စီးပွားရေးသတင်း

ကျားဖြန့်မြို့တော် မြ၀တီကို ကုန်စည်သွင်းခွင့် အကြီးအကျယ်  ကန့်သတ် 

အွန်လိုင်းငွေလိမ်ဂိုဏ်းများ ခိုအောင်းရာ နယ်စပ် မြ၀တီမြို့ကို စစ်ကောင်စီနှင့် ထိုင်းအစိုးရက စွမ်းအင်ကုန်စည် ပိတ်ပင်ထားရာ လောင်စာဆီစျေး ၁၀ ဆခန့် တက်နေသည်။

ကျားဖြန့် (ခေါ်) အွန်လိုင်းငွေလိမ်ဂိုဏ်းများ ခိုအောင်းရာ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြ၀တီမြို့ကို ထိုင်းအစိုးရနှင့်၊ စစ်ကောင်စီက စက်သုံးဆီ တင်သွင်းခွင့် ကန့်သတ်ထားသည်ဟု  ဒေသခံများထံက သိရသည်။  

မြ၀တီမြို့ပေါ်တွင် Petro Seven စက်သုံးဆီဆိုင်တစ်ခုသာ ဒေသခံများကို အကန့်အသတ်နှင့် ရောင်းချပေးလျက်ရှိပြီး ကျန်ဆီဆိုင်များ ပိတ်ထားကြချိန်တွင် မော်တော်ယာဉ်အများအပြား   ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်သို့  ကူးသန်းကာ စက်သုံးဆီအဝယ်ထွက်နေရကြောင်း မြ၀တီမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ 

လတ်တလောတွင် မှောင်ခိုစျေးကွက်၌ ဓာတ်ဆီ ၁ လီတာကို ကျပ် ၄၀,၀၀၀ အထိ စျေးခေါ် ရောင်းချသူ တချို့ရှိနေသည်။ ရန်ကုန်ပေါက်စျေးမှာ ကျပ် ၃,၂၀၀ ခန့်သာ ဖြစ်သည်။

 မြ၀တီဒေသဝန်းကျင်ရှိ တရုတ်လုပ်ငန်းရှင်များသို့ ရောင်းချသော၊ လီတာ ၂၂၀ ဝန်းကျင်ဆံ့ ဆီပေပါ တစ်ပေပါ စျေးနှုန်းသည် ကျပ် ၂၆ သိန်းမှ  ၃၉ သိန်း (ဘတ် ၂ သောင်းမှ ၃ သောင်းဝန်းကျင်) အထိ စျေးပေါက်နေသည်ဟု သိရသည်။ 

“တရုတ်လုပ်ငန်းတွေဆီကို ရောင်းတဲ့ စျေးက တစ်မျိုးဖြစ်တာနေတာပေါ့။  အများစုက ဝယ်လို့ရတဲ့ ဆီကို ပြန်ထုတ်ရောင်းတဲ့ မှောင်ခိုစျေးကွက်ဖြစ်နေတယ်” ဟု ထိုမြို့ခံ အမျိုးသားက ဆိုသည်။ 

ထို့အပြင် ထိုင်းနိုင်ငံဘက်မှ တင်သွင်းရသော မီးဖိုဆောင်သုံး ဂက်စ်အိုး၊ ဆိုလာ နှင့် ဘတ်ထရီ အစရှိသည့် ကုန်စည်များကိုပါ ယခုရက်ပိုင်းအတွင်း၌   ကန့်သတ်လာပြီး စားသောက်ကုန် နှင့် လူသုံးကုန်ပစ္စည်းများကိုသာ တင်သွင်းခွင့်ပြုတော့သည်ဟု သိရသည်။ 

မီးဖိုချောင်သုံး ဂက်စ် 5KG အိုးတစ်လုံးသည်  ကျပ် ၂ သောင်းခွဲခန့်ရှိရာမှ ယခုရက်ပိုင်းအတွင်း ကျပ် ၄ သောင်းခွဲအထိ ဖြစ်လာသည်ဟု ထိုအမျိုးသားက ပြောသည်။

မြန်မာစစ်တပ်သည် ကရင်ပြည်နယ် ဘားအံမြို့ နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့တို့မှ မြ၀တီသို့ စက်သုံး ဆီသယ်ယူခွင့်ကို ယခုရက်ပိုင်းအတွင်းကန့်သတ်လာပြီး အိမ်စီးကားများပေါ်တွင် ဆီအပိုဆောင်ထား သော ပုံးများကို တွေ့ရှိပါက သိမ်းဆည်းသည်အထိ လုပ်ဆောင်သည်ဟု ကရင်ပြည်နယ်ကော့ကရိတ် မြို့အနီး နေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက Myanmar Now သို့ ပြောသည်။  

“အခုက မြ၀တီကို စက်သုံးဆီတင်သွင်းတာကို လေးဖက်လေးတန် ပိတ်ထားတယ်လို့ ပြောရမယ်။ စကစရော၊ BGF ရော၊ ထိုင်းဘက်ကရော အကုန်ပိတ်ထားပေါ့” ဟု သူက ဆိုသည်။ 

ထို့အပြင် ထိုင်း-မြန်မာနယ်စပ်မျဉ်းရှိ ကရင် BGF က ထိန်းချုပ်ထားသော တချို့​သော တရားမဝင် ဂိတ်များတွင် အရပ်သားအိမ်စီးကားများကို စက်သုံးဆီသယ်ယူခွင့် ကန့်သတ်ထားသော်လည်း ရွှေကုက္ကိုနှင့် KK Park ရှိ တရုတ်နိုင်ငံသားတို့၏ လုပ်ငန်းများအတွက် လိုအပ်သော စက်သုံးဆီကိုမူ BGF က သယ်ယူ ရောင်းချပေးနေလျက် ရှိသည်ဟု သူက ပြောဆိုသည်။ 

“ကားထဲတော့ ဆီအပြည့်ထည့်သယ်ခွင့်တော့ပေးတယ်၊ ရောင်းပေးတယ်ပေါ့။ ရွှေကုက္ကိုထဲကို ပေပါ တွေနဲ့ အများကြီး သယ်ပြီးဝင်လာလို့မရတော့ဘူး။ သူတို့တပ်ဖွဲ့ကားနဲ့တော့ သယ်ချင်သယ်မှာပေါ့၊ အရပ် သားကားနဲ့ကတော့ မရဘူး” ဟု သူက ဆိုသည်။ 

ထိုင်း-မြန်မာနယ်စပ်ဒေသများရှိ ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတို့၏ လုပ်ငန်းများအတွက် အထောက်အပံ့ဖြစ်စေမည့်  ဓာတ်အားပေးပို့နေခြင်းကို ထိုင်းအစိုးရက ရပ်ဆိုင်းလိုက်သည့်တိုင် ထိုရာဇဝတ်လုပ်ငန်းများ ဆက်လက်လည်ပတ်နေဆဲဖြစ်သည်။ 

မြဝတီ မြို့အနီး နှင့် ဝမ်ခ ဒေသရှိ ကျားဖြန့်လုပ်ငန်းအသေးစားများတွင်လည်း စက်သုံးဆီ ပြတ်တောက်မှု နှင့် ကုန်စျေးနှုန်းကြီးမြင့်လာမှုတို့က သက်ရောက်မှုရှိပြီး လုပ်ငန်းတချို့မှ ပိတ်သိမ်းလာသလို ဝန်ထမ်း များကို ထိုင်းနိုင်ငံသို့ ပြန်လွှတ်နေလျက်ရှိသည်ဟု အထက်ပါမြ၀တီမြို့ခံက Myanmar Now သို့ ပြော သည်။ 

သို့သော်လည်း ထိုအခြေအနေများကို Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။  

ထိုင်းအစိုးရ မြ၀တီမြို့ကို လျှပ်စစ်မီးဖြတ်တောက်လိုက်ပြီး ၃ ရက်အကြာ ဖေဖော်ဝါရီ ၈ ရက်နေ့ တွင် ကရင်ပြည်နယ် မြဝတီမြို့ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခု၌  နှိပ်စက်ညှဉ်းပန်း၊ အတင်း အဓမ္မအလုပ်စေခိုင်းခံရသော ကင်ညာနိုင်ငံသား အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးသည် ထိုင်းနိုင်ငံဘက်အခြမ်းသို့ ထွက်ပြေးလွတ်မြောက်လာသည်ဟု ထိုင်းအခြေစိုက်သတင်းဌာနများက ဖော်ပြကြသည်။

၎င်း၏ အဆိုအရ တရုတ်နိုင်ငံသားများ ဦးစီးလုပ်ကိုင်နေသော ထိုငွေလိမ်ဂိုဏ်းတွင် ၎င်းကဲ့သို့ နှိပ်စက်ခံရသူပေါင်း ၁၀၀၀ နီးပါးရှိပြီး ထိုအထဲတွင် ကင်ညာ၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အီသီယိုးပီးယား၊ ပါကစ္စတန် နှင့် သီရိလင်္ကာနိုင်ငံသားများ ပါဝင်သည်ဟု သိရသည်။ 

လူကုန်ကူးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အတင်းအဓမ္မခိုင်းစေခြင်း နှင့် လိမ်လည်လှည့်ဖျားခြင်း ကဲ့သို့ သော နာမည်ဆိုးများဖြင့် ကျော်ကြားသော ကျားဖြန့်လုပ်ငန်းများသည် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြ၀တီ၊ ရွှေကုက္ကို၊ KK Park ၊ ဝမ်ခ၊ မယ်ထော်သလေး နှင့် ကျောက်ခတ်ဒေသတို့ အခြေချကာ လုပ်ငန်းလုပ်ကိုင်နေကြသည်။ 

ထို့အပြင် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင်ရှိ ဘုရားသုံးဆူမြို့ နှင့် ရှမ်း ပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တို့တွင်လည်း တရုတ်ကျားဖြန့်လုပ်ငန်းများမှာ ခိုအောင်း လှုပ်ရှား နေလျက်ရှိသည်။ 

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းများ အခြေချရာ ဒေသများကို ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင် BGF၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) နှင့် ကရင် အမျိုးသားအစည်းအရုံး (KNU)တို့က ထိန်းချုပ်ထားကြသည်။ 

သို့သော်လည်း KNU၊ BGF နှင့် DKBA တို့သည် ကျားဖြန့်လုပ်ငန်းများသည် ၎င်းတို့နှင့် ပါဝင်ပတ်သက်မှု မရှိကြောင်း ငြင်းဆိုထားကြသည်။ 

ဘုရားသုံးဆူမြို့အတွင်း တရားမဝင် ဝင်ရောက်ကာ စားသောက်ကုန်ရောင်းချခြင်းလုပ်ငန်းများ၊ ကာစီနိုလောင်းကစားလုပ်ငန်းများ နှင့် ဂိမ်းရုံများကို လုပ်ကိုင်နေကြသော တရုတ်လူမျိုးများအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မတိုင်မီ မြို့မှ အမြန်ဆုံးထွက်ခွာကြရန် ထိုမြို့ကို အဓိကထိန်းချုပ်ထားသော DKBA ၏ အမှတ် ၂ အမှတ် (၂) စစ်နည်းဗျူဟာဌာန၏ ဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်းက ယမန်နေ့(ဖေဖော်ဝါရီ ၉)တွင် ထုတ်ပြန်ထားသည်။ 

Show More

Related Articles

Back to top button