ဆောင်းပါး

ဘုရားတစ်ဆူသာရှိသည့်အရပ်

တရုတ်နိုင်ငံသားများ၊ ကျားဖြန့်လုပ်ငန်းများ ရွှေ့သွားသည့် ဘုရားသုံးဆူမြို့တွင် လက်နက်ကိုင်အဖွဲ့မျိုးစုံ လှုပ်ရှားနေသော်လည်း မြို့ကို ထိန်းချုပ်ထားနိုင်သည်မှာ DKBA တပ်ဖွဲ့သာ ဖြစ်သည်။

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့အတွင်း တရုတ်ဘာသာဖြင့် ရေးသားထားသည့် လမ်းညွှန်ချက်များရှိရာ လမ်းမများတွင်  တရုတ်နိုင်ငံသားများနှင့် နေ့နေ့ညညစည်ကားနေပြီး ဟိုတယ်၊ တည်းခိုခန်းများလည်း လူပြည့်နေသည်။ 

တရုတ်နိုင်ငံသားလုပ်ငန်းရှင်တချို့ ဒေသတွင်းသတ္တုမိုင်းလုပ်ငန်းတွင် လုပ်ကိုင်နေသည်မှာ ကာလကြာပြီ ဖြစ်သည်။ ဒေသတွင်း ထပ်ရောက်လာသော တရုတ်များထဲတွင် ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူများ ပါဝင်နေသည်ဟု  ဒေသခံတစ်ဦးက ပြောသည်။

“အရင်ကတော့ မိုင်းတရုတ်ပဲ ရှိတာ၊ အခုဆိုရင် ကျားတရုတ်တွေပါ ရှိလာပြီ”ဟု သူက ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း တည်ရှိသည့်  မြို့ငယ်လေး ဖြစ်သော်လည်း  မြို့ပြဖွံ့ဖြိုးရေးခေါင်းစဉ် ဖြင့် အကောင်အထည်ဖော်နေသော အိမ်ယာစီမံကိန်းများကိုလည်း တွေ့နေရသည်။

၂၀၂၃ နှစ်ကုန်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့၏ မြို့သိမ်းတိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မှ ဆုတ်ခွာလာရသည့်  အွန်လိုင်းငွေလိမ်လုပ်ငန်းများမှာ  နိုင်ငံတောင်ပိုင်းသို့ အလုံးအရင်းဖြင့် အခြေချလာ ခဲ့သည်။ ဤသို့ဖြင့် စစ်ကောင်စီတပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာ မြဝတီ၊ ရွှေကုက္ကိုဒေသတွင် ငွေလိမ်ဂိုဏ်းများ ပိုမိုကြီးထွားလာခဲ့သည်။

BGFနှင့် စစ်တပ်တို့အကျိုးမြတ်ရနေသည့် မြဝတီ၊ ရွှေကုက္ကိုဒေသရှိ ငွေလိမ်ဂိုဏ်းများသည် နိုင်ငံတကာ ၏ အနီးကပ်စောင့်ကြည့်ခံမှုကြောင့်  ဘုရားသုံးဆူမြို့တွင် ခြေကုပ်ယူလာကြသည်၊ ဤမြို့တွင် စစ်ကောင်စီတပ် အပါအဝင် လက်နက်ကိုင်အဖွဲ့မျိုးစုံ လှုပ်ရှားနေကြသော်လည်း မြို့ကို ထိန်းချုပ်ထားနိုင်သည့်အဖွဲ့မှာ တစ်ဖွဲ့တည်းသာဖြစ်သည်ဟု  ဘုရားသုံးဆူရှိ ဒေသခံတို့က ဆိုသည်။

ဘုရားသုံးဆူမြို့အဝင်။ (ဓာတ်ပုံ-Myanmar Now)

တရုတ်နိုင်ငံသားများ ပိုမို ရောက်လာခြင်း

ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် BGF ကလည်း အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ လုပ်ကိုင်နေသူများ အောက်တိုဘာလကုန်တွင်း လာရာလမ်းအတိုင်းပြန်ကြရန် မေ ၃ တွင် သတိပေးချက်ထုတ်ပြန်ခဲ့သည်။ 

အဆိုပါသတိပေးချက်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း၊ လောင်းကစားအပါဝင် တရားမဝင် လုပ်ငန်းများတွင် BGFခေါင်းဆောင်များနှင့်မိသားစုဝင်များ ပါဝင်ဆက်နွှယ်နေပြီး အကျိုးအမြတ်ကို BGFခေါင်းဆောင်များ နှင့် စစ်တပ်က အကျိုးတူခွဲယူ ခံစားနေကြသည်ဟု နိုင်ငံတကာက ထောက်ပြလာပြီးနောက် ထွက်ပေါ်လာ ခြင်းလည်းဖြစ်သည်။​ 

ထိုင်းအာဏာပိုင်တို့ကလည်း မြဝတီ၊ ရွှေကုက္ကိုလ်ဒေသက အွန်လိုင်းလောင်းကစားနှင့် ငွေလိမ်လုပ်ငန်း များအတွက် မရှိမဖြစ်လိုအပ်သည့် အင်တာနက်လိုင်းကို  ဖြတ်တောက်ခဲ့သည်၊  အွန်လိုင်းငွေလိမ်ဂိုဏ်း များတွင် အသုံးပြုဖွယ်ရှိသည့် Starlink ဂြိုလ်တုဆက်သွယ်ရေးစက်များ နယ်စပ်ဖြတ်ကျော်မှု မရှိစေ ရန်လည်း  တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေသည်။ 

မြဝတီရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းတစ်ခု။  (ဓာတ်ပုံ-ပေးပို့)

BGF၏ သတိပေးချက်ကြောင့် မြဝတီ၊ ရွှေကုက္ကိုလ်ဒေသရှိ ငွေလိမ်ဂိုဏ်းနှင့် လောင်းကစားဝိုင်းများ၏ အနာဂတ်မှာ မရေမရာ ဖြစ်နေသော်လည်း အလုံးစုံပိတ်သိမ်းဖွယ်မရှိကြောင်း အွန်လိုင်းငွေလိမ်လုပ်ငန်း တွင် ဝန်ထမ်းအဖြစ် ပါဝင်လုပ်ကိုင်နေသူတစ်ဦးထံမှ သိရသည်။ 

“ပိတ်မယ့်ရုံလည်း ပိတ်မယ်လို့ပြောနေကြတယ်။ ရုံးသေးတွေကတော့ ပိတ်ရမယ်။ ရုံကြီးတွေကတော့   ဘယ်မှ မသွားရဘူး။ အခန်းထဲမှာနေ၊ တစ်လပေ့ါ။ အပြင်ထွက်လို့မရဘူးဆိုပေမယ့် စတိုခန်းတွေမှာက အစားအသောက် သိုလှောင်ပြီးသားထဲကနေ ကျွေးမှာပေ့ါ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အထက်ပါအမျိုးသားက ဆိုသည်။

“ရုံက တော်တော်များတယ်။ တချို့နာမည်မရှိတဲ့ရုံတွေတောင် ရှိတယ်။ တိုက်အသစ်တွေက ထပ်ဆောက် တော့ နာမည်က မျိုးစုံပေ့ါ”

ငွေလိမ်လုပ်ငန်းငယ်တချို့မှာ ရွှေကုက္ကိုလ်နှင့်မလှမ်းမကမ်းသို့  ရွှေ့ပြောင်းနေကြသည်ဟု ၎င်းက ဆက်ပြောသည်။ 

ရွှေကုက္ကိုလ်ဒေသရှိ ငွေလိမ်ဂိုဏ်းနှင့် လောင်းကစားဝိုင်းများ၏ နေရာတစ်ခု။ (ဓာတ်ပုံ-ပေးပို့) 

မြဝတီဒေသကဲ့သို့ပင် လက်နက်ကိုင်အဖွဲ့အများအပြားရှိသည့် ဘုရားသုံးဆူမြို့တွင်လည်း ဧပြီလကုန်မှ စ၍ မြဝတီမြို့ဘက်ကနေလာသည့် တရုတ်နိုင်ငံသားအများအပြား ရောက်လာကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အိမ်တွေလည်း လိုက်ငှားနေကြတာ။ တရုတ်အင်္ကျီဆိုင်တွေတောင် ရောက်နေပြီ”ဟု ၎င်းက ပြောသည်။

ရပ်ကွက်များတွင်  အိမ်ငှားခ ဘတ်ငါးထောင်မှ တစ်သောင်းကြားသာ ရှိခဲ့ရာမှ  ယခုနှစ်အတွင်း ငှားရမ်းသူ အလုံးအရင်းဝင်လာအပြီး ငှားခ လေးငါးဆ တက်လာသည်ဟု မြို့ခံအမျိုးသမီးက ဆိုသည်။

ဘုရားသုံးဆူ၌ အဆောက်ဦးတိုးချဲ့ဆောက်လုပ်မှုကို ထိုင်းနိုင်ငံ ဆန်ခလဘူရီခရိုင်နှင့် ထိစပ်နေသည်  နေရာများတွင် တွေ့နိုင်သည်ဟု ဒေသခံတို့က ပြောသည်​။

ဘုရားသုံးဆူမြို့ရှိ တစ်ခုတည်းသော အုပ်ချုပ်ရေး

မြို့တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တယား လည်ပတ်မှုမရှိတော့ကြောင်း၊  မြို့အဝင်တောင်ကုန်း၌ တပ်စွဲ ထားဆဲဖြစ်သော်လည်း အနှောက်အယှက်မပေးနိုင်တော့ကြောင်း အခြားနယ်ခံများထံမှ သိရသည်။

ဘုရားသုံးဆူမြို့မှာ  ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် BGF တို့၏တပ်များ အခြေစိုက်ရာမြို့ ဖြစ်သည်။

ထိုင်းနယ်စပ်စည်းပေါ်ရှိ  ဘုရားသုံးဆူမြို့နှင့် မိုင် ၄၀ နီးပါးအကွာ ထီးခိုင်ကျေးရွာကို ကျော်လိုက်သည်နှင့် ထိုဒေသ ထိန်းအုပ်ချုပ်သူ၏ အခြေအနေကို ပိုမိုရှင်းလင်းစွာမြင်လာမည်ဖြစ်သည်။

“ဒါက ဗိုလ်အေဝမ်း ပီလောပီနံစက်ရုံ၊ ဒါက ဗိုလ်အေဝမ်း စက်သုံးဆီဆိုင်၊ ဒါက ဗိုလ်အေဝမ်း ဆေးရုံ၊ ဒါက ဗိုလ်အေဝမ်းရဲ့ စတိုးဆိုင်၊ ဒါက ဗိုလ်အေဝမ်းရဲ့ အပန်းဖြေစခန်း၊ ဗိုလ်အေဝမ်း ကုန်တင်ယာဉ်” စသည့် ပုဂံဘုရားဖူးသကဲ့သို့ လက်ညိုးထိုးမလွဲသည့် ပိုင်ဆိုင်မှုများကို ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ လမ်းဘေးဝဲယာတစ်လျှောက် မြင်လာရသည်။

မြို့ထဲမဝင်ခင် ဖြတ်ရမည့် နောက်ဆုံးဂိတ်မှာ အဖွဲ့စုံဂိတ်ဖြစ်သည်။ ထိုဂိတ်တွင် ယခင်က စစ်တပ်၊ BGFနှင့် DKBA ပူးပေါင်းအထိုင်ချထားသည့် ဂိတ်ဖြစ်သော်လည်း လွန်ခဲ့သော တစ်နှစ်ကျော်မှစ၍ DKBA တစ်ဖွဲ့တည်းသာ ထိုင်တော့သည်။

သုံးဆူမြို့ရှိ DKBA သာထိုင်တော့သည့် ယခင် အဖွဲ့စုံ စစ်ဆေးရေးဂိတ်ကို ယခုနှစ် ဇူလိုင်လ အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)

စစ်တပ်မှာ ထိုဂိတ်၏ ဘယ်ဘက်အခြမ်းမှာ နဂါးတောင်ဟု ခေါ်သည့် ထီးထီးကြီးမြင်နေရသော တောင်ပေါ်တွင်သာ လှုပ်ရှားနိုင်တော့သည်ဟု မြို့ခံသတင်းရင်းမြစ် သုံးခုထက်မနည်းက ပြောသည်။

“သူတို့က တောင်အောက်ဆင်းမလာတာကြာပြီ၊ အရပ်ဝတ်တွေနဲ့ ရိက္ခာဝယ်တာတော့ရှိနိုင်တယ်၊ ယူနီဖောင်းနဲ့တော့ မတွေ့ဘူး၊ ဒီက (မြို့ဝင်ဂိတ်) ရတဲ့ အခွန်ငွေတွေကို DKBA က ၃၀ ရာခိုင်နှုန်း သူတို့ (စစ်ကောင်စီ) ကို အချိုးကျခွဲပေးတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့မှလာလျှင် ထီးခိုင်ကျေးရွာကျော်သည်နှင့် လမ်းပေါ်သွားလာနေသည့် ယာဉ်များထံမှ ကောက်ခံသည့် မည်သည့်အခွန်အခကိုမှ KNU က မရတော့ဟုလည်း ခရိုင်အဆင့် အရာရှိတစ်ဦးထံမှ Myanmar Now က သိရသည်။

ဘုရားသုံးဆူအဝင်ရှိ အတားအဆီးများချထားသော စစ်ဆေးရေးဂိတ်များ၌ ပုံမှန်သွားလာနေသည့် ယာဉ်ငယ်များမှာ မှန်ချမောင်းပါက အစစ်အဆေးမရှိသွားလာနိုင်သည်။  သို့သော် ထိုစစ်ဆေးရေးဂိတ် လေးခုစလုံး၏ ပစ်မှတ်မှာ ကားမှောင်ခိုသမားများနှင့် ထိုင်းနိုင်ငံမှတဆင့် မှောင်ခိုပစ္စည်းမျိုးစုံတင်သည့် ကုန်တင်ယာဉ်များ ဖြစ်သည်။ နယ်စပ်က ဝင်လာမည့် မှောင်ခိုသမားများထံမှ ကားတစ်စီးစာ အနည်းဆုံး ဘတ်တစ်ထောင်ကျော်မှစ၍ အခွန်ကောက်ခံကြသည်။

ထိုအခွန်အခများကို DKBA နှင့် စစ်ကောင်စီက အချိုးကျခွဲဝေယူကြခြင်းဖြစ်သည်။  

KNU သည် ခရစ်ယာန်ဘာသာဝင်များကို ဦးစားပေးကာ ဗုဒ္ဓဘာသာကရင်လူမျိုးများကို အရေးမပေးဟူ သည့် စွပ်စွဲချက်ဖြင့်  ဘာသာရေးကိစ္စကိုအကြောင်းပြုကာ ဗုဒ္ဓဘာသာဝင် KNU ခေါင်းဆောင်အချို့က KNU မှခွဲထွက်ကာ ၁၉၉၄ ခုနှစ်တွင် DKBA ကိုထူထောင်ခဲ့ကြခြင်းဖြစ်သည်။ KNU မှ DKBA ခွဲထွက်စဉ် DKBA တပ်ဖွဲ့ဝင်  အင်အား ၆,၀၀၀ ခန့်ရှိနိုင်သည်ဟု လေ့လာသူများက ခန့်မှန်းခဲ့သည်။ 

နာမည်ကျော် ဗိုလ်အေဝမ်း

ကြာအင်းဆိပ်ကြီး- ဘုရားသုံးဆူ လမ်းမပေါ်တွင်သာမက အခြားထိုင်းနယ်စပ်ထွက်ပေါက် တစ်ခု ဖြစ် သည့် ကျိုက်ဒုံ-ပိုင်ခလိုင် လမ်းတလျှောက်တွင်လည်း DKBA အဖွဲ့ကသာ အများစု ကြီးစိုးထားသည်။

ထိုဒေသ၏ DKBA အကြီးအကဲမှာ ဒေါနတောင်အနောက်ခြမ်းတစ်ခုလုံးနီးပါး လက်ညိုးထိုးမလွဲ ပိုင်ဆိုင်မှုများ ရှိနေသည့်၊  ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်၊ အမှတ် (၂) စစ်နည်းဗျူဟာဌာန၏ ဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်းဖြစ်သည်။

၂၀၂၂ ဩဂုတ်လက ပြုလုပ်သည့် ၇၂ နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနား တွင် တွေ့ရသည့်  ဗိုလ်မှူးကြီးစောအေဝမ်း။ (ဓာတ်ပုံ – KIC)

အသက် ၄၀ ဝန်းကျင်အရွယ် ဗိုလ်အေဝမ်းသည် DKBA အဖွဲ့ဝင်မဖြစ်ခင်က မူးယစ်ဆေးဝါး လုပ်ကိုင်ခဲ့သည်ဟု အကြောင်းသိသူဒေသခံများက ဆိုသည်။ အပေးအကမ်းလည်း ရက်ရောသည်ဟု စောအေဝမ်းထံမှ ကားနှစ်စီး မေတ္တာလက်ဆောင် ရဖူးသူနှင့် နီးစပ်သူတစ်ဦးက ဖွင့်ဟသည်။

“အဲဒီအချိန်ကတည်းက သူက မြင်းဆေးရောင်းပြီး ချမ်းသာပြီးသား၊ သူ့အပေါ် ကျေးဇူးရှိလို့ အကူအညီ သွားတောင်းရင် ရပ်ထားတဲ့ ကားတွေထဲက ကြိုက်တာယူသွားဆိုပြီးပေးတာ” ဟု သူက ပြောသည်။

မူးယစ်ဆေးရောင်းဝယ်သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး Myanmar Now က ဗိုလ်အေဝမ်းကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

တပ်ရင်း ၉ ရင်းဖြင့် ဖွဲ့ထားသည့်  DKBA  ကမူ ၎င်းတို့အဖွဲ့က အဖွဲ့ဝင်များ မူးယစ်ဆေးဝါးနှင့် ဆက်စပ်မှု မရှိရန် ရံဖန်ရံခါ ထုတ်ပြန်ချက် ထုတ်တတ်သည်။

ဇူလိုင် ၁၁ ရက်တွင်  DKBA သည် မြဝတီမြို့တွင် လည်ပတ်နေသော ဂိမ်းဆိုင်များပိတ်သိမ်းရန်၊ တပ်ဖွဲ့ ဝင်များ မူးယစ်ဆေး၊ လောင်းကစား တို့နှင့် မပတ်သက်ရန် အမိန့်ထုတ်ခဲ့သေးသည်။

စောအေဝမ်းသည် လက်နက်ကိုင်အဖွဲ့၏ အကာအကွယ်ကို ရယူရန်အတွက် DKBA  အဖွဲ့ထဲသို့ ဝင်ခဲ့ရာမှ   ပို၍ ချမ်းသာလာကာ လူသိများလာခဲ့သည်ဟု အကြောင်းသိသူတို့က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်တွင် ဗိုလ်အေဝမ်းသည် မူးယစ် ဆေးဝါးရောင်းဝယ်ဖြန့်ချိမှု  သံသယဖြင့် စစ်ဆေးခံရန် ဆင့်ခေါ်ခံခဲ့ရဖူးသည်။

ရှမ်းပြည်နယ် တောင်ကြီး-လွိုင်လင်ကားလမ်းပေါ်တွင် ၂၀၂၀ မေလက ကျပ် ၇၈ ဘီလီယံတန်ဖိုးရှိ ICE မူးယစ်ဆေး ၁,၆၁၅ ကီလိုနှင့် ဖမ်းမိသူများ၏ ထွက်ဆိုချက်ကြောင့် ဆင့်ခေါ်ခြင်းဖြစ်သည်။ သို့သော် ဗိုလ်အေဝမ်းမှာ စစ်ဆေးမှုခံယူခဲ့ခြင်းမရှိပေ။

သုံးဆူမြို့တွင်း သွားလာနေသည့် DKBA တပ်ဖွဲ့ဝင်တစ်ဦး။ (ဓာတ်ပုံ- Myanmar Now

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် ၎င်းတို့ ကြီးစိုးထားရာ ဘုရားသုံးဆူမြို့အတွင်း အခွန်အခများကို စစ်တပ်ထံ ခွဲဝေပေးနေသလို အာဏာရှင်စနစ်ဆန့်ကျင်သူများကိုလည်း ၎င်း၏ နယ်မြေ အတွင်းမှာ ဗိုလ်အေဝမ်းက ခိုလှုံခွင့်ပေးခဲ့သည်။ လက်နက်စွဲကိုင်တော်လှန်သူများကိုလည်း နယ်မြေကို အသုံးပြုခွင့်ပေးထားသည်မှာ ယနေ့တိုင်ဖြစ်သည်။

“ဗိုလ်အေဝမ်းက ဒီဘက်အဖွဲ့တွေ (တော်လှန်ရေးအင်အားစု) လိုချင်တာမှန်သမျှ အကြွေးနဲ့ ရောင်းပေး တယ်၊ အဆင်ပြေတဲ့အချိန်ပြန်ဆပ်၊ အလကားတော့ မပေးဘူး”ဟု တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

၎င်း၏ လက်အောက်ရှိ တပ်ဖွဲ့ဝင်များကိုလည်း ကိုယ်ပိုင်ဝင်ငွေများထဲမှ တစ်ဦးလျှင် ဘတ်ငွေ ၃,၀၀၀ လစဉ် ထောက်ပံ့ပေးထားသည်။

စစ်ကောင်စီတပ်ကမူ အာဏာသိမ်းမှုဆန့်ကျင်သူများကို ခိုလှုံခွင့်ပေးခြင်း၊ စစ်သင်တန်းပေးခြင်း၊ စစ်ဆင်ရေးများအတွင်း ထိန်းချုပ်နယ်မြေအပြင် DKBA တပ်ဖွဲ့ဝင်များပါ ပါဝင်တိုက်ခိုက်ခွင့် ပေးနေ ခြင်းကြောင့် ဗိုလ်အေဝမ်းကို မကြည်လှပေ။

ထို့ကြောင့်ပင် ဘုရားသုံးဆူမြို့၊ ကြိမ်ချောင်းရွာရှိ နေအိမ်ကို စစ်တပ်က ၂၀၂၃ ဇန်နဝါရီ ၂၁ ရက်တွင် ဗုံးကြဲရာ နှစ်ဦး ဒဏ်ရာရပြီး  နေအိမ်အဆောက်အဦ ပျက်စီးခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုအပြီး ပျက်စီးသွားသည့် ဗိုလ်မှူးကြီးစောအေဝမ်း၏ နေအိမ်။ (ဓာတ်ပုံ- ငွေမောင်းသံမီဒီယာ) 

နေအိမ်အပါအဝင် ဧည့်ရိပ်သာများ၊ အဆောက်အဦများကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပေါ်  လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ထိုစဉ်က ဗိုလ်မှူးကြီးစောအေဝမ်းက ပြောထားသည်။

လေကြောင်းတိုက်ခိုက်မှုအပြီး နှစ်ရက်အကြာတွင် တော်လှန်ရေးအင်အားစုက ဘုရားသုံးဆူမြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ စစ်ထောက်လှမ်းရေးရုံး၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ စည်ပင်သာယာရေးကော်မတီရုံးများကို  စီးနင်းတိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးခဲ့သည်။

ထိုအချိန်မှစ၍ ဘုရားသုံးဆူမြို့သည်   DKBA  ၏ ဩဇာလွှမ်းမိုးမှုအောက်သို့ လုံးလုံးလျားလျား ရောက်ခဲ့သည်။ 

KNU ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့် ပဒိုစောတောနီးက ဘုရားသုံးဆူမြို့တွင် ယင်းတို့၏ အုပ်ချုပ်ရေးစတင်နေပြီဟု ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ပြောဆိုပြီးရက်ပိုင်းအတွင်းမှာပင် ဘုရားသုံးဆူမြို့အတွင်း ကျန်နေသည့် စစ်ကောင်စီတပ်စခန်းမှလက်နက်ကိုင်များက  လူလုံးထွက်ပြ ခဲ့သည်။

“အဲဒီအချိန် (စစ်ကောင်စီဘုရားသုံးဆူတွင် လူလုံးထွက်ပြချိန်) ကဆို KNU အုပ်ချုပ်ရေးပိုင်းက လူကြီး တွေ အိမ်မှာမနေရဲလို့ ရှောင်နေရတယ်”ဟု ဘုရားသုံးဆူမြို့၊ ကရင်စုမှ ဒေသခံတစ်ဦးထံက သိရသည်။

ထို့အပြင် KNUနှင့် ပူးပေါင်းအဖွဲ့  စစ်ရေးလှုပ်ရှားမှုများရှိသည်ဆိုသော်လည်း အကန့်အသတ်နှင့်သာရှိ ကြောင်း ဒေသခံတို့က ပြောသည်။

စစ်ကောင်စီတပ်သားတချို့ နယ်စပ်ဂိတ်တွင်  DKBA နှင့် ပူးပေါင်းနေရာယူထားပြီး အများစုမှာ  

ဥဒေါင်းကန်တစ်ဖက်ရှိ စခန်းတွင်သာ ရှိတော့သည်။ စစ်သားများ မြို့တွင်း သွားလာလိုပါက အရပ်ဝတ် ဖြင့် သွားလာနိုင်သည်ကို Myanmar Now က တွေ့ရှိရသည်။

၂၀၂၀ အတွင်း အခမ်းအနားတစ်ခုတွင် တွေ့ရသော DKBA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- KIC) 

တရုတ်တို့အတွက် လုံခြုံမှု

ဘုရားသုံးဆူတွင် ဗိုလ်အေဝမ်း ဩဇာပိုကြီးလာစေမည့်အကြောင်းတစ်ခုမှာ KNU တပ်မဟာ (၆) ၏ အဓိက ဝင်ငွေရလမ်းဖြစ်သည့် မဲ့ကသာသတ္တုမိုင်းတွင်းကို ၂၀၂၂ ခုနှစ် နိုဝင်ဘာတွင် စစ်ကောင်စီ ဗုံးကြဲလိုက်ခြင်းနှင့်လည်း သက်ဆိုင်ကြောင်း ဒေသခံတို့က ဆိုသည်။

တရုတ်နိုင်ငံသားတချို့ သေဆုံးခဲ့ရသည့် ထိုဖြစ်ရပ်ကြောင့် သတ္တုမိုင်းတွင်းမှ တရုတ်နိုင်ငံသားများက   ပိုမိုလုံခြုံမည့် ရပ်ကွက်ကျေးရွာများကို ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်။

လွန်ခဲ့သည့် ၂ နှစ်ဝန်းကျင်ကတည်း ဘုရားသုံးဆူမြို့ မိုင်းတူးဖော်ရေးလုပ်ငန်းခွင်များကို တရုတ်နိုင်ငံ သားများ ပိုမ်ိုပြောင်းရွှေ့လာသော်လည်း ယမန်နှစ်ဆန်းပိုင်းတွင်  ငွေလိမ်းဂိုဏ်များပါ စတင်အခြေချ လာခြင်းဖြစ်သည်။

တရုတ်အများအပြားသည် တစ်ရက် ဘတ် ၇၀၀ နှင့်အထက် ပေးရသည့်  မြို့ပေါ်ရှိ ဟိုတယ်၊ တည်းခို ခန်းများကို လချုပ်စနစ်ဖြင့် ငှားရမ်းနေထိုင်ကြသည်။

“အခုဆိုရင် တည်းခိုခန်းတွေက မြန်မာဆိုရင် ညအိပ်ညနေ မငှားဘူး၊ ဆက်ရှင်ပဲ (အချိန်ပိုင်းပဲ) ငှား တော့တယ်” ဟု ဘုရားသုံးဆူ ဒေသခံတစ်ဦးက ဆိုသည်။

ဘုရားသုံးဆူ၏ မြို့တွင်း လမ်းမများနှင့် အချက်အချာကျသည့် ဥဒေါင်းကန်နံဘေးရှိ စားသောက်ဆိုင် တို့တွင် တရုတ်အများအပြား စားသောက်ပျော်ပါးနေသည်ကို Myanmar Now က မြင်တွေ့ခဲ့ရသည်။

ဘုရားသုံးဆူမြို့တွင််း KTV တစ်ခုကို ဇူလိုင်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- ပေးပို့)

DKBA တပ်ဖွဲ့များ စောင့်ကြပ်နေသည့် KTV နှင့် တွဲဖွင့်ထားသော Hi ခန်း ဟုခေါ်သည့် မူးယစ်ဆေး သုံးကြသည့်နေရာများတွင်လည်း တရုတ်တို့ ခြေချလေ့ရှိကြောင်း သိရသည်။

အချိန်ပိုင်းပျော်ပါးလျှင် တစ်ကြိမ်ကို ဘတ် ၅၀၀ မှ ၈၀၀ အကြား ပေးရသည့် အပျော်မယ်များနှင့် ပျော်ပါးနိုင်ရန် မြန်မာများ ချင့်ချိန်နေချိန်တွင် ကျားတရုတ်များက တစ်ညလျှင် ဘတ်တစ်သောင်း ပေးရသည့် အပျော်မယ်များကို ငှားရမ်းနေနိုင်သည်ဟု Myanmar Now က စုံစမ်းသိရသည်။

ဘုရားသုံးဆူသို့ အလုံးအရင်းဝင်ရောက်လာသည့် တရုတ်များကို KNU ကလည်း  လက်ပိုက် ကြည့်နေရသည်ဟု ဘုရားသုံးဆူ KNU အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူက ပြောသည်။

“အကြောင်းတစုံတရာဖြစ်လို့ တရုတ်တွေကို ဖမ်းထားလည်း DKBA က လာပြန်ထုတ်တယ်။ ဖမ်းလိုက် သူတို့က လာထုတ်လိုက်ဆိုတော့ နောက်ပိုင်း တရုတ်ဆို မဖမ်းတော့ဘူး” ဟု သူက ပြောသည်။

“သူတို့က မြန်မာမှတ်ပုံတင်တွေလည်း ရှိကြတယ်” 

သုံးဆူမြို့အတွင်း တွေ့ရသည့် တရုတ်နိုင်ငံသားတချို့။ (ဓာတ်ပုံ-Myanmar Now) 

၂၀၂၃ နှစ်ဆန်းပိုင်းတွင် စစ်ကောင်စီ အုပ်ချုပ်ရေးဆိုင်ရာရုံးများကို ရှင်းလင်းပြီးချိန်တွင်  ဗိုလ်အေဝမ်း က KNU နှင့် ပူးပေါင်းကာ မြို့အတွင်းရှိ BGF အကြီးအကဲအချို့ကို ဖမ်းဆီးထိန်းသိမ်းခြင်း၊  BGF မှ ထွက်ရန် ဖိအားပေးခြင်း ဆက်တိုက်ပြုလုပ်ကာ ယင်း၏ အင်ပါယာကို အဆုံးထိ ချဲ့ထွင်ခဲ့သည်။

ယခုနှစ် မေလအတွင်းတွင် ဥဒေါင်းကန် (၈)လမ်းရှိ BGF လက်ကျန်များကို ဗိုလ်အေဝမ်းနှင့် KNU   သွားရောက်ရှင်းလင်းရာမှ ကြီးမားသည့်ပေါက်ကွဲမှု ဖြစ်ပွားကာ DKBA, KNU နှင့် BGF တပ်ဖွဲ့ဝင် ၂၀ နီးပါး ထိခိုက်သေဆုံးခဲ့သည်။ ထွက်ပြေးသည့် BGF အဖွဲ့များကို ဗိုလ်အေဝမ်းနှင့် အဖွဲ့က ဖမ်းဆီးကာ လက်နက်ဖြုတ်သိမ်းခဲ့သည်။

ယခုအချိန်တွင်လည်း ဘုရားသုံးဆူတွင် KNU တပ်ရင်း (၁၆) မှ တပ်ခွဲတစ်ခု ရှိနေသော်လည်း ဗိုလ်အေဝမ်း၏ DKBA အဖွဲ့ကသာ မြို့၏လုံခြုံရေးကို တပ်ဖြန့်တာဝန်ယူထားသည်။ ယင်းတပ်ဖွဲ့ဝင်တို့ သည် ဘုရားသုံးဆူမြို့၏ ညအချိန်တွင် သောက်စားကခုန်နေသည့် တရုတ်များကိုလည်း အပြည့်အဝ ကာကွယ်မှု ပေးထားသည်။

တရုတ်များအတွက် ဇိမ်ခံနေထိုင်နိုင်သည့် အထူးနေရာတစ်ခုကိုလည်း ဗိုလ်အေဝမ်းက ဖန်တီးထားနှင့်ပြီး ဖြစ်သည်။

ဘုရားသုံးဆူမြို့နှင့် ၁၀ မိုင်ခန့်ကွာဝေးမည့် သဘာဝရေတံခွန်အပန်းဖြေစခန်းသည် တရုတ်များ ကာလရှည် စတည်းချရာနေရာတစ်ခုဖြစ်သည်။ မဲ့ကသာချောင်းနံဘေး ကြီးမားကျယ်ပြန့်သည့် ဧရိယာ အတွင်းရှိ ဘန်ဂလိုအခန်းအားလုံးကို တရုတ်များက ကာလရှည်စာချုပ်ဖြင့် ငှားရမ်းနေထိုင်ကြကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။

ဘုရားသုံးဆူမြို့နှင့် ၁၀ မိုင်ခန့်ကွာဝေးမည့် သဘာဝရေတံခွန်အပန်းဖြေစခန်း။ (ဓာတ်ပုံ- Myanmar Now)

ထပ်မံတိုးပွားလာနိုင်မည့် တရုတ်များအတွက်လည်း DKBA အကြီးအကဲထံတွင် အစီအစဉ် ရှိနေသည်။

ဘုရားသုံးဆူမြို့နှင့် မိုင် ၂၀ ခန့်အကွာတွင် နောက်ထပ် အိမ်ယာစီမံကိန်းတစ်ခုကို အကောင်အထည် ဖော်နေသည်ဟု သတင်းများထွက်ပေါ်နေသည်။ Myanmar Now က မေးမြန်းသည့် ယုံကြည်ရသော သတင်းရင်းမြစ် နှစ်ခု၏အဆိုအရ အဆိုပါနေရာတွင် လမ်းခင်းသည့်လုပ်ငန်းများ စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။ အဆိုပါနေရာကို ဗိုလ်အေဝမ်း ထီးရိပ်အောက်တွင်ရှိနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ကပါ လုံခြုံရေးယူပေးနေရသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

“အဲဒီနေရာမှာ ရဲဘော်အဟောင်းရော၊ အသစ်ရော၊ ဖုန်းတွေအားလုံးသိမ်းထားတယ်” ဟု သတင်းရင်းမြစ် တစ်ဦးက ဆိုသည်။

ဗိုလ်အေဝမ်း၏ ဩဇာအောက်တွင်ရှိနေသည့် ဘုရားသုံးဆူမြို့တွင် ဈေးပေါပေါနှင့် အလွယ်တကူ ရနိုင်သည့် ဘိန်းစာရွက်ပြုတ်ရည်(ဒေသအခေါ် အပြုတ်ရည်) မှစ၍ မူးယစ်ဆေးဝါးမျိုးစုံကို မြို့တွင်း အလွယ်တကူရနိုင်သည်။ တရုတ်စာလမ်းညွှန်ချက်များရှိနေသည့် လမ်းမများပေါ်တွင် မျက်စိဒေါက် ထောက် စောင့်ကြည့်နေသူတို့ရှိရာ ကာစီနိုရုံများ၊ ဂိမ်းရုံများကိုလည်း Myanmar Now က မြင်တွေ့ခဲ့ ရသည်။

မြို့အရှေ့ဘက် ဓမ္မဂီရိတောင်ခြေတဝိုက်နှင့် မြို့တွင်းရှိ  BGF, DKBA တို့နှင့် ဆက်စပ်သည့်နေရာများ တွင် အဆောက်အဦသစ်များ ဆောက်လုပ်နေကြောင်း၊ ထိုနေရာများကို  မြို့ဖွံ့ဖြိုးရေးခေါင်းစဉ်အောက် ၁၀ နှစ်ကြာစီမံကိန်းဟု အကြောင်းပြထားကြောင်း ဒေသခံတို့က ဆိုသည်။ 

“အဆောက်အဦတွေ ထပ်တိုးချဲ့နေတာ၊ သုံးထပ်တိုက်တွေ ထပ်ဆောက်နေတာရှိတယ်။ မြဝတီမှာလို မြို့စွန့်မှာ သီးသန့်ဇုန်လိုမျိုး လုပ်နေတာတော့ မဟုတ်ဘူး။ မြို့ထဲမှာပဲ ထပ်တိုးဆောက်နေကြတာ”ဟု နယ်ခံအမျိုးသားတစ်ဦးက ပြောသည်။ 

Show More

Related Articles

Back to top button