ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ( BGF) ခေါင်းဆောင်များဖြစ်သော ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူးကြီးစောမုတ်သုန်နှင့် ဗိုလ်မှူးစောတင်ဝင်း အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များမှာ မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ ကျားဖြန့် (ခေါ်) အွန်လိုင်းငွေလိမ်ဂိုဏ်းများ၏ အဓိကတာဝန်သူရှိများဖြစ်သောကြောင့် ဝရမ်းထုတ် ဖမ်းဆီးနိုင်ရန် စီစဉ်နေသည်ဟု ထိုင်းတရားရေးဝန်ကြီး Tawee Sodsong က ပြောဆိုကြောင်း ဖေဖော်ဝါရီ ၁၁ ရက်နေ့ ထိုင်းသတင်းများတွင် ရေးသားဖော်ပြထားသည်။
ထိုင်းအစိုးရ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) အရာရှိများက အဆိုပါ လူကုန်ကူးမှုများနှင့် ပတ်သက်၍ အစိုးရရှေ့နေများထံ ယနေ့ တင်ပြကြစဉ် ထိုသို့အတည်ပြုပေးခဲ့ခြင်းဖြစ်ပြီး
BGF ခေါင်းဆောင်များကို ဖမ်းဆီးရေး ဥပဒေရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု Thai Enquirer သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
အိမ်နီးချင်းနိုင်ငံများတွင် လှုပ်ရှားနေသော အဆိုပါဂိုဏ်းများကို ကိုင်တွယ်ဖြေရှင်းရန် ထိုင်းနိုင်ငံ၏ အတိုက်အခံပါတီဖြစ်သော Move Forward ပါတီ၏ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်၊ ထိုင်းလွှတ်တော်အမတ်လည်း ဖြစ်သူ Rangsiman Rome က ထိုင်းအစိုးရကို ပြင်းပြင်းထန်ထန် အရေးယူရန် တောင်းဆိုပြီး ၂ ရက်အကြာတွင် ထိုသို့ ဝရမ်းထုတ်ဖမ်းဆီးရန် ကြိုးပမ်းမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။
BGF သည် အဆိုပါဂိုဏ်းများကို နေရာငှားပြီး ရင်းနှီးမြှုပ်နှံစေခဲ့ရာ ထိုလုပ်ငန်းများသည် ထိုင်းလူမျိုး များနှင့် ကမ္ဘာတစ်ဝှမ်းလုံးကို ထိခိုက်နစ်နာစေသည်၊ လူများကို ကျွန်အဖြစ်သို့ ပြောင်းလဲစေခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
လူကုန်ကူးမှု၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ အတင်းအဓမ္မ ငွေလိမ်ရန် ခိုင်းမှုများဖြင့် မြ၀တီမြို့မြောက်ဘက် ရွှေကုက္ကိုမြို့သစ်နှင့် KK Park တို့သည် အမည်ဆိုးဖြင့်ကျော်ကြားနေရာ ထိုလုပ်ငန်းများကို BGF ထိပ်ပိုင်းခေါင်းဆောင်များက ထိန်းချုပ်အကာအကွယ်ပေးထားကြသည်။
စောချစ်သူကို ထိုင်းအစိုးရနှင့် တရားဥပဒေစိုးမိုးရေးတို့က ပြင်းထန်စွာ အရေးယူရန် အချိန်တန်ပြီ ဖြစ်သည်၊ ထိုင်းအစိုးရအနေဖြင့် စောချစ်သူကိစ္စကို တာဝန်ခံသင့်ကာ အလျင်အမြန်ဆောင်ရွက်သင့် သည်ဟု အတိုက်အခံ ပါတီခေါင်းဆောင်က ဆိုသည်။
ထိုင်းနိုင်ငံကို တဆင့်ခံအသုံးပြုကာ နယ်စပ်မှတဆင့် လူကုန်ကူးမှုများ လုပ်နေသည့် အဆိုပါ ကျားဖြန့် ငွေလိမ်ဂိုဏ်းများ အရေးအတွက် တရုတ်အစိုးရက ဖိအားပေးလျက်ရှိရာ ထိုင်းအစိုးရသည် ဖေဖော်ဝါရီ ၅ ရက်နေ့က ကရင်ပြည်နယ် မြ၀တီ၊ ဘုရားသုံးဆူမြို့နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းမှ တာချီလိတ်မြို့ စုစုပေါင်း နယ်စပ် ၃ မြို့တို့ကို ပေးထားသော လျှပ်စစ်မီးများ ဖြတ်တောက်၊ လောင်စာဆီ တင် သွင်းမှုများကို ကန့်သတ်၍ ထိုလုပ်ငန်းများ လျော့ပါးစေရေး ကြိုးပမ်းခဲ့သည်။
သို့ရာတွင် ထိုလုပ်ငန်းများ ဆက်လက်လည်ပတ်နေသည်ဟူသော သတင်းများ ထွက်ပေါ်လာပြီး စစ်ကောင်စီတပ်ကလည်း မြဝတီမြို့သို့ လောင်စာဆီသယ်ယူခွင့် ပိတ်ပင်ခဲ့သည်။

လစာကောင်းသည့်အလုပ်အကိုင်ရရှိမည်ဟူသော ကြော်ငြာကို ယုံစားမိပြီး နယ်စပ်ဒေသတွင် ဖမ်းဆီးနှိပ်စက် ကျွန်ပြုခံနေရသူတို့ နည်းအမျိုးမျိုးဖြင့် ပြန်လည်လွတ်မြောက်လာသည့် သတင်းများ ရံဖန်ရံခါ ထွက်ပေါ်လာတတ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျားဖြန့်လုပ်ငန်းမှ ထွက်ပြေးလွတ်မြောက်ပြီး နယ်စပ်ဖြတ်လာနိုင်ကြသူများထဲတွင် ကင်ညာနိုင်ငံသားတစ်ဦးလည်း ပါဝင်သည်။
အလားတူ နိုင်ငံခြားသားတစ်ဦးကို နှိပ်စက်နေသည့် ရုပ်သံဖိုင်လည်း ပေါ်ထွက်လာရာ မြဝတီမြို့နယ် ကျားဖြန့်လုပ်ငန်းတစ်ခုတွင် ကျွန်ပြုခံနေရသူဖြစ်သည်ဟု ယူဆနေကြသည်။
ထိုဖြစ်စဉ်များအပြီး ထိုင်းဘက်က BGF ခေါင်းဆောင်များကို ဖမ်း၀ရမ်းထုတ်ရန် စီစဉ်နေကြောင်း သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။
ကရင် BGF ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော် က BGF ခေါင်းဆောင်များသည် ထိုင်းနိုင်ငံသားများ မဟုတ်ကြသလို ထိုင်းနိုင်ငံအတွင်း၌လည်း မည်သည့် အပြစ်ကိုမျှ ကျူးလွန်လုပ်ဆောင်ထားသူများ မဟုတ်၍ ထိုင်းနိုင်ငံ၏ လက်ရှိ လုပ်ရပ်ကို နားမလည်နိုင်ကြောင်း Myanmar Now ကို ပြောသည်။
“ ကျွန်တော်သိချင်တာက ဘာအတွက်ကို ဖမ်းချင်တာလဲ။ ဘာကြောင့်ဖမ်းချင်တာလဲ။ ကျွန်တော်တို့ က ထိုင်းနိုင်ငံသားလည်းမဟုတ်၊ ထိုင်းနိုင်ငံထဲမှာ အပြစ်လုပ်ထားတာလည်းမဟုတ်တော့ အဲ့ဒီအပေါ် မှာ ကျွန်တော်တို့ တော်တော်နားမလည်တာ” ဟု ၎င်းက ယနေ့ညနေပိုင်းတွင် ပြောသည်။
လူမှောင်ခိုကူးမှုသည် ထိုင်းနိုင်ငံ အတွင်း အဆင့်ဆင့်ဖြတ်သန်းကာ ရောက်ရှိလာကြခြင်းသာဖြစ်သည် ဟု ပြောသည်။
“ကိုချစ်သူတို့အနေနဲ့၊ ကိုမုတ်သုန်တို့အနေနဲ့၊ ကိုတင်ဝင်းတို့အနေနဲ့က လူမှောင်ခိုကိစ္စကိုလုပ်တာလည်း တစ်ခုမှ မရှိဘူး။ အဲ့အတွက်ကို တော်တော်ကို နားမလည်ဘူး။ ဖမ်းဝရမ်းထုတ်တဲ့အပေါ်မှာတော့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်နေတဲ့အခါကြတော့ ကျွန်တော်တို့လည်း ထိုင်းနိုင်ငံကို ဘာမှ ပုန်ကန်ထားတာလည်း မရှိဘူး။ ထိုင်းနိုင်ငံအတွင်း ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ထားခြင်းလည်း မရှိဘူး” ဟု ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောသည်။
“ထိုင်းနိုင်ငံနဲ့ ကျွန်တော်တို့နဲ့က တကယ့်ညီအစ်ကိုသဖွယ် တစ်ဖက်နဲ့တစ်ဖက် နယ်စပ်ဖြတ်ကျော် မှုခင်းကိစ္စတွေကို အမြဲတမ်း ပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်။ ဒီအစိုးရ (ဝန်ကြီးချုပ် ပေထုန်တန်) လက်ထက်ကျမှ ဒီလိုမျိုးတွေ စွပ်စွဲခံရတော့ တော်တော်လေးကို စိတ်မကောင်းဖြစ်ရတယ်”
BGF အနေဖြင့် လတ်တလောအခြေအနေများအရ ကျားဖြန့်ပပျောက်နှိမ်နင်းရေးအထူးအဖွဲ့တစ်ခုကို အမြန်ဆုံးဖွဲ့စည်းသွားပြီး ကျားဖြန့်လုပ်ငန်းများကို အမြန်ဆုံးနှိမ်နင်းနိုင်ရေး အားစိုက်လုပ်ဆောင်နေ သည်ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီ ကျောထောက်နောက်ခံပေးထားသည့် စောချစ်သူ ဦးဆောင်သော BGF တပ်က အွန်လိုင်း ငွေလိမ်လုပ်ငန်းများ၊ လောင်းကစားအပါဝင် တရားမဝင် ရာဇဝတ်စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင် နေသည်ဟု Justice For Myanmar (JFM) က ၂၀၂၄ မေ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာ တွင် ဖော်ပြသည်။
BGFအဖွဲ့ဝင်များသည် ထိုင်း၊ တရုတ်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ စင်္ကာပူနိုင်ငံသားများအဖြစ် ခံယူထားသည့် ရာဇဝတ်သားများနှင့်အတူ စီးပွားရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင် လျက်ရှိနေပြီး ကမ္ဘာအနှံ့ကို ခြိမ်းခြောက်လျက်ရှိသည်။ ထိုရာဇဝတ်လုပ်ငန်းများကို စစ်ကောင်စီ၏ အထောက်အပံ့၊ အကာအကွယ်ဖြင့် လည်ပတ်နေသည်ဟုလည်း ဆိုသည်။
ထို့အတူ BGF အရာရှိများနှင့် မိသားစုဝင်များသည် မြန်မာနိုင်ငံသားများအပြင် ကမ္ဘာတစ်ဝန်းမှလူများ ကို ကျွန်ပြုခိုင်းစေခြင်းနှင့် နေရာအများအပြား အတိဒုက္ခပေး၍ ရရှိလာသော အကျိုးအမြတ်များဖြင့် ကြွယ်ဝချမ်းသာလာကြသည်ဟု JFM က ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
BGF ဗိုလ်မှူးကြီးစောမင်းမင်းဦးနှင့် ဗိုလ်မှူးစောတင်ဝင်း၊ ခေါင်းဆောင်ဖြစ်သူ စောချစ်သူတို့ကို ဗြိတိန် အစိုးရ က ၂၀၂၃ ဒီဇင်ဘာလက ဒဏ်ခတ်ပိတ်ဆို့ထားသည်။
စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့အနေဖြင့် နိုင်ငံ တကာနှင့်ပူးပေါင်းပြီး အဆိုပါဒုစရိုက်လုပ်ငန်းများနှိမ်နင်းရေး တက်ကြွစွာ ဆောင်ရွက်နေကြောင်း ဖေဖော်ဝါရီ ၈ ရက်နေ့က ပြောထားသည်။
“မြန်မာနိုင်ငံအစိုးရ အနေနဲ့ တရားမဝင် အွန်လိုင်း လောင်းကစား ငွေကြေးလိမ်လည်မှု ကျားဖြန့် ဒုစရိုက်လုပ်ငန်းများကို နိုင်ငံတကာနဲ့ပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်းဆောင်ရွက်လျက် ရှိပါတယ်”
ဖေဖော်ဝါရီ ၃ ရက်နေ့ အစည်းအဝေးတစ်ခုတွင် စစ်ကောင်စီဥက္ကဋ္ဌက တိုင်း၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ကျားဖြန့်ကို အကြောင်းပြုပြီး နိုင်ငံတွင် အခက်အခဲ များဖြစ်ပေါ်နေသည့်အတွက် ထိထိရောက်ရောက် အရေးယူမှုများဆောင်ရွက်ခဲ့ကြောင်း ပြောထားသည် ဟု ၎င်းက ဆိုသည်။
ထိုင်း-မြန်မာနယ်စပ်အနီး ရွှေကုက္ကိုနှင့် KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်း လောင်းကစားမှုတွေ ကျူးလွန်ရန် လူကုန်ကူးခြင်းခံရသည့် ၆၁ ဦးတို့ကို ဖော်ထုတ် ရရှိခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ထိုင်းဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောသည်။
တရုတ်နိုင်ငံသား ၃၉ ဦး၊ ကာဇက် စတန်နိုင်ငံသား ၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၅ ဦး၊ အီသီယိုပီးယားနိုင်ငံသား ၁ ဦး၊ ပါကစ္စတန် နိုင်ငံသား ၁ ဦး၊ မလေးရှား နိုင်ငံသား၁ ဦး၊ အိန္ဒိယနိုင်ငံသား ၁၃ ဦးတို့ ဖြစ်သည်ဟု ဆိုသည်။




