သတင်း

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့လယ်ရှိ ဌာနဆိုင်ရာရုံးများ မီးရှို့ခံရ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့လယ်တွင် စစ်ထောက်လှမ်းရေးရုံး အပါအဝင် ရုံးတချို့ ယမန်နေ့ (ဇန်နဝါရီ ၂၃) ညက မီးရှို့ခံရပြီး ပြာကျသွားကြောင်း သိရသည်။

ည ၈ နာရီခန့်တွင် သေနတ်ပစ်ခတ်သံများ ကြားလိုက်ရပြီးနောက် မြို့လယ်ရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ရုံး (စရဖ)၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ လူဝင်မှုကြီးကြပ်ရေးဌာနရုံး (လဝက)၊ စည်ပင်သာယာရုံးတို့ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု ဘုရားသုံးဆူမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“မီးလောင်တဲ့နေရာတွေတော့ အကုန်ပြာကျသွားပြီ။ ထွေအုပ်ရုံးနဲ့ ဆက်နေတဲ့ ဆိုင်ခန်း ၆ ခန်း၊ ၇ ခန်းလောက် ရှိတယ်။ ဖုန်းဆိုင်တွေရော ဘာတွေရော အကုန်လုံး မီးထဲပါသွားပြီ” ဟု သူက ဆိုသည်။

ထိုသို့ တိုက်ခိုက်ခြင်းမှာ စစ်ကောင်စီယန္တရား ရပ်တန့်သွားစေရန်၊ ဝန်ထမ်းများ CDM ပြုလုပ်ကြရန် နောက်ဆုံးအကြိမ်အဖြစ် သတိပေးခြင်းဖြစ်ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ ဒေသအခြေစိုက် KIC သတင်းဌာန သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

မြို့ခံများက ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ယူဆနေကြကြောင်း၊ မြို့တွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း Myanmar Now ၏ ဒေသခံသတင်းရင်းမြစ်တချို့က ပြောသည်။

KNU ၏ ပြောရေးဆိုခွင့်သူ ပဒိုစောတောနီးကို ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန်ဖြေဆိုချက် မရသေးပေ။

မီးလောင်ခဲ့သည့် စရဖရုံးနှင့် လဝကရုံးသည် ဘုရားသုံးဆူမြို့မဈေးရှေ့တွင် ရှိပြီး ထွေအုပ်ရုံးနှင့် စည်ပင်ရုံးသည် ဘုရားသုံးဆူမြို့ ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ စစ်တပ်အခြေစိုက်ရာ တပ်စခန်း၏ ရှေ့တည့်တည့်တွင် ရှိကြောင်း သိရသည်။

ယနေ့ (ဇန်နဝါရီ ၂၄) မွန်းလွဲအထိ ဘုရားသုံးဆူမြို့ပေါ်တွင် ဈေးဆိုင်များပိတ်ထားကာ စစ်တပ်က ကင်းလှည့်နေကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“မနက်ပိုင်းတော့ ဈေးဆိုင်တွေတော့ ပုံမှန်လို မဖွင့်ဘူး။ အသွားအလာက ခါတိုင်းလိုတော့ မဟုတ်ဘူး။ နည်းနည်းပါးတာပေါ့။ အကုန်လုံးက သတိနဲ့ သွားနေကြတာပေါ့” ဟု သူက ဆိုသည်။

ဘုရားသုံးဆူမြို့တွင် မီးလောင်ပြာကျသွားသော စစ်ကောင်စီလက်အောက်ခံ ရုံးတစ်ရုံး။ (ဓာတ်ပုံ -Supplied)

KNU ၏ တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင်အတွင်းရှိသည့် အဆိုပါဒေသတွင် စစ်ကောင်စီတပ်အပြင် KNU တပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ဒီမိုကရက်တစ်ကရင့်အကျိုးပြုတပ်မတော် (DKBA) လည်း လှုပ်ရှားနေသည်။ 

ဇန်နဝါရီ ၂၁ တွင်လည်း ဘုရားသုံးဆူမြို့အနီးရှိ DKBA စစ်နည်းဗျူဟာမှ ဗိုလ်မှူးကြီးစောအေဝမ်း၏ နေအိမ်ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုဖြစ်ပွားထားသည်။

ဗုံးကြဲတိုက်ခိုက်ခံရသူ ဗိုလ်မှူးကြီးစောအေဝမ်းသည် လူတိုင်းနှင့် သင့်တင့်အောင် ပေါင်းသင်းတတ်သူဖြစ်ပြီး စစ်ကောင်စီတပ်မှ အရာရှိတော်တော်များများဖြင့် တွဲသွားတွဲလာ ဆက်ဆံခြင်းမျိုးကို တွေ့ရလေ့ရှိသလို ဘုရားသုံးဆူဒေသတစ်ဝိုက်တွင် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်သူဖြစ်သည်ဟု သိရသည်။

ထိုတိုက်ခိုက်မှုအပြီး ဒေသအတွင်း ပစ်ခတ်မှုများဖြစ်ပေါ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြစဉ် မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံရုံးများ တစ်ပြိုင်နက် တိုက်ခိုက်ခံရခြင်းဖြစ်ရာ ထိုတိုက်ခိုက်မှု နှစ်ခု ဆက်စပ်ခြင်း ရှိမရှိ အတည်မပြုနိုင်သေးပေ။ 

မြို့ပေါ်ရုံးများ မီးရှို့ခံရပြီးနောက် ကြာအင်းဆိပ်ကြီးဘက်မှ စစ်ကောင်စီတပ်တချို့ ယနေ့ စစ်ကြောင်းထိုးလာရာ စောနယ်ဒါးမြဦးဆောင်သော ကော်သူးလေးအာမီလက်အောက်ခံ Lion Battalion Commando စစ်ကြောင်းက ကျုံဒိုး-ညောင်ရိပ်သာဒေသတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ ဖြစ်ပွားနေသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဘုရားသုံးဆူမြို့အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲများ မကြာခဏဆိုသလို ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်ကလည်း ဘုရားသုံးဆူမြို့အနီးရှိ သပြုသတ္တုမိုင်း၊ မက္ကသာဘုန်းကြီးကျောင်း စသည့်နေရာများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဘုရားသုံးဆူရှိ ရုံးအချို့ မီးရှို့ဖျက်ဆီးခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button