ်သိမ်းလောက်တဲ့ အခြေအနေကို မရောက်သေးဘူးဆိုပေမယ့် လက်ရှိရင်ဆိုင်နေရတဲ့ အထွေထွေ အကျပ်အတည်းက တဖြည်းဖြည်းနက်ရှိုင်းလာမယ်ဆိုရင်တော့ လုပ်ငန်းတွေရပ်သွားနိုင်တဲ့သဘောလည်း ရှိနေပါတယ်” ဟု ၎င်းက ပြောသည်။
နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီသည် အရွယ်ရောက်ပြီးသူများကို စစ်သားသစ်အဖြစ် စုဆောင်းနေခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ဝင်ငွေနှင့် အသုံးစရိတ်မမျှတခြင်းတို့ကြောင့် လုပ်ငန်းခွင်ကို စွန့်ခွာသွားရသူများ ရှိသလို လစာပိုကောင်းသည့် ပြည်ပနိုင်ငံများသို့ ပြောင်းရွှေ့သွားကြသဖြင့် စက်ရုံများတွင် ကျွမ်းကျင်လုပ်သားရှားပါးလာနေသည်ဟု သိရသည်။
အကျပ်အတည်းများစွာရှိသော်လည်း အလုပ်သမားခနှင့် အခြားစရိတ်သက်သာမှုကြောင့် စက်ရုံများ ဆက်လက်လည်ပတ်နေကြောင်း၊ စစ်မှုထမ်းရမည်ကို စိုးရိမ်၍ အလုပ်ထွက်သူများလာကြောင်း ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်တွင် အလုပ်လုပ်နေသည့် စက်ရုံဝန်ထမ်း အမျိုးသားတစ်ဦးက ပြောသည်။
“စစ်မှုထမ်းကတော့ စက်မှုဇုန်တွေထိ ဖိအားပေးတာမျိုးတော့ မရှိသေးဘူး။ ဒါပေမယ့် မှောင်လာလို့ အလုပ်ထဲက ပြန်လာတာ လမ်းမှာတွေ့ရင်တော့ ပါသွားတာမျိုးတွေတော့ရှိတယ်” ဟု သူက ပြောသည်။
အထွေထွေအကျပ်အတည်းများကြောင့် စက်ရုံများ၏ ထုတ်လုပ်မှုစွမ်းအားကျဆင်းနေခြင်းသည် တိုင်းပြည်စီးပွားရေးနှင့် GDP ခေါ် အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးကို ထိခိုက်နိုင်ကြောင်း ရန်ကုန်မှ စက်မှုလုပ်ငန်းရှင်က ပြောသည်။
၂၀၂၄ ခုနှစ် ဧပြီ ၁၁ တွင် ထုတ်ပြန်သည့် ကုလသမဂ္ဂဖွံဖြိုးမှုအစီအစဉ် (UNDP) ၏ အစီရင်ခံစာတစ်ခုအရ စစ်တပ်အာဏာသိမ်းမှုသုံးနှစ်အတွင်း နိုင်ငံအနှံ့မလုံခြုံမှု၊ စစ်ရေးပဋိပက္ခနှင့် ဆင်းရဲမွဲတေမှုကြောင့် စီးပွားရေးအကျပ်အတည်းဆိုက်နေပြီး လူလတ်တန်းစား ၅၀ ရာခိုင်နှုန်း ပျောက်ဆုံးသွားသည်ဟု ဆိုထားသည်။